သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၇ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲတွေ ပြည်တွင်း၊ ပြည်ပမှာ ကျင်းပ


အီတလီနိုင်ငံမှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ။ (ဇွန်လ ၁၉ ရက်၊ ၂၀၂၂)
အီတလီနိုင်ငံမှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ။ (ဇွန်လ ၁၉ ရက်၊ ၂၀၂၂)

အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားတွေကို ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ ဒီမိုကရေစီ လိုလားသူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီကနေ့ ကျင်းပခဲ့ကြပါတယ်။

ဒီနေ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ ပြုလုပ်နေချိန်မှာ၊ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အပြစ်မဲ့ပြည်သူ (၃) ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာတော့ “ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” ဆိုတဲ့ နဖူးစည်းစာတန်းကို ကိုင်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုတဲ့ ကြွေးကြော်သံတွေကို ဒီကနေ့ အော်ဟစ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်အနောက်ဖက်ကမ်း သပိတ်ကော်မီတီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဒီကနေ့ ဇွန်လ (၁၉) ရက်နေ့မှာ ကျင်းပခဲ့ကြတာမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ကိတ်မုန့်ခွဲတာနဲ့ ဆုတောင်းမေတ္တာပို့တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက ကနီမြို့မှာလည်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ကျင်းပခဲ့ကြပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင် KNU တပ်မဟာ (၆) နယ်မြေအတွင်းက လွတ်မြောက်နယ်မြေတနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) နှစ်ပြည့် မွေးနေ့ပွဲကို KNDO အထူး ကွန်မန်ဒိုတပ်ရင်းတခုက ဦးဆောင်ပြီး ဒီကနေ့ ကျင်းပခဲ့ပါတယ်။ အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ အတော်များများ တည်ရှိရာ နေရာတွေမှာလည်း ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲတွေ အဲဒီလို အသီးသီး ကျင်းပနေကြချိန်မှာဘဲ ပြည်ပမှာ ရောက်ရှိနေကြတဲ့ မြန်မာမိသားစုတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစားသူတွေကလည်း မွေးနေ့ပွဲတွေ ကျင်းပခဲ့ကြရာမှာ ထိုင်းနိုင်ငံ မဲဆောက် ပြည်သူ့ဆေးရုံကြီးမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ်နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား အဝေးရောက် ဧရာဝတီအသင်း (OIA) က ဦးဆောင်ပြီး သွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အလားတူဘဲ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် အီတလီရောက်မြန်မာများ (Myanmar Community In Italy) က မီလန်မြို့နဲ့ ရောမမြို့တို့မှာ ဆုတောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဒေးကူမြို့မှာရှိတဲ့ ကိုရီးယား-မြန်မာ ငြိမ်းချမ်းရေးစင်တာမှာလည်း ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) နှစ်မြောက်မွေးနေ့ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြသလို၊ မနေ့ကလည်း အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့နဲ့ နယ်သာလန်နိုင်ငံ၊ ဘေရဒါမြို့တို့မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲတွေကို အသီးသီး ကျင်းပခဲ့ကြပါတယ်။

===Unicode====









XS
SM
MD
LG