သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနီးချိန် မြန်မာပြည်တွင်း သတင်းလွတ်လပ်ခွင့် ပိုတင်းကျပ်


မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲ မတိုင်ခင် စာပေစိစစ်ရေးက တင်းကျပ်စွာ တားမြစ် ပိတ်ပင်မှုတွေကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်တွင်း သတင်းမီဒီယာတွေဟာ အရှိကို အရှိအတိုင်း မဖော်ပြနိုင်တဲ့အပြင် အခက်အခဲ အမျိုးမျိုးနဲ့လည်း ကြုံတွေ့နေကြရပါတယ်။ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂကတော့ ဒီလိုထိန်းချုပ်မှုတွေကြောင့် ရွေးကောက်ပွဲဝင်မယ့် သူတွေရဲ့ သဘောသဘာဝကို လူထုက မသိရှိနိုင်တဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ နည်းကျတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့ သုံးသပ်နေပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လ စာပေစိစစ်ရေး တာဝန်ခံ အပြောင်းအလဲ ရှိခဲ့တဲ့နောက်ပိုင်း ပြည်တွင်း သတင်းဂျာနယ်တွေအတွက် လုပ်ရကိုင်ရ ပိုပြီး ခက်ခဲလာတယ်လို့ ပြည်တွင်း စာပေလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာတွေကို အစိုးရက တိုက်ရိုက်ကိုင်တွယ် ထိန်းချုပ်ထားသလို မဂ္ဂဇင်း၊ ဂျာနယ်နဲ့ ပုဂ္ဂလိကစာစောင် မှန်သမျှကို ထုတ်ဝေခွင့် ရဖို့အတွက် စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်ကို ယူရပါတယ်။

အခုတပတ် ထုတ်ဝေခွင့်ရခဲ့တဲ့ ဂျာနယ်တွေထဲက တချို့မှာ နိုင်ငံရေးသတင်းနဲ့ နိုင်ငံရေးသမား အကြောင်းတွေကို ဖော်ပြခွင့် မရခဲ့သလို မြန်မာစစ်အစိုးရကို ထောက်ပြ ဝေဖန် ရေးသားခဲ့တဲ့ စာရေးဆရာကြီးတွေရဲ့ စာပေတွေ ဖော်ပြခွင့်ကိုပါ ထပ်မံ ပိတ်ပင်တာမျိုးတွေ ရှိခဲ့ပါတယ်။ ဒီနှစ်ထဲ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကို တရားမျှတမှု ရှိအောင် ကျင်းပမယ်လို့ စစ်အစိုးရက ကြေညာထားတာမို့ ဒီရွေးကောက်ပွဲ မတိုင်ခင် မီဒီယာတွေအတွက် လွတ်လပ်ခွင့်တွေ ပိုပြီး ရလာတော့မယ်လို့ အများက မျှော်လင့်ထားပေမဲ့ အခုအခါမှာ ပိုပြီး တင်းကျပ်လာတာ တွေ့ရတယ်လို့ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ တာဝန်ခံ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“အရင်က ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ နည်းနည်းလေး လျှော့ပေးထားတာတွေ ရှိတယ်။ ပြီးတော့ စာစောင်တချို့ တိုးပြီး ထုတ်ဝေခွင့်တွေ ချပေးတာမျိုးတွေ ရှိတယ်။ အဲဒီအခါ တချို့တွေကတော့ မျှော်လင့်တာပေါ့၊ ရွေးကောက်ပွဲ နီးလာပြီဆိုတော့ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုအောင် ဆိုတဲ့ သဘောက စာပေလွတ်လပ်ခွင့်၊ သတင်းစာ လွတ်လပ်ခွင့် ရှိမှ ရမှာကိုး။ ဒါကို အစိုးရက မြင်ပြီးတော့ သတင်းစာ လွတ်လပ်ခွင့်များ ပိုပေးလာမလားလို့ မျှော်လင့်ချက်ထားတဲ့ လူတွေ ရှိပါတယ်။

“ဒါပေမဲ့ နောက်ပိုင်းကျတော့ အင်တာနက်နဲ့ ပတ်သက်ရင်လည်း တော်တော်လေး တင်းကျပ်လာတယ်။ ပြည်တွင်း စာစောင်တွေကိုလည်း တော်တော်လေး တင်းကျပ်လာတယ်။ ပြီးတော့ နိုင်ငံခြား သတင်းဌာနတွေနဲ့ အင်တာဗျူးလုပ်ရင် အင်တာဗျူးလုပ်တဲ့ လူတွေကို သတိပေးတာမျိုးတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒါမျိုးတွေလည်း ရှိလာတယ်။

“ဆိုတော့ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ အခြေအနေက တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာတဲ့ သဘောမှာ ရှိတယ်။ အထူးသဖြင့် ဂျာနယ်တွေအနေနဲ့ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဒါက ခြုံပြီး ပြောတာပေါ့၊ နိုင်ငံတကာ အကြောင်းအရာတွေ၊ ဒါတွေကို သူတို့ ခွင့်ပြုတယ်။ ပါတီတွေ ပေါ်လာပြီး နောက်ပိုင်း အင်တာဗျူးတဲ့ ကိစ္စတွေကို သူတို့ ခွင့်ပြုလာတာတွေ ရှိတယ်။ တချို့ဆိုရင် မျက်နှာဖုံးသတင်း အနေနဲ့တောင်မှ ထုတ်ခွင့်ရတဲ့အထိ ဖြစ်လာတာမျိုးတွေ ရှိတယ်။

“ဒါပေမဲ့ စာပေစိစစ်ရေး ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်သွားပြီးနောက်ပိုင်း သိသိသာသာ လျော့သွားတယ်။ စောစောက မျက်နှာဖုံးသတင်း အနေနဲ့ ဖော်ပြလို့ရတဲ့ ဟာတွေကို ဖော်ပြလို့ မရတဲ့အပြင် စာပေစိစစ်ရေးက သိသိသာသာ ဖြတ်တောက်တာတွေ များလာတဲ့ အတွက်ကြောင့် တချို့ဂျာနယ်တွေဆိုရင် အစိုးရက ပိတ်ပါလို့ အမိန့်ချတာ မဟုတ်ဘဲနဲ့ ဖြတ်တောက်ခံရတာတွေ များလွန်းအားကြီးလို့ သူတို့ဘာသာ သူတို့ စာစောင်မထွက်နိုင်ဘဲ အဲဒီအပတ်ကို ဆုံးရှုံးခံလိုက်ရတာမျိုးတွေ ရှိလာတယ်။

“ဆိုတော့ ဒါတွေအားလုံးကို ခြုံကြည့်မယ် ဆိုရင်တော့ ရွေးကောက်ပွဲ နီးလာလေ စာပေစိစစ်ရေးက ပိုပြီး တင်းကျပ်လာလေ၊ သတင်းလွတ်လပ်ခွင့်က ပိုပြီး နည်းလာလေ ဆိုတာမျိုးကို ကျနော်တို့ တွေ့ပါတယ်။”

ဒီမိုကရေစီ နိုင်ငံတွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အရွေးကောက်ခံမယ့် ပုဂ္ဂိုလ်တွေရဲ့ နောက်ကြောင်း ရာဇဝင်နဲ့ အကောင်းအဆိုး ဝေဖန်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ အကြောင်းတွေကို မီဒီယာတွေက လွတ်လွတ်လပ်လပ် ရေးခွင့်ရှိတာမို့ လူထုက သူတို့ရွေးကောက်မယ့် ပါတီနဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို ပိုပြီး သိနိုင်တဲ့ အခွင့်အလမ်းတွေ ရကြပေမဲ့ မြန်မာနိုင်ငံမှာတော့ ဒီလိုအခွင့်အရေးမျိုး ဆုံးရှုံးနေတယ်လို့လည်း ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လောလောဆယ် ဖြစ်နေတဲ့ အနေအထားကို ကြည့်မယ်ဆိုရင်တော့ ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်တွေ ဘယ်သူဘယ်ဝါ ဆိုတာကိုလည်းပဲ လူထုအနေနဲ့ ကောင်းကောင်းမွန်မွန် သိခွင့်မရဘူး။ ဘာကြောင့်လဲဆိုတော့ အင်တာဗျူးတွေကို အစိုးရက ပိတ်တယ်။ တချို့ ဘယ်ပုဂ္ဂိုလ်တွေနဲ့မှ အင်တာဗျူးလို့ရမယ်၊ ဘယ်ပုဂ္ဂိုလ်တွေကို အင်တာဗျူးလို့ မရဘူး ဆိုတာမျိုးကအစ စာပေစိစစ်ရေးက လိုက်ပြီး တင်းကျပ်တာမျိုးတွေ ရှိတယ်။

“ပြီးတော့ အင်တာဗျူးရင် ဒီအင်တာဗျူးရဲ့ အတိုင်းအတာ၊ အကန့်အသတ် ဘယ်လောက်အထိပဲ ထည့်ရမယ် ဆိုတာမျိုးတွေကို သူတို့ တင်းကျပ်တာမျိုးတွေ ရှိတယ်။ ဆိုတော့ ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်တွေရဲ့ သဘောသဘာဝကိုလည်း လူထုက မသိနိုင်ဘူး၊ သူတို့ရဲ့ ပါတီ နောက်ကြောင်းရာဇဝင်ကိုလည်း လူထုက မသိနိုင်ဘူး။ တဘက်ကလည်း လူထုအနေနဲ့ ဒီနိုင်ငံရေးသမားတွေ တချိန်ချိန်မှာ လွှတ်တော်ထဲရောက်ရင် သူတို့အတွက် ဘာပြောစေချင်သလဲ ဆိုတာကိုလည်း မီဒီယာတွေက ဖော်ပြခွင့် မရှိဘူးဆိုတဲ့ သဘောမျိုး သက်ရောက်နေတယ်၊ အခုအချိန်မှာ။

“ဆိုတော့ မီဒီယာဟာ သူတို့လုပ်ရမယ့် လုပ်ငန်းဆောင်တာကို လုပ်ခွင့်မရဘဲ အဆင်မသင့်ရင် ထောင်ကျတယ်၊ စာစောင်တွေ အပိတ်ခံရတယ်၊ စီးပွားရေးအရ ဆုံးရှုံးတယ်၊ လူမှုရေးအရ နစ်နာတယ်။ ၁၉၇၄ အခြေခံဥပဒေ ရေးမယ်ဆိုတုန်းက အဲဒီအခြေခံဥပဒေ အကြောင်းကို လူထုက ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အကြောင်းထက် ပိုပြီးတော့ သိတယ်။

“ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်တုန်းက ရှိခဲ့တဲ့ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတို့၊ ကြေးမုံတို့ ဒါတွေက အခြေခံဥပဒေ အကြောင်းကို ဂဃနဏ ရေးကြတယ်။ ဒီအခြေခံဥပဒေဟာ တပါတီ အခြေခံဥပဒေကို ခိုင်မာအောင်လုပ်တဲ့ သဘောမျိုး ဆိုတာကို လူတိုင်းက သိပေမဲ့ အနည်းဆုံးအားဖြင့်တော့ ဒီအခြေခံဥပဒေထဲမှာ ဘာတွေပါလဲ ဆိုတာကို လူထုက သေသေချာချာ သိတယ်။ ဒီနေ့ခေတ် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လူထုက ကောင်းကောင်းမွန်မွန် မသိဘူး။ မီဒီယာ ထိုးဖောက်နိုင်အား များပေမဲ့ အစိုးရက မီဒီယာကို တင်းကျပ်မှုကတော့ သိသိသာသာ ဒီနေ့ခေတ်မှာ ပိုများလာတယ်လို့ပဲ ကျနော်တို့ သုံးသပ်ပါတယ်။”

မြန်မာသတင်းသမဂ္ဂ တာဝန်ခံ ဦးမောင်မောင်မြင့် ပြောသွားတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ သတင်းလွတ်လပ်မှု မရှိဆုံး နိုင်ငံ ၁၇၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၇၀ အဖြစ်နဲ့ သတင်းလွတ်လပ်ခွင့် စောင့်ကြည့်လေ့လာတဲ့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က သတ်မှတ်ထားပါတယ်။

XS
SM
MD
LG