သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်စာချုပ် နောက်ဆုံးအဆင့် ဆွေးနွေးဖို့ ပြင်ဆင်


တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်ပြီး နောက်ဆုံးအဆင့်ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထိပ်သီးခေါင်းဆောင်တွေ ရန်ကုန်မြို့ကို ရောက်ရှိနေကြပါပြီ။ မနက်ဖြန်မှာ ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ နေပြည်တော်မှာ အကြို ညှိနှိုင်းဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီလ ၉ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာတော့ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ SD တို့ဟာ သြဂုတ်လ ၈ ရက်နေ့က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို နှစ်ဘက် သဘောတူ အချောသတ်ရေးဆွဲခဲ့ပါတယ်။ ဒီလို လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင် လက်မှတ်ရေးထိုးရေးဆိုတဲ့အချက်အပေါ်မှာတော့ နှစ်ဘက် သဘောတူညီချက်မရသေးပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ကိုယ်စားလှယ်ဘက်က သူတို့အဖွဲ့ဝင် ၁၇ ဖွဲ့လုံးပါဝင်လက်မှတ်ရေးထိုးရေးကို တောင်းဆိုပြီး အစိုးရဘက်ကတော့ သူတို့အဖွဲ့က ၁၁ ဖွဲ့ကိုသာလက်ခံမှာဖြစ်ကြောင်း ပြန်ကြားခဲ့တာဖြစ်ပါတယ်။

ဒီလို မကျေမလည်ဖြစ်နေတဲ့အချက်ကို နောက်ဆုံး အပြီးသတ်ဆွေးနွေးဖို့အတွက် လာမယ့်ရက်တွေမှာ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေဟာ နေပြည်တော်မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ရန်ကုန်မြို့ကို ရောက်ရှိနေကြပြီး နောက်ရက်ဆွေးနွေးမယ့် အခြေအနေကို မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“သူတို့အားလုံးရောက်ပြီ။ မနက် ၉ နာရီကတည်းက …..။ ကျနော်တို့နဲ့ ဒီနေ့တွေ့ဖို့မရှိဘူး။ မနက်ဖြန် နေပြည်တော်သွားမယ်။ အဲဒီကနေပြီးတော့မှ နေပြည်တော်မှာ ဦးအောင်မင်းနဲ့တွေ့မယ်။ သဘက်ခါမှာ သမ္မတနဲ့တွေ့မယ်၊ အဲဒါပဲဗျ။”

တိုင်းရင်းသားခေါင်းဆောင်တွေဟာ မနက်ဖြန် ရန်ကုန်ကနေ နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး နေ့ခင်းပိုင်းမှာ ဦးအောင်မင်းဦးဆောင်တဲ့ UPWC အဖွဲ့နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲကတော့ နိုင်ငံတော်သမ္မတနဲ့ဆွေးနွေးမယ့်အချက်တွေကို ကြိုတင်ညှိနှိုင်းကြမယ့် အခြေအနေရှိပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်မှာတော့ အားလုံးပါဝင် လက်မှတ်ရေးထိုးရေးကို ညှိနှိုင်းသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ဒီလ (၂) ရက်နေ့က လူထုကို ပြောကြားတဲ့ လစဉ်မိန့်ခွန်းမှာ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ကတိပြုထားပါတယ်။

နေပြည်တော်မှာကျင်းပမယ့် လာမယ့် ဆွေးနွေးပွဲရဲ့ အလားအလာနဲ့ပတ်သက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ဥက္ကဌ ဦးခွန်မြင့်ထွန်းကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“ဒီအလားအလာမှာပေါ့လေ၊ အဓိက-ကတော့ နောက်ဆုံးအဆင့်မှာ ကျနော်တို့တိုင်းရင်းသားများဘက်ကလည်း ပါဝါအမြင့်ဆုံး အပ်နှင်းခြင်းခံရမယ့် ပုဂ္ဂိုလ်တွေဖြစ်တယ်။ သူတို့မှာ ဆွေးနွေးခွင့်ရှိတယ်၊ ညှိနှိုင်းခွင့်ရှိတယ်။ အတည်ပြုခွင့်ရှိတယ်။ အစိုးရဘက်က ဆိုရင်လည်း သမ္မတနဲ့ တပ်ချုပ်တို့- အမြင့်ဆုံးအာဏာပိုင် ပုဂ္ဂိုလ်တွေဖြစ်တယ်။ အဲဒီတော့ ဒီနှစ်စုကြားမှာတော့ အကျေအလည် ဆွေးနွေးညှိနှိုင်းနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ သမ္မတကြီးကျတော့ သမ္မတကြီးကိုယ်နှိုက်က အလျှော့အတင်းလုပ်ပေးနိုင်တဲ့အခြေအနေတွေ ရှိတယ်-ဆိုတော့ ကျနော်တို့အမြင်ကတော့ ‘အိုကေ’ မယ်လို့ မြင်ပါတယ်။”

သြဂုတ်လလယ်က ကျင်းပတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီအရေးပေါ်အစည်းအဝေးကတော့ NCA ကို ပါဝင် လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်ရေးကို ကြိုးပမ်းသွားမှာဖြစ်ကြောင်း သဘောထားထုတ်ပြန်ထားသလို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ကတော့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေအကြံပြုချက်အတိုင်း လက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်ပြီး တပြိုင်တည်း လက်မှတ်ရေးထိုးရေးမူကို ကိုင်ဆွဲထားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPက နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြုအဖွဲ့တွေနဲ့ တွေ့ဆုံပြီး သဘောထားထုတ်ပြန်ရာမှာတော့ NCAကို အားလုံးပါဝင် လက်မှတ်ရေးထိုးရေးကို ကြိုဆိုကြောင်း၊ အားလုံးမပါဝင်နိုင်ဘူးဆိုရင် လက်မှတ်ရေးထိုးရာမှာ မပါဝင်တဲ့အဖွဲ့တွေကို ထိုးစစ်မဆင်ဖို့၊ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ တန်းတူ အခွင့်အရေးရှိစေရေးကို အာမခံဖို့ တောင်းဆိုထားပါတယ်။

လောလောဆယ် SD အဖွဲ့မှာ ပါဝင်ပြီး NCA လက်မှတ်ရေးထိုးဖို့အတွက် အစိုးရဘက်ကမဖိတ်ခေါ်တဲ့အဖွဲ့တွေကတော့ 'ဝ' အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ကိုးကန့်အဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNDAA) နဲ့ ရက္ခိုင်တပ်မတော် (AA) တို့ဖြစ်ပါတယ်။

XS
SM
MD
LG