သုံးရလွယ်ကူစေသည့် Link များ

နှစ်ပေါင်းများစွာ အာဏာရှင်စနစ်လက်အောက် နေခဲ့ရတဲ့ ကာလအတွင်း မြန်မာပြည်ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် ခရစ်တော်ကို ကားစင်တင်ခဲ့တဲ့ Calvary နေရာလို နာကျင်မှုဝေဒနာနဲ့ ဒုက္ခသည်ရောက်ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံက Cardinal ဘုန်းတော်ကြီးလည်းဖြစ် မြန်မာနိုင်ငံ ကက်သလစ်အသင်းတော်ရဲ့ ရန်ကုန်ဂိုဏ်းချုပ် ဆရာတော်ကြီး ချားလ်စ်ဘိုက ဗြိတိန်နိုင်ငံ Liverpool မြို့၊ Christ the King ဘုရားကျောင်းမှာ မိန့်ကြားသွားပါတယ်။

အခုတော့ လူထုရွေးချယ်တဲ့ အစိုးရတရပ် ပေါ်လာပြီဖြစ်တဲ့အတွက် အားလုံး လွတ်မြောက်ကြပါပြီဆိုပြီး ပြောဆိုသွားပါတယ်။ ဦးစံမိုးဝေက တင်ပြထားပါတယ်။

အရင် စစ်အစိုးရလက်ထက်၊ ခရစ်ယာန် ဘာသာပြန့်ပွားရေးကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်တာ၊ ဘုရားကျောင်းအသစ်တွေ ဆောက်လုပ်ခွင့် ပိတ်ပင်ခံရတာ၊ ခရစ်ယာန် ဘာသာရေးဆိုင်ရာ သင်တန်းတွေ တက်နိုင်ဖို့ ပြည်ပကိုပဲ စေလွှတ်ခဲ့ရတာတွေကို Liverpool မြို့ တရားပွဲမှာ Cardinal ဘုန်းတော်ကြီး ချားလ်စ်ဘိုက အဓိက မိန့်ကြားသွားတဲ့အကြောင်း Catholic News Service က သတင်းထုတ်ပြန်ပါတယ်။

Aid to the Church in Need နဲ့ Christian Solidarity Worldwide အဖွဲ့ရဲ့ ဖိတ်ကြားချက်အရ ဗြိတိန်နိုင်ငံကို ကြွလာတဲ့ Cardinal ဘုန်းတော်ကြီး ချားလ်ဘိုက မြန်မာပြည် ဒီမိုကရေစီရေးအတွက် ကူညီပေးခဲ့တဲ့ ကမ္ဘာအရပ်ရပ်က ခရစ်ယာန်ဘာသာဝင်တွေကို ကျေးဇူးတင်တဲ့အကြောင်း မိန့်ကြားသွားပါတယ်။

မြန်မာပြည်မှာ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ကိုးကွယ်ယုံကြည်မှုကို လူမျိုးတမျိုးတည်းကသာ လွှမ်းမိုးချုပ်ကိုင်ထားတာ ခံခဲ့ရတဲ့အကြောင်း၊ ဒါပေမဲ့လည်း ဘုရားသခင်က ပစ်ပယ်မထားခဲ့တဲ့အကြောင်းနဲ့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေ ရလာနေပြီလို့ ယုံကြည်တဲ့အကြောင်း ပြောဆိုသွားပါတယ်။ အထူးသဖြင့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်၊ နိုင်ငံတော် အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးပြောဆိုပါတယ်။ မကြာသေးခင်က ဗွီအိုအေနဲ့ ဆက်သွယ်မေးမြန်းရာမှာလည်း Cardinal ဘုန်းတော်ကြီး ချားလ်စ်ဘိုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ သူ့သဘောထားကို အခုလို မိန့်ကြားပါတယ်။

“သူ့အနေနဲ့က မြန်မာပြည်မှာ အရေးအကြီးဆုံးဖြစ်တဲ့ ပဋိပက္ခဖြစ်နေတဲ့ သူ့အနေနဲ့ ဦးတည်ချက်ကတော့ ပြန်လည်ကြေအေးခြင်းပဲပေါ့နော်။ ပြန်လည်ပြီးတော့ ငြိမ်းချမ်းရေးရဖို့အတွက် နိုင်ငံတော်မှာ အထူး ကြိုးစားမယ်ဆိုတဲ့အချက်ကို ဆရာတော်အနေနဲ့ မြင်မိတယ်ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်အနေနဲ့က ငြိမ်းချမ်းရေးရဖို့အတွက်ဆိုရင် တိုင်းရင်းသားတွေ ပဋိပက္ခဖြစ်နေတဲ့ အထူးသဖြင့် တပ်မတော်နဲ့ တိုင်းရင်းသားတွေဖြစ်နေတဲ့ ပြည်တွင်းမှာဖြစ်နေကြတဲ့ စစ်ရေးပဋိပက္ခမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အထူးပဲ ဦးတည်ချက်ထားပြီးတော့ ကြိုးစားမယ်ဆိုတဲ့ အရာတွေကို မြင်မိတယ်ပေါ့။”

အစိုးရသစ်နဲ့ ဘာသာရေး လွတ်လပ်ခွင့်အပေါ် မျှော်လင့်ချက်ကိုလည်း Cardinal ဘုန်းတော်ကြီး ချားလ်စ်ဘိုက အခုလို မိန့်ကြားပါတယ်။

“ဗုဒ္ဓဘာသာ ဆရာတော်ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်များတင် မကသေးဘဲ တပြည်လုံး ညီညီညွတ်ညွတ်နဲ့ ပိုမိုဖြစ်နိုင်ဖို့ရာအတွက် တဘာသာကိုပဲ ဆုံးမနာယူ ခံယူဖို့ရာတင် မဟုတ်ဘဲနဲ့ တခြားဘာသာဖြစ်တဲ့ ခရစ်ယာန်များရဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်များ၊ ဘာသာရေးခေါင်းဆောင်များကိုလည်းပဲ နာယူနိုင်ဖို့၊ မူဆလင်များရဲ့ အကြံဥာဏ်ကိုလည်းပဲ လက်ခံဖို့၊ ဟိန္ဒူများရဲ့ အကြံပေးမှုများကိုလည်း အကျုံးဝင် ပါဝင်နိုင်ဖို့ရန်အတွက်လည်း အရေးကြီးပါတယ်။ အဲတော့ ဘာသာပေါင်းစုံ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ ဘာသာပေါင်းစုံရဲ့ ဘာသာရေးခေါင်းဆောင်များကို ညီညီညွတ်ညွတ်နဲ့ သူ အလေးပေးပြီးတော့ နားထောင် ပြုပြင်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံတော်အတွက်ပေါ့နော် အထူးပဲ အေးချမ်းသာယာတဲ့ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတခုဖြစ်မယ်လို့ ဆရာတော်လည်း ခံယူမိတယ်ပေါ့နော်။”

မြန်မာနိုင်ငံ ကက်သလစ်အသင်းတော်ရဲ့ ရန်ကုန်ဂိုဏ်းချုပ် ဆရာတော်ကြီး ချားလ်စ်ဘို ကို ရိုမန်ကက်သလစ် သာသနာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီး Francis ကနေ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က Cardinal ဘုန်းတော်ကြီးအဖြစ် ရွေးကောက် တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။ ဘုန်းတော်ကြီး ချားလ်စ်ဘိုဟာ မြန်မာနိုင်ငံအတွင်း ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေသူ တဦးလည်း ဖြစ်ပါတယ်။

XS
SM
MD
LG