သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးအရေး မြန်မာထိပ်တန်းတင်ဖို့ ကန်အထူးသံ Russell လိုလား


 နိုင်ငံတကာ အမျိုးသမီးရေးရာ အမေရိကန် အထူးသံအမတ်ကြီး Catherine Russell
နိုင်ငံတကာ အမျိုးသမီးရေးရာ အမေရိကန် အထူးသံအမတ်ကြီး Catherine Russell

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတကာ အမျိုးသမီးရေးရာ အမေရိကန် အထူးသံအမတ်ကြီး Catherine Russell က မြန်မာနိုင်ငံက အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ အမြန်ဆုံး ဖြေရှင်းကိုင်တွယ်သင့်တဲ့ ကိစ္စတခုဖြစ်တယ်လို့ ခရီးစဉ်မတိုင်ခင် ပြောကြားခဲ့ပါတယ်။

မေလ ၁၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ သူ့ရဲ့ခရီးစဉ်တွင်းမှာ မြန်မာအစိုးရ အရာရှိတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ရှိပြီး၊ မြန်မာနိုင်ငံတွင်း အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ၊ အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ဆွေးနွေးဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

နိုင်ငံတကာ အမျိုးသမီးရေးရာ အမေရိကန် အထူးသံအမတ်ကြီး Catherine Russell ဟာ ဒီလ ၁၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ရာမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ ပါဝင်မှု အခန်းကဏ္ဍဟာ အရေးပါလှသလို၊ မြန်မာနိုင်ငံက အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ အမြန်ဆုံး ဖြေရှင်းကိုင်တွယ်သင့်တဲ့ ကိစ္စတခု ဖြစ်တာကြောင့် ဒီလို အခြေအနေတွေကို သူ့ခရီးစဉ်တွင်း ဆွေးနွေးသွားဖို့ရှိတဲ့အကြောင်း မြန်မာနိုင်ငံ ခရီးစဉ်မတိုင်ခင်မှာ မစ္စ Russell က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မနက်ဖြန် မေလ ၁၃ ရက်နေ့မှာတော့ အမျိုးသမီးရေး တက်ကြွ လှုပ်ရှားတဲ့ အဖွဲ့တချို့နဲ့ မစ္စ Russell တွေ့ဆုံဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ခွဲခြားဆက်ဆံ ခံနေရတဲ့ အခြေအနေတွေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ပိုမို ပါဝင်လာနိုင်ရေး အဓိက ဆွေးနွေးမယ်လို့ မနက်ဖြန်မှာ မစ္စ Russell နဲ့ တွေ့ဆုံဖို့ သံရုံးကနေ ဖိတ်ကြားခံထားရတဲ့ Triangle Women အဖွဲ့က မခင်လေးက ပြောပါတယ်။
“သူဘာတွေကို စိတ်ဝင်စားလဲပေါ့နော်၊ သူပြောတဲ့အပေါ်မှာ မူတည်မှာပေ့ါ။ ဒါပေမဲ့ ကျမတို့ကတော့ ဒီအမျိုးသမီးတွေ ကျား-မခွဲခြားပြီး ဆက်ဆံခံရမှုတွေ၊ အကြမ်းဖက်ခံရမှုတွေ၊ ဒါမျိုးတွေကိုလည်း ကျမတို့ ပြောမယ်ပေ့ါ။ ဥပဒေ ၄ ခုနဲ့ ပတ်သက်တာလည်းပြောမယ်။ နောက်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ပိုမိုပါဝင်နိုင်အောင်၊ ကျမတို့ အမျိုးသမီးအဖွဲ့တွေ ဘယ်လိုကြိုးစားနေတယ်၊ ဘယ်လိုလုပ်နေတယ်ဆိုတာ အဲဒါတွေကိုတော့ ကျမတို့ လောလောဆယ်တော့ ဆွေးနွေးမယ်လို့ စဉ်းစားထားပါတယ်။”

မေး - “ဟုတ်ကဲ့ စောစောက မခင်လေးပြောတဲ့ ဥပဒေ ၄ ခုဆိုတာ ဘာကိုပြောချင်တာပါလဲရှင့်။”
ဖြေ - “ကျမတို့ မျိုးစောင့်ဥပဒေလို့ပြောတဲ့ ၄ ခု၊ မျိုးစောင့်ဥပဒေလို့ပြောကြတဲ့ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေတို့၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တခါလူဦးရေ ထိမ်းချုပ်မှုဆိုင်ရာ ဥပဒေပေါ့နော်။ ဒီ ၄ ခုက ကျမတို့ အမျိုးသမီးတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပြီးတော့ အမျိုးသမီးတွေကို ပိုပြီးတော့ ခွဲခြားဆက်ဆံသလို ဖြစ်နေတယ်လို့ ကျမတို့ သုံးသပ်ထားတယ်။ အဲဒီအတွက်လည်း အဲဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း လက်ရှိမြန်မာနိုင်ငံမှာ ရှိနေတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေတွေကို ကျမတို့ အဲဒါကို ယှဉ်ပြီးတော့ ဆွေးနွေးမယ်လို့ စဉ်းစားထားပါတယ်။”

မေး - “နိုင်ငံတကာ အမျိုးသမီးရေးရာ အမေရိကန် အထူးသံအမတ်ကြီးနဲ့ တွေ့ဆုံမှုကနေ ဘာတွေ မျှော်လင့်ထားပါသလဲရှင့်”
ဖြေ - “ကျမတို့ တင်ပြစရာရှိတာတွေ တင်ပြမယ်၊ အဲဒါဆိုရင် ဒီနိုင်ငံက လက်ရှိဖြစ်နေတဲ့ အနေအထားတွေကို အထူးသဖြင့် အမေရိကန် အပါအဝင် နိုင်ငံတကာက သိပ်ပြီးတော့ အကောင်းမြင်လွန်း နေတဲ့ဟာတွေကိုလည်း ကျမတို့က ပိုပြီးတော့ ဒါကိုသိသွားစေချင်တယ်ပေါ့။ သိသွားစေချင်တဲ့အပြင်၊ Global Women ဆိုတဲ့အတွက် သူက အမျိုးသမီးအရေးကို သီးသန့် ပိုပြီးတော့ လုပ်တာဖြစ်တဲ့အတွက် သူတို့ကနေမှ ထပ်ပြီးတော့ သူတို့ရဲ့ အစိုးရတွေကို ဒီထက်ပိုပြီးတော့ တင်ပြနိုင်မယ် ဆိုရင်တော့ ဒီအစိုးရအပေါ်မှာထားတဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ပြီးတော့ ရှေ့လုပ်ရမယ့်ဟာတွေ၊ ၂၀၁၅ အလွန်မှာ၊ ရွေးကောက်ပွဲ အလွန်မှာ လုပ်ရမယ့်ဟာတွေကိုတော့ သေသေချာချာ ပြန်ပြီးသုံးသပ်နိုင်မယ်လို့ မျှော်လင့်တယ်။”

အမျိုးသမီးရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Triangle Women အဖွဲ့က မခင်လေးပါ။ မစ္စ Russell နဲ့ တွေ့ဆုံဖို့ရှိတဲ့ အမျိုးသမီး လူငယ်သတင်းထောက် တချို့ကလည်း အမျိုးသမီး သတင်းထောက်တွေ ကြုံရတဲ့ အခက်အခဲတွေကိုလည်း တင်ပြမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင်း အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ၊ အမျိုးသမီးတွေအတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေ၊ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကြိုးပမ်းမှုတွေအပြင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိးသမီးတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍ စတာတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနကလည်း မေလ ၁၁ ရက်နေ့က သတင်းထုတ်ပြန် ထားပါတယ်။ အမျိုးသမီးရေးရာ အထူးသံအမတ် မစ္စ Russell ရဲ့ ခရီးစဉ်တွင်း မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဖို့ရှိသလို၊ မြန်မာနိုင်ငံက လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ သတင်းထောက်တွေ၊ လူငယ်တွေနဲ့ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေကိုလည်း တွေ့ဆုံမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန် ထားတာပါ။

၂၀၁၃ ခုနှစ် သြဂုတ်လမှာ အမျိုးသမီးရေးရာ အမေရိကန် အထူးသံအမတ်အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့သူ မစ္စ Russell ဟာ သမ္မတရဲ့ ဒုတိယလက်ထောက် အဖြစ်နဲ့ရော၊ ဒုသမ္မတ ကတော် Jill Biden ရဲ့ အရာရှိချုပ် အဖြစ်နဲ့ပါ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

XS
SM
MD
LG