သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွဲထွက်ရေး ပြန်ဆွေးနွေးဖို့ Catalan ခေါင်းဆောင်ဟောင်းတိုက်တွန်း


 ပြန်လွတ်လာတဲ့ ကက်တလိုးနီးယား ခေါင်းဆောင် Puigdemont (အလယ်)
ပြန်လွတ်လာတဲ့ ကက်တလိုးနီးယား ခေါင်းဆောင် Puigdemont (အလယ်)

စပိန်အစိုးရအနေနဲ့ ကက်တလိုးနီးယားဒေသ ခွဲထွက်ဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေ ပြန်စဖို့ ကက်တလိုးနီးယား ခေါင်းဆောင်ဟောင်း Carles Puigdemont က တိုက်တွန်းလိုက်ပါတယ်။ Neumuenster နွယ်မွန့်စတား မြို့ အကျဉ်းထောင်မှာ ၂ ပတ်ကြာ ထိန်းသိမ်းခံရပြီးနောက် ပြန်လွတ်လာတဲ့ Puigdemont က ဂျာမနီနိုင်ငံ ဘာလင်မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို တိုက်တွန်းလိုက်တာပါ။

နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖို့ဟာ အပြန်အလှန်လေးစားမှုအပေါ်မှာ မူတည်ပြီး ဒါဟာ ဥရောပက မျှော်လင့်တာ ဖြစ်သလို ကက်တလန်လူထုကလည်း တောင်းဆိုနေတာပါ။ ဒီလိုလုပ်ဖို့ဟာ ကက်တလန်စီးပွါးရေး၊ လူမှုအသိုင်းအဝိုင်းနဲ့ ယဉ်ကျေးမှု ဆိုင်ရာလိုအပ်ချက်ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

စပိန်ကနေ လွန်ခဲ့တဲ့နှစ်အောက်တိုဘာလကတည်းက ထွက်ခွါလာခဲ့တဲ့ Puigdemont ဟာ ဖင်လန်ကနေ ဘယ်လ်ဂျီယံကိုအသွား ဂျာမနီမှာ အဖမ်းခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်အတွင်းမှာပဲ စပိန်နိုင်ငံက ခွဲထွက်ဖို့နဲ့ ပတ်သက်ပြီး ကက်တလန်ဒေသမှာ လူထုဆန္ဒခံယူပွဲ ကျင်းပပြီးတဲ့နောက် အနိုင်ရတာကြောင့် ကက်တလိုးနီးယားကို လွတ်လပ်တဲ့ နိုင်ငံအဖြစ် ကြေညာဖို့ Puigdemont ဆောင်ရွက်ခဲ့တယ်လို့ စပိန်အစိုးရက စွပ်စွဲထားပြီး ဒီလူထုဆန္ဒခံယူပွဲဟာ တရားမဝင်ဘူးဆိုပြီးတော့လည်း ပြောထားပါတယ်။ ဒါ့အပြင် Puigdemont ကို ရန်ပုံငွေ အလွှဲသုံးစားလုပ်တယ် ဆိုပြီးတော့လည်း စွပ်စွဲပါတယ်။

ဂျာမနီတရားရုံးက သူ့ကို စပိန်ပြန်ပို့ဖို့နဲ့ ပတ်သက်ပြီး ယတိပြတ် မဆုံးဖြတ်သေးခင်မှာ Puigdemont ကို အာမခံနဲ့ တရားရုံးက ပြန်လွှတ်ပေးထားတာပါ။ ကက်တလိုးနီးယားဒေသ ခွဲထွက်ဖို့နဲ့ ပတ်သက်ပြီး စပိန်ပြန်ပို့ဖို့ အကြောင်းမလုံလောက်ပေမယ့်လည်း ကက်တလိုးနီးယားဒေသ ခွဲထွက်ဖို့နဲ့ ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲအတွက် သုံးစွဲဖို့ ရန်ပုံငွေ အလွှဲသုံးစာမှုနဲ့တော့ သူ့ကို ပြန်ပို့နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG