သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကုလမှာတင်ပြ


 မြန်မာ အမျိုးသမီးတွေရဲ့ အခြေအနေတွေကို ဒီကနေ့ ဂျီနီဗာက ကုလ ညီလာခံမှာ မြန်မာ အရပ်ဘက် အဖွဲ့အစည်းတွေက တင်သွင်း။ သတင်းဓာတ်ပုံ Credit to- မေစံပယ်ဖြူ
မြန်မာ အမျိုးသမီးတွေရဲ့ အခြေအနေတွေကို ဒီကနေ့ ဂျီနီဗာက ကုလ ညီလာခံမှာ မြန်မာ အရပ်ဘက် အဖွဲ့အစည်းတွေက တင်သွင်း။ သတင်းဓာတ်ပုံ Credit to- မေစံပယ်ဖြူ

တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုက အစ နိုင်ငံရေးမှာ ပါဝင်ခွင့် အဆုံး ခွဲခြားဆက်ဆံခံနေရတဲ့ မြန်မာ အမျိုးသမီးတွေရဲ့ အခြေအနေတွေကို ဒီကနေ့ ဂျီနီဗာက ကုလ ညီလာခံမှာ မြန်မာ အရပ်ဘက် အဖွဲ့အစည်းတွေက တင်သွင်း ပါတယ်။ မြန်မာ အစိုးရက တင်သွင်းတဲ့ အစီရင်ခံစာကို ကုလသမဂ္ဂမှာ ကြားနာမှု မတိုင်ခင် အခုလို အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ စင်ပြိုင် အစီရင်ခံစာတွေကို ကြားနာနေတာ ဖြစ်ပါတယ်။ အခြေအနေကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့က ကုလ သမဂ္ဂရုံးမှာ CEDAW - အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူညီချက် ဆိုင်ရာ ညီလာခံကို ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ စတင်ပါတယ်။ ဒီကနေ့ ညနေပိုင်းမှာဘဲ မြန်မာ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ Amnesty International တို့က နှုတ်နဲ့ တင်သွင်းတဲ့ Oral Statement ၂ စောင်ကို ကုလရုံးမှာ စတင်ကြားနာပါတယ်။

ဂျီနီဗာက CEDAW ညီလာခံကို ကိုယ်တိုင် တက်ရောက်နေတဲ့ ကျား/မ ရေးရာ တန်းတူညီမျှရေး ကွန်ယက် ညွှန်ကြားရေးမှူး ဒေါ်မေစပယ်ဖြူကတော့ မြန်မာ အမျိုးသမီးတွေ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို ရရှိရေး၊ ပြစ်မှု ကျူးလွန်သူတွေ ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့် ရရှိနေတဲ့ အခြေအနေတွေကို ဦးစားပေး တင်ပြသွားမယ်လို့ အခုလို ပြောပါတယ်။

" အမျိုးသမီးတွေရဲ့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ခွင့်မရတဲ့ အခြေအနေတွေကို ကျမတို့ ပြောဖို့ရှိတယ်။ နောက်တခုကတော့ ဥပဒေတွေ၊ မူဝါဒတွေဟာ gender sensitive မဖြစ်နေတာ ကို ပြောဖို့ရှိတယ်။ နောက်ဆုံးအချက် အနေနဲ့ကတော့ ကျေးလက်နေ အမျိုးသမီးတွေ ရဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ အချက်တွေကို ကျမတို့ဘက်က ထောက်ပြ ပြောဆိုဖို့ရှိတယ်။"

အရင် ဦးသိန်းစိန် အစိုးရ လက်ထက်က တင်သွင်းထားတဲ့ CEDAW အစီရင်ခံစာကို လာမယ့် ၇ ရက်နေ့မှာ ကြားနာမှု မတိုင်ခင် အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ နုတ်နဲ့ အစီရင်ခံချက်ကို အရင်ဆုံး ကြားနာတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေ အပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလ သဘောတူညီချက်ကို မြန်မာ အစိုးရအနေနဲ့ ၁၉၉၇ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပေမယ့် CEDAW သဘောတူညီချက် အတိုင်း လိုက်နာလုပ်ဆောင်ဖို့ ပျက်ကွက်နေဆဲ ဖြစ်တယ် လို့လည်း မမေစပါယ်ဖြူက ထောက်ပြပါတယ်။

"အဓိက က အစိုးရ ဝန်ကြီးဌာနတွေ ကြားထဲမှာတောင်မှ CEDAW နဲ့ ပတ်သက်တဲ့ အသိပညာက ဒီလောက်ကြီး မရှိသေးဘူး။ လူထုကြားထဲမှာလည်း CEDAW ဆိုတာ ဘာမှန်းမသိသေးတဲ့ အနေအထားမျိုး ဖြစ်နေသေးတဲ့အခါမှာ နိုင်ငံတော်အစိုးရရဲ့ CEDAW သဘောတူညီချက်ထဲမှာ ပါဝင်တဲ့ အချက်တွေကို အကောင်အထည်ဖော်မှု နဲ့ တာဝန်ယူမှုအခြေအနေဟာ တော်တော်လေးကို အားနည်းသေးတယ်လို့ ပြောလို့ရတယ်။

ဆွစ်ဇာလန် စံတော်ချိန် ဒီကနေ့ ညနေပိုင်းမှာတော့ မြန်မာ အရပ်ဘက် အဖွဲ့အစည်း ၅ ခုက စုပေါင်းပြီး မြန်မာ အမျိုးသမီးတွေ ခွဲခြား ဆက်ဆံခံနေရတဲ့ အခြေအနေတွေကို Oral Statement တစောင် တင်သွင်းနေပြီး နိုင်ငံတကာ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ကြီး Amnesty International၊ Arkhan Project နဲ့ Women Peace Network of Arkhan တို့ကတော့ ရခိုင်ပြည်နယ်တွင်းက အမျိုးသမီးတွေရဲ့ အခြေအနေတွေကို နှုတ်နဲ့ အစီရင်ခံစာ တစောင် ဖတ်ကြားတင်သွင်းပါတယ်။

လာမယ့် ၇ ရက်နေ့ မြန်မာ အစိုးရက တင်သွင်းထားတဲ့ CEDAW အစီရင်ခံစာကို ကြားနာပြီး အကြံပြု တိုက်တွန်းချက်တွေ ချမှတ်ပေးတဲ့ နေရာမှာ အခု အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ တင်ပြချက်တွေကို ထည့်သွင်းစဉ်းစားသွားဖို့ကိုလည်း အရပ်ဘက် အဖွဲ့အစည်းတွေက မျှော်လင့်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG