သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ကာလ စည်းမျဉ်း NCA စောင့်ကြည့်အဖွဲ့ဆွေးနွေး


JMC meeting
JMC meeting

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင်ကြည့်ကော်မီတီ (Joint Monitoring Committee- JMC) ရဲ့ ၃ ရက်ကြာ အစည်းအဝေးကို မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှာ မနေ့က နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ အစိုးရတပ်တွေရော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကပါ နှစ်ဖက်လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း (Code of Conduct) တွေကို လာမယ့်တလအတွင်း အပြီးသတ် ရေးဆွဲနိုင်မယ်လို့ မျှော်လင့်ကြောင်း MPC အဖွဲ့ကပြောပါတယ်။ JMC စည်းဝေးပွဲမှာ ဘာတွေအဓိက ဆွေးနွေး-သဘောတူနိုင်ခဲ့လဲလို့ VOA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းတဲ့အခါMPC အဖွဲ့တာဝန်ရှိသူ ဦးလှမောင်ရွှေက အခုလို စတင်ဖြေကြားပါတယ်။

ဦးလှမောင်ရွှေ။ ။ JMC ဆိုတာ NCA လက်မှတ်ရေးထိုးပြီးရင် တစ်လအတွင်းမှာကို JMC ဆိုတာကို ဖွဲ့စည်းရမယ်။ နောက် နှစ်ဖက်တပ်ဖွဲ့တွေ လိုက်နာရမယ့် Code of Conduct ဆိုတာကို ဆွဲပြီးဖြစ်ရမယ်။ အခု ဆွေးနွေးပွဲမှာ တော်တော်များများ ဆွေးနွေးနိုင်ခဲ့တယ်ဗျ။ ဆွေးနွေးထားတဲ့ အချက်တွေကို လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့ နေပြည်တော်မှာ နှစ်ဘက်ခေါင်းဆောင်တွေပါတဲ့ joint committee ပေါ့နော်၊ JMC မှာ အတည်ပြုပြီးလို့ရှိရင် ဒီဟာ အသက်ဝင်မယ်။ …..ရှိလာမယ့်အတွက် နှစ်ဘက် စောင့်ကြည့်လေ့လာပြီးတော့ အကဲဖြတ်လို့ရမယ့်ဟာကို စောင့်ရပါမယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ပူးတွဲစောင့်ကြည့်ရေးကာလမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကကော လာပြီးတော့ပူးတွဲစောင့်ကြည့်ခွင့်ကို ဘယ်လို ပေးထားပါသလဲ။

ဦးလှမောင်ရွှေ။ ။ အဲလိုမျိုး နိုင်ငံတကာအဖွဲ့လိုဟာမျိုးတွေတော့ ကျနော်တို့ပေါ်လစီကတော့ နှစ်ဘက်လုံးမှာ မရှိပါဘူး။ ဒါပေမယ့် လိုအပ်လို့ ရှိရင်တော့ ဖိတ်ကြားပြီးတော့ ဒီဘက်မှာ အကြံဉာဏ် သို့မဟုတ် သင်တန်းပေါ့လေ၊ ဒီလိုဟာမျိုးတွေလုပ်တတ်အောင်တော့ နှစ်ဘက် သဘောတူညီချက်မှာ ပါပါတယ်ဗျ။

ကိုဉာဏ်ဝင်းအောင်။ ။ အခုကာလအတွင်းမှာရော လက်မှတ်ထိုးထားတဲ့ (၈) ဖွဲ့ ထိန်းချုပ်ထားတဲ့ဒေသတွေမှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာမျိုးတွေ ရှိပါသလား။

ဦးလှမောင်ရွှေ။ ။ လက်မှတ်ထိုးတဲ့ အောက်တိုဘာလ (၁၅) ရက်ကနေ ဒီနေ့အထိတော့ ဘာမှ မရှိပါဘူးခင်ဗျ။ ဒါပေမယ့် ပဋိပက္ခဆိုတာ အောက်ခြေမှာရှိတဲ့ အချင်းချင်းပေါ့လေ၊ နားလည်လွဲတာမျိုးကလည်း ဖြစ်နိုင်တာ နိုင်ငံတကာမှာလည်း ရှိတော့ အဲလိုဟာမျိုးက မဖြစ်အောင်ဆိုတဲ့ဟာကို အခု စပြင်ဆင်တာပါပဲ။ Code of conduct ကို အတည်ပြုပြီးလို့ရှိရင်လည်း အခုလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား (၈) ဖွဲ့ရှိတာပေါ့လေ။ ဘာသာစကားအားဖြင့်တေ့ာ (၆) မျိုးဖြစ်မှာပေါ့နော်။ ဒါမျိုးတွေနဲ့လည်း ပုံနှိပ်ရိုက်ဝေပြီးတော့ နှစ်ဘက်တပ်တွေကြားမှာ ဖြန့်မယ်၊ ပြည်သူလူထု ကြားမှာလည်း ဖြန့်ဖို့ဆိုတဲ့အထိ ပါတဲ့အတွက် နောင်ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေက တည်တည်ငြိမ်ငြိမ်နဲ့ ယုံကြည်မှုရှိရှိနဲ့ ပိုဆက်သွားနိုင်မယ် ဆိုတာကိုလည်း ဆွေးနွေးပွဲမှာ နှစ်ဘက်ခေါင်းဆောင်တွေက သဘောတူကြပါတယ်ဗျ။

ကိုဉာဏ်ဝင်းအောင်။ ။ နောက်တစ်ခုက NCA ကို လက်မှတ်မထိုးရသေးဘဲ ကျန်နေတဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး ကိစ္စတွေအတွက် ဘာတွေ ဆက်လက်ညှိနှိုင်းသွားဖို့ရှိပါလဲ။

ဦးလှမောင်ရွှေ။ ။ အခု ကျနော်တို့နားလည်သလောက်တော့ JMC ဆွေးနွေးပွဲပြီးရင် တိုင်းရင်းသားကိုယ်စားလှယ်တွေလည်း သူတို့ရဲ့ စုဖွဲ့တဲ့နေရာတွေကို သူတို့ပြန်ကြမယ်။ နောက် သူတို့နဲ့ အခြားပေါ့လေ (လက်မှတ်) မထိုးနိုင်သေးတဲ့လူတွေလည်း တွေ့ဆုံနိုင်ဖို့ ကျနော်တို့ မျှော်လင့်ထားတယ်ပေါ့။ ကျနော်တို့ Myanmar Peace Center အလုပ်အဖွဲ့တွေလည်း နိုဝင်ဘာ (၄) ရက်ကနေပြီး (၁၁) ရက်အထိကို ချင်းမိုင်ဘက်မှာသွားပြီးတော့ မထိုးနိုင်သေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံပြီးတော့ တင်ပြဖို့ကို ကျနော်တို့ ကြိုးစားနေတဲ့အတွက် အဲဒီ နှစ်ဘက်လုံးရဲ့ကြိုးစားမှုတွေဟာ လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ပြန်ဆုံမယ့် JMC မှာကျရင်တော့ ရလဒ်တချို့တွေလည်း ရှိလာနိုင်ပါတယ်။ All Inclusive လို့ပြောတာကို အစိုးရဘက်ကတော့ ငြင်းပယ်တာမဟုတ်ဘူး၊ ဒါပေမယ့် လက်တွေ့ဆန်ဖို့တော့ လိုတာပေါ့။

ကိုဉာဏ်ဝင်းအောင်။ ။ အခုဆိုရင် ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ NCA ကိုလက်မှတ်ထိုးပြီးတော့ ရက်ပေါင်း (၉၀) အတွင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စလုပ်မယ်ဆိုတဲ့ NCA စာချုပ်ပါ ကိစ္စရော လက်တွေ့မှာ ဘယ်လောက်ထိ ဖြစ်လာနိုင်ပါသလဲ။

ဦးလှမောင်ရွှေ။ ။ ဒီလက်မှတ်ရေးထိုးပြီး နှစ်ပတ်အတွင်းမှာ ဘယ်လို - ရက် (၃၀) အတွင်းမှာ ဘယ်လိုဆောင်ရွက်ရမယ်၊ ရက် (၆၀) ၊ (၉၀) ဆိုတာဟာ အစိုးရ…..အဆိုပြုခဲ့တာမဟုတ်ဘူးဗျ။ တိုင်းရင်းသားတွေဘက်က သူတို့တင်ခဲ့တဲ့အဆိုဗျ။ သူတို့တင်ခဲ့တဲ့အဆိုကိုလည်း ဒီဘက်ကလည်း လက်ခံပြီးတော့ လက်မှတ်လည်းထိုးပြီးသားဖြစ်တဲ့အတွက် NCA သဘောတူညီချက်အတိုင်းပဲ ဆက်သွားမှာဖြစ်တဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲကလည်း လုပ်ကိုလုပ်ရမယ် ဆိုတာ သဘောတူပြီးသားပါပဲ။ ဒါပေမယ့် ဒီ NCA ဆိုတာ လွယ်လွယ်ကူကူ ရလာတာလည်း မဟုတ်တဲ့အတွက် ဒီကတိကဝတ်ကလည်း ဆက်သွားသင့်တယ်ပေါ့လေ။

XS
SM
MD
LG