သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ကြေညာထားတဲ့ကြား ကချင်နဲ့ရှမ်းမြောက်မှာ တိုက်ပွဲတွေရှိဆဲ


ပန်ဆိုင်းဒေသဘက်က စစ်ဘေးဒုက္ခသည်များ နေထိုင်ရာ ယာယီတဲများမြင်ကွင်း။ (သြဂုတ်လ ၁၅၊ ၂၀၂၁)
ပန်ဆိုင်းဒေသဘက်က စစ်ဘေးဒုက္ခသည်များ နေထိုင်ရာ ယာယီတဲများမြင်ကွင်း။ (သြဂုတ်လ ၁၅၊ ၂၀၂၁)

Zawgyi/Unicode

စစ်ကောင်စီက အပစ်ရပ် ၅ လ သက်တမ်းတိုး ကြေညာထားပေမယ့်လည်း ကချင်ပြည်နယ်ဘက်မှာ တိုက်ခိုက်တာတွေ ဆက်ဖြစ်နေသလို ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဘက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်နဲ့ ရှမ်းမြောက်ဒေသက တိုက်ပွဲအခြေအနေကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

COVID-19 ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ဖို့၊ ထာဝရငြိမ်းချမ်းရေး ရှိအောင်ဆောင်ရွက်ဖို့အပြင် လာမယ့်နှစ်မှာကျရောက် မယ့် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုတဲ့အနေနဲ့ဆိုပြီး နိုင်ငံနဲ့တဝန်းမှာ ၅ လကြာ အပစ်ရပ်ကြောင်း စစ်ကောင်စီက ကြေညာပြီး နောက်တရက်မှာပဲ ကချင်နဲ့ ရှမ်းမြောက်ဒေသတွေမှာ မိုင်းခွဲတိုက်ခိုက်တာနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။

ကချင်ပြည်နယ်အတွင်းမှာတော့ မိုးကောင်း၊ ဖားကန့်၊ တနိုင်းမြို့နယ်က လီဒိုလမ်းမပေါ်နဲ့ မိုးမောက်မြို့နယ်မှာ အဓိက ဖြစ်ခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းက မိုးကောင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီယာဉ်တန်းကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ဒီမနက်တော့ ဒီ နမ္မတီး-တနိုင်းလမ်းဘက်မှာပေါ့။ မရန်ကထောင် အကျော်မှာ ခနလောက်တော့ တိုက်ပွဲဖြစ်တယ်။ ၁၀ နာရီဝန်းကျင်လောက်မှာ၊ စစ်ကား ၃ စီးတက်လာတယ်။ အဲဒီစစ်ကားတွေကို မိုင်းခွဲတိုက်ခိုက်တယ်လို့ အဲလိုကြားတယ်။ ထိခိုက်တာတော့ ဘယ်နှစ်ယောက်ဆိုတာတော့ ကျနော်တို့ အတိအကျ အဲလိုမကြားဘူး။ အဲဒီလူနာကို မိုးကောင်းဘက်ကို သယ်သွားတယ်လို့ ပြောတယ်။”

ဖားကန့်မြို့နယ်က ဒေသခံတဦးကလည်း မိုင်းခွဲတိုက်ခိုက်တာရှိခဲ့ကြောင်း ပြောပါတယ်။
“ဒီမနက် ၁၀ နာရီနဲ့ ၁၁ နာရီလောက်ကြားမှာ ဒီ ဒွမ်ဘန်နဲ့ ခွန်ဆိုင်ယန်ကြားမှာ တိုက်ပွဲ၊ တိုက်ပွဲတော့မဟုတ်ပါဘူး။ ဒီ KIA ဘက်ကနေ ကားယာဉ်တန်းကို ကားမိုင်းခွဲပေးတယ်ကြားတယ်။”
ဒီလ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေကလည်း အဲဒီနေရာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ခွန်ဆိုင်ယန်ရွာက ဒေသခံ ၃၀၀ လောက် လဝါးရွာမှာ တိမ်းရှောင်နေရပါတယ်။
ဒီလ ၂၉ ရက်နေ့ ဗုဒ္ဓဟူးနေ့က တနိုင်းမြို့နယ် တိန်ကောက်ရွာအနီးမှာတိုက်ပွဲတကြိမ်ဖြစ်ခဲ့ကြောင်း တနိုင်းဒေသခံက ပြောပါတယ်။

“မနေ့က ၉ နာရီနဲ့ ၁၁ နာရီကြားလောက် ဖြစ်မယ်ထင်တယ်။ မိနစ် ၃၀ လောက်တော့ လက်နက်ကြီးအသံတွေ ကြားရတယ်။ ဖြစ်တာကတော့ ဒီ တိန်ကောက်ကျေးရွာနဲ့ မန်ဖြတ်ကျေးရွာအကြား စိုင်ရွန်ချောင်းဆိုတာရှိတယ်။ အဲဒီနားမှာဖြစ်တယ်လို့ ပြောတယ်။”

ပြီးခဲ့တဲ့အပတ်တွေအတွင်းက တနိုင်းနဲ့ ရှင်ဗွေယန်အကြားမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲဒီဘက်ကို လူ၊ လက်နက်၊ ရိက္ခာ ဖြည့်တင်းတဲ့ စစ်ကြောင်းတွေကို KIA က ကြားဖြတ်တိုက်ခိုက်တာကြောင့် လီဒိုလမ်းတကြောမှာ တိုက်ပွဲတွေဖြစ်နေကြောင်း ဒေသခံတွေက ယူဆနေပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ ကချင်ပြည်နယ်အရှေ့ခြမ်းက မိုးမောက်မြို့နယ်မှာလည်း တိုက်ပွဲဖြစ်ပွားတာရှိကြောင်း မိုးမောက်ဒေသခံက ပြောပါတယ်။

“ဒီမနက်ကတော့ မိုးမောက်အထက်ပေါ့။ ၁၇ မိုင်ပေါ့။ ကျောက်ဆောင်အပေါ်ဘက်မှာ မနေ့ညက ဝင်လာတဲ့ စစ်တပ်ပေါ့။ တပ်မ ဘယ်လောက်လဲတော့ မသိဘူး။ အဲဒါ ဒီမနက် PDF နဲ့ ချတာလေ။ ၁၀ နာရီကျော် အဲလောက်ရှိပြီ။ တော်တော်လေးတော့ ကျတယ်တဲ့။”

ကချင်သတင်းမီဒီယာတွေကတော့ မိုးမောက်မြို့နယ် လုံဂျာရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ကြောင်းဖော်ပြကြပြီး လုံဂျာရွာသားတွေ စစ်ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြောင်း ဖော်ပြပါတယ်။
ဒီလ ၂၇ ရက်နေ့ကလည်း မိုးမောက်မြို့ စိန်လုံလမ်းခွဲမှာ မိုင်းတလုံးပေါက်ကွဲခဲ့ပါသေးတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ မုံးကိုးဒေသဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ MNDAA ခေါ် ကိုးကန့်တပ်အကြားမှာ နှစ်ရက်ဆက် တိုက်ပွဲဖြစ်နေပါတယ်။
လက်ရှိ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး မုံးကိုးဒေသခံ ပြောပြတာက-
“မနေ့ကနဲ့ ဒီနေ့လည်း ပစ်နေကြတယ်ဗျ။ အခုလည်း ပစ်နေတာပဲ။ မုံးကိုးမြို့နားပေါ့။ ကောင်းလုံအောက်ထဲမှာ။ ဒီမနက် ၁၀ နာရီခွဲလောက်ပေါ့ဗျာ။”

ဒီနေ့မနက် ၁၀ နာရီခွဲလောက်ကနေ နေ့ခင်း ၂ နာရီလောက်အထိ ပစ်ခတ်နေဆဲရှိကြောင်းနဲ့ မနေ့ကတော့ မိနစ် ၂၀ လောက်ကြာထိ လက်နက်ကြီးပစ်ခတ်တာတွေရှိကြောင်း ပြောပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ ပြီးခဲ့တဲ့ ၃ ရက်အတွင်း သိန္နီ၊ ကွမ်းလုံနဲ့ မုံးကိုးဒေသဘက်တွေမှာ တိုက်ပွဲပြင်းထန်ကြောင်း ဖော်ပြထားပါတယ်။ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) နဲ့ မုံးကိုးဒေသဘက်မှာ ဇူလိုင်လကစတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ သြဂုတ်လဆန်းပိုင်းကကြူကုတ် (ပန်ဆိုင်း) ဒေသအတွင်းဖြစ်တဲ့တိုက်ပွဲကြောင့် ဒေသခံ ၁,၄၀၀ ကျော်လောက် တရုတ်-မြန်မာနယ်စပ်မှာ တိမ်းရှောင်နေရသလို သြဂုတ်လကုန်ပိုင်း မုံးကိုးမြို့အနီး ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံ ၇၀၀ ကျော်ဟာ မုံးကိုးမြို့မှာ ခိုလှုံနေရပါတယ်။
စက်တင်ဘာလလည်လောက်က မုံးကိုးမြို့ရောက် စစ်ပြေးဒုက္ခသည် ၈၀ လောက် COVID-19 ရောဂါပိုး တွေ့ခဲ့ပေမဲ့ အခုအခါမှာ ထိန်းချုပ်နိုင်တဲ့အခြေအနေကို ရောက်နေပြီဖြစ်ပါတယ်။
ကချင်နဲ့ ရှမ်းမြောက်ဒေသက တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို KIA နဲ့ MNDAA ကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ရာမှာလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်


---------

Unicode





















XS
SM
MD
LG