သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် မဲခေါင် တာတမံ ကောင်းကျိုး ဆိုးပြစ်


မဲခေါင်မြစ်ပေါ်မှာရှိတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ ရေကာတာ။
မဲခေါင်မြစ်ပေါ်မှာရှိတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ ရေကာတာ။

တရုတ်နိုင်ငံထဲက မဲခေါင်မြစ်ပေါ်မှာ ရှိတဲ့ ရေအားလျှပ်စစ် ထုတ်လုပ်တဲ့ ရေကာတာကနေ တရုတ်နိုင်ငံ က ရေတွေ လွှတ်ပေးတဲ့အတွက် လယ်သမားတွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းတွေ က ကြိုဆိုလိုက်ကြပေမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ပေါ်ပေါက်လာနိုင်တာကိုလည်း သတိပေးခဲ့ကြပါတယ်။

မဲခေါင်မြစ်အောက်ပိုင်းက တိုင်းပြည်တွေမှာ မိုးခေါင်ရေရှားတဲ့ဒဏ်နဲ့ ဆည်ရေရအောင် ကူညီတဲ့အနေနဲ့ တရုတ်နိုင်ငံက ယူနန်ပြည်နယ်မှာရှိတဲ့ ဂျင်ဟောင် ဆည်ကနေ ကုဗမီတာ သန်းပေါင်း ၂ ထောင့် ၃ ရာ ပမာဏရှိတဲ့ ရေတွေကို ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ လတွေအတွင်း လွှတ်ပေးခဲ့တာပါ။

မြစ်ကြောင်းတလျှောက်က နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့ မဲခေါင်မြစ်ဝှမ်းကော်မရှင် ကတော့ ဗီယက်နမ်နိုင်ငံမှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ညီလာခံအပြီးမှာပဲ၊ တရုတ်နိုင်ငံက ချစ်ကြည်ရင်းနှီးမှုကို ပြသတဲ့လုပ်ရပ်အဖြစ် ရေလွှတ်ပေးခဲ့တဲ့ အစီအစဉ်ကို ချီးကျုးခဲ့ကြပါတယ်။ မဲခေါင်မြစ်ဝှမ်းကော်မရှင်ရဲ့ ပူးတွဲကော်မတီဥက္ကဋ္ဌ လီ ဒတ် ထရမ် ကတော့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အပိုရရှိကြမယ့် ရေတွေကို သင့်တော်တဲ့ နေရာတွေမှာ သုံးစွဲကြဖို့လည်း တိုက်တွန်းခဲ့တာပါ။

တရုတ်နိုင်ငံက ရေတွေလွှတ်ပေးတဲ့အတွက် လယ်သမားတွေအတွက် အထောက်အကူ ဖြစ်စေရုံ သာမက ကမ္ဘောဒီးယား ငါးဖမ်းသမားတွေ အတွက်လည်း အကူအညီ ရကြပါလိမ့်မယ်။ ရေတွေရတဲ့အတွက် ကောက်ပဲသီးနှံတွေအတွက် အကျိုးရှိသလို၊ ငါးဖမ်းလှေတွေ မြစ်ထဲမှာ သွားလာဖို့လည်း ပိုမိုလွယ်ကူ လာမှာ ဖြစ်တာကြောင့် မိသားစုစားဝတ်နေရေး အထောက်အကူ ဖြစ်လိမ့်မယ် လို့လည်း ကမ္ဘောဒီးယား ငါးဖမ်းသမား တယောက်က ပြောပါတယ်။

XS
SM
MD
LG