သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟိုဘဏ်သတ်မှတ်ချက်အတိုင်း ငွေလဲလှယ်ဖို့ သတိပေး


ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေလဲနှုန်းထားအတိုင်း အပြင်ဈေးကွက်မှာ လဲလှယ်ရောင်းဝယ်ကြဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိက ငွေလဲဝန်ဆောင်မှု လုပ်ငန်းတွေကို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ သတိပေးပြီး ဒီကနေ့မှာတော့ အမေရိကန် ဒေါ်လာငွေလဲနှုန်း အနည်းငယ် ကျသွားပေမဲ့ ဗဟိုဘဏ်ရဲ့ စီမံခန့်ခွဲမှုက ရေရှည် အလုပ်ဖြစ်မဖြစ် စောင့်ကြည့်ရမယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

အမေရိကန် တဒေါ်လာကို မြန်မာကျပ်ငွေ ၁,၁၃၀ ကျပ်ကို ကျော်လွန်ခဲ့ပြီး နောက်မှာတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေလဲဝန်ဆောင်မှု လုပ်ငန်းတွေကို ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေလဲနှုန်း စည်းကမ်းတွေအတိုင်း လိုက်နာလုပ်ဆောင်ကြဖို့ သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က အရင်က ထုတ်ပြန်ထားပြီးသား ငွေလဲလှယ်မှု စည်းကမ်းတွေကို လိုက်နာကြဖို့ ထပ်မံ သတိပေးချက် ထုတ်ပြန်တယ် ဆိုတာကို အတည်ပြု ပြောပါတယ်။
“ဗဟိုဘဏ် ငွေလဲလှယ်နှုန်းအပေါ်မှာ မူတည်ပြီးတော့ သတ်မှတ်တဲ့ Plus or Minus 0.8% ဘောင်ထဲကနေ ရောင်းဝယ်ရမယ် ဆိုတဲ့ဟာကတော့ ညွှန်ကြားချက် ထုတ်ထားပြီးသား ရှိပါတယ်။ အရင်ကတည်းက ထုတ်ထားတာပေါ့။ ကျနော်တို့ ဗဟိုဘဏ်က နေ့စဉ်သတ်မှတ်တာ ရှိပါတယ်။ ရည်ညွှန်းငွေလဲလှယ်နှုန်း ဆိုပြီးတော့ Reference Rate ပေါ့။ အဲဒီနှုန်းကို နေ့စဉ်ထုတ်ပြန်ပြီး၊ အဲဒီထုတ်ပြန်တဲ့ အပေါ်မှာပဲ အခြေခံပြီးတော့မှ ကျန်တဲ့ဘဏ်တွေ၊ ဝန်ကြီးဌာနတွေ၊ ရောင်းဝယ်ဖောက်ကားတာတွေ လုပ်ကြတာပေါ့။ အဲဒါကလည်း နေ့စဉ်လုပ်နေတာပါ၊ အခုမှ မဟုတ်ဘူးပေါ့။ အရင်ကတည်းက ဗဟိုဘဏ်က Rate သတ်မှတ်ပြီး ထုတ်တာပေါ့။ အဲဒီသတ်မှတ်တဲ့ နှုန်းပေါ်မှာ Plus or Minus 0.8% ဘောင်ထဲမှာပဲ ရောင်းဝယ်ရမယ်ဆိုတာ အဲဒီညွှန်ကြားချက် အပေါ်မှာပဲ ထပ်ဆင့်ပြီးတော့ အခုလိုက်နာဖို့ ဆိုပြီးတော့ ထပ်ပြီး သတိပေးမိန့် ထုတ်တာပါ။ ”

ဗဟိုဘဏ်က ခွင့်ပြုထားတဲ့ တရားဝင် နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန် တဒေါ်လာကို ဝယ်ဈေး၊ ရောင်းဈေး ၁,၁၃၀ ကျပ် ကျော်ခဲ့ရာကနေ ဒီကနေ့မှာတော့ ၁,၁၀၀ ကျပ်လောက်ကို ပြန်ဆင်းလာခဲ့တာပါ။ ဒါပေမဲ့ တရားမဝင် ငွေလဲလှယ်တဲ့ ဈေးကွက်မှာတော့ ၁,၂၀၀ နီးပါးရှိခဲ့တယ်လို့ ပြည်တွင်း ငွေကြေးလဲလှယ်မှု သတင်းရပ်ကွက်ကနေ သိရပါတယ်။

သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်လာတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဘက်က အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်း တက်လာတာကို ထိန်းညှိဖို့ နေ့စဉ် အမေရိကန် ဒေါ်လာ ထုတ်ရောင်းပေးခဲ့ပေမဲ့ ဈေးကွက်က ဝယ်လိုအားအတိုင်း ရောင်းမပေးနိုင်ခဲ့ဘူးလို့လည်း စီးပွားရေး ပညာရှင် ဘောဂဗေဒ ဦးခင်မောင်ညိုက ပြောပါတယ်။
“သူကလုပ်နိုင်တဲ့ နည်းတွေကတော့ အများကြီး ရှိတာပေါ့လေ။ လုပ်နိုင်တဲ့ နည်းတွေ အများကြီးထဲက သူလုပ်နိုင်သလောက် လုပ်မယ်လို့ပဲ နားလည်ပါတယ်။ စီမံခန့်ခွဲရေး နည်းကတော့ တကယ့်တကယ်တော့ သိပ်ပြီးတော့ ထိရောက်မှု မရှိပါဘူး။ သို့သော်လည်းဘဲ ဈေးကွက်ထဲမှာ လိုသလောက် ဒေါ်လာကို ထုတ်ရောင်းဖို့ အခြေအနေမျိုး ကျတော့လည်း သူ့မှာ လက်ကျန်ငွေ သိပ်များများစားစား ရှိပုံမပေါ်ပါဘူး။ အဲဒါကြောင့် စီမံခန့်ခွဲရေးနည်းရော၊ ဈေးကွက်ထဲမှာ ဒေါ်လာဝင်ပြီးတော့ ရောင်းတဲ့နည်းရော ၂ ခုစလုံးကို ပူးတွဲပြီးတော့ ကျင့်သုံးနေတယ်လို့ အဲဒီလိုပဲ နားလည်ပါတယ်။”

အရင်က တဒေါ်လာ ၉၀၀ ကျပ် ဝန်းကျင် ငွေလဲနှုန်းကနေ ဒီလပိုင်းတွေ အတွင်း ၁,၁၃၀ ကျော်လာတဲ့ အထိ အမေရိကန် ဒေါ်လာဈေး တက်လာရတဲ့ အခြေအနေကိုလည်း စီးပွားရေး ပညာရှင် ဘောဂဗေဒ ဦးခင်မောင်ညိုက အခုလို သုံးသပ်ပါတယ်။
“ထုံးစံအတိုင်း အမေရိကန်ဒေါ်လာ သူ့ဟာသူ ဈေးတက်တဲ့ကိစ္စက တခုပေါ့နော်၊ ဒါကအခြေခံပေါ့။ နောက်တခုကတော့ မြန်မာနဲ့ နိုင်ငံခြားနဲ့ အရောင်းအဝယ် လုပ်ရာမှာ မြန်မာက သွင်းကုန်တွေများတော့ အဲဒီအတွက် ဒေါ်လာငွေ များများစားစားလိုတာပေါ့နော်၊ အဲဒါကလည်း တောက်လျှောက်ပါ။ ကုန်သွယ်မှုမှာ လိုငွေပြနေတယ်။ ဒီဟာကလည်း အရေးကြီးတဲ့ အချက်တခုပါ။ အခုဗဟိုဘဏ်က ဘာ့ကြောင့် တိုက်ရိုက်ဝင်ရသလဲဆိုတဲ့ ဟာကတော့ ဈေးကစားတယ်ပေါ့နော်၊ ဈေးကစားတယ်ဆိုတာက ဝယ်တဲ့ဖက်က များနေတယ်၊ ရောင်းတဲ့ဖက်က မရှိဘူးဆိုတဲ့ အခါကျတော့၊ ဒါကဈေးကစားစရာ အခွင့်အလမ်း ပေါ်လာတာပေါ့လေ။ အဲဒီတော့ သူတို့အနေနဲ့ကတော့ ဒါဟာ ဈေးကစားတယ်လို့ ယူဆစရာ အကြောင်းတွေ ရှိတဲ့အတွက် ရောင်းဝယ်နေကြတဲ့ ဘဏ်တွေ၊ Money Changers တွေကို ခေါ်ပြီးတော့ သတိပေးတယ်လို့ အဲဒီလို နားလည်ပါတယ်။”

သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်လာတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ အရင် နိုင်ငံခြားငွေလဲနှုန်းကို ပုံသေသတ်မှတ်ခဲ့ရာက အခုနောက်ပိုင်းမှာ နိုင်ငံခြားငွေလဲနှုန်းကို ဈေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းလိုအား၊ ဝယ်လိုအား အပေါ် မူတည်ပြီး နေ့စဉ် နိုင်ငံခြားငွေ လဲလှယ်နှုန်းကို သတ်မှတ်ပေးနေတာ ဖြစ်ပါတယ်။ မေလ ၁၃ ရက်နေ့ အတွက် ဗဟိုဘဏ်က သတ်မှတ်တဲ့ အမေရိကန် တဒေါ်လာ ငွေလဲနှုန်းကတော့ မြန်မာငွေ ၁,၀၈၂ ကျပ် ဖြစ်ပါတယ်။

XS
SM
MD
LG