သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးပါဆယ်ထုတ်တွေ ပေးပို့မှု သံသယရှိသူကို ဖမ်းဆီး


Cesar Sayoc
Cesar Sayoc

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို ဝေဖန်သူတွေဆီ ဖောက်ခွဲရေးပစ္စည်းတွေပါတဲ့ အထုပ် ၁၃ ထုပ် ထက်မနည်း စာတိုက်ကနေ ပေးပို့ခဲ့တယ်လို့ သံသယရှိသူ ရာဇတ်ပြစ်မှုတွေ ကျူးလွန်ဖူးတဲ့ နောက်ခံ သမိုင်း နှစ်ပေါင်းများစွာရှိထားတဲ့ ဖလော်ရီဒါပြည်နယ်သားတဦးကို သောကြာနေ့က ဖမ်းဆီးလိုက်ပါတယ်။

ဖလော်ရီဒါပြည်နယ်၊ Aventura မြို့က အသက် ၅၆ နှစ်အရွယ် Cesar Sayoc ကို ဖက်ဒရယ် ရာဇဝတ်မှု ငါးမှုနဲ့ တရားစွဲထား ကြောင်း ရှေ့နေချုပ် Jeff Sessions ကပြောပါတယ်။ ပြစ်မှုတွေ ထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေကို စာတိုက်ကနေ တရားမဝင် ပေးပို့မှုနဲ့ အစိုးရတာဝန်ရှိ သူတွေကို ခြိမ်းခြောက်မှုတွေ ပါဝင်ပါတယ်။ ဒီပြစ်မှုတွေအတွက် အပြစ်ရှိတယ်ဆိုတာ ထင်ရှားရင် ထောင်ဒဏ် ၄၈ နှစ်ထိ ကျခံရနိုင်တယ်လို့လည်း ရှေ့နေချုပ် Sessions ကပြောပါတယ်။

အထုပ် ၁၂ ထုပ်ထဲမှာ လက်လုပ်ဖောက်ခွဲရေးပစ္စည်း ၁၃ ခုပါပြီး အထုပ်တထုပ်ချင်းစီမှာ ၆ လက်မ အရှည် PVC ပိုက်တချောင်း၊ နာရီသေးတလုံးနဲ့ ပေါက်ကွဲနိုင်ခြေရှိတဲ့ပစ္စည်းတွေ ပါတယ်လို့ FBI ညွှန်ကြားရေးမှူး Christopher Wray ကပြောပါတယ်။

“ဒီပစ္စည်းတွေဟာ အတုတွေ မဟုတ်ပါဘူး” လို့လည်း ညွှန်ကြားရေးမှူး Wray ကပြောပါတယ်။

အထုပ်တထုပ်ပေါ်ကနေရတဲ့ လက်ဗွေကနေတဆင့် စုံစမ်းစစ်ဆေးရေးမှူးတွေ Sayoc ကို ဖော်ထုတ် လိုက်နိုင်တာလို့ ပြောသလို နောက်ထပ် အထုပ်တထုပ်မှာလည်း မျိုးရိုးဗီဇ DNA အထောက်အထားဖြစ်နိုင်ခြေကို တွေ့ရတယ်လို့ ပြောပါတယ်။

အဲဒီ လက်လုပ် ဖောက်ခွဲရေးပစ္စည်းတွေကို သမ္မတဟောင်း ဘရာ့ခ် အိုဘားမား၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်၊ ရှေ့နေချုပ်ဟောင်း Eric Holder ၊ ဒီမိုကရက်ပါတီက အောက်လွှတ်တော်အမတ်နှစ်ဦး၊ CIA ညွှန်ကြားရေးမှူး ဟောင်း John Brennan အပါအဝင် ထင်ရှားတဲ့ ဒီမိုကရက်တွေဆီကို လိပ်မူပြီး ပေးပို့ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG