ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ကြိုးကိုင်စီစဉ်ခဲ့သူလို့ စွပ်စွဲခံထားရသူနဲ့ တိုက်ရိုက် ဆက်စပ်ပတ်သက်နေတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွ ခေါင်းဆောင်ဟာ ဆီးရီးယားနိုင်ငံအတွင်း ပြုလုပ်ခဲ့တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှု တခုအတွင်း သေဆုံးသွားကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။
Charaffe al-Muadan ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဆုံးသွားကြောင်း ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး Steve Warren က အင်္ဂါနေ့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
Mouadan ဟာ လူပေါင်း ၁၃၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်မှုကို စီစဉ်လုပ်ဆောင်ခဲ့တဲ့သူလို့ ယုံကြည်ရတဲ့ Abdelhamid Abaaoud နဲ့ ဆက်နွယ်ပတ်သက်သူ ဖြစ်တယ်လို့ သူကပြောပါတယ်။ Abaaoud ကတော့ နိုဝင်ဘာ ၁၃ ရက်နေ့ ပဲရစ်တိုက်ခိုက်မှု ဖြစ်ပွားအပြီး ရက်ပိုင်းအကြာ ရဲတပ်ဖွဲ့ရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပါတယ်။
Mouadan ဟာ အနောက်နိုင်ငံတွေကို ထပ်မံ တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့အတွက် တက်တက်ကြွကြွ စီစဉ်နေသူ ဖြစ်တယ်လို့ Steve Warren က ပြောပါတယ်။ ဒါပေမဲ့ ဒီလိုစီစဉ်နေတာဟာ အမေရိကန် နိုင်ငံကိုလား ဥရောပ နိုင်ငံတွေကိုလား၊ နှစ်မျိုးစလုံးကိုလား ဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။