သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးဆိုင်ရာ ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Rivkin မြန်မာပြည်လာမည်


 အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ၂၀၁၄ မြန်မာပြည်ခရီးစဉ် လာရောက်ခဲ့စဉ်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ၂၀၁၄ မြန်မာပြည်ခရီးစဉ် လာရောက်ခဲ့စဉ်။

အမေရိကန်နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာ ရှေ့သီတင်းပတ်ထဲ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ အာရှတလွှား စီးပွားရေးမြှင့်တင်ဖို့ စီမံကိန်းရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပြီး - ဒီခရီးစဉ်အတွင်း ဝန်ကြီး Rivkin နဲ့အတူ အမေရိကန်စီးပွားရေးကုမ္ပဏီတချို့လည်း လိုက်ပါသွားမှာဖြစ်ပါတယ်။ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Rivkin ကို ဗွီအိုအေရဲ့ နိုင်ငံခြားရေးဌာန သတင်းထောက် Nike Ching က တွေ့ဆုံ မေးမြန်းထားတာကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry စင်္ကာပူနိုင်ငံမှာ မိန့်ခွန်းပြောကြားစဉ်က "အမေရိကန်နဲ့ အာရှ-ပစိဖိတ်ဒေသ၊ သာယာဝပြောရေး မိတ်ဖက်များ" ဆိုပြီး ကြေညာသွားတဲ့အတိုင်း - အမေရိကန်ရဲ့ ဆန်းသစ်တီထွင်ဖန်တီးမှု အစီအစဉ်ထဲက တခုအနေနဲ့ အမေရိကန် စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာ စီးပွားရေးကုမ္ပဏီတချို့ကို ဦးဆောင်ပြီး - သြဂုတ်လ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ ၃ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

ဒုတိယအကြိမ် မြန်မာနိုင်ငံကို သွားရောက်တဲ့ သူ့ခရီးစဉ် အဓိက ရည်ရွယ်ချက်ကတော့ အမေရိကန်ရဲ့ စီးပွားရေး မူဝါဒဟာ နိုင်ငံခြားရေးမူဝါဒ ဖြစ်တယ်ဆိုတဲ့အတိုင်း - မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို အားပေးဖို့အတွက် သွားရောက်မှာ ဖြစ်တယ်လို့လည်း ဝန်ကြီး Rivkin က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရတက်လာပြီး နောက် - ပြီးခဲ့တဲ့ မေလမှာ မြန်မာနိုင်ငံအပေါ် အရင်က ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှု ၈၀% နီးပါးကိုလည်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က ရုပ်သိမ်း ပေးခဲ့တာကြောင့် မြန်မာနိုင်ငံအတွက် ဒီအချိန်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အသင့်တော်ဆုံး ဖြစ်တဲ့အတွက် ASEAN ရဲ့ အဓိကကုန်သွယ်ဖက်ဖြစ်တဲ့ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ တိုးပြီး ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးအချိန် ဖြစ်တယ်လို့ ဝန်ကြီး Rivkin က အခုလို ပြောခဲ့ပါတယ်။

“အမေရိကန်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု နည်းပေမဲ့ ASEAN ဟာ အမေရိကန်ရဲ့ ကုန်သွယ်ဖက် အကြီးမားဆုံး ဖြစ်ပါတယ်။ ASEAN ဈေးကွက်ဟာ ၂.၆ ထွီလီယံ ဒေါ်လာ ရှိပါတယ်။ မြန်မာနိုင်ငံဟာ ASEAN နိုင်ငံတွေအနက် ပါဝင်ပေမဲ့ မြန်မာနိုင်ငံဟာ ASEAN နိုင်ငံတွေထဲမှာ ပထမဝီဝင် အနေအထားအရ အကောင်းဆုံး ဖြစ်ပါတယ်။ အိန္ဒိယနဲ့ တရုတ်ကြားမှာ ရှိနေတော့ လူဦးရေ သန်း ၂၅၀၀ ကြားမှာ ရောက်နေတာပါ။ ဒါကြောင့် ကုန်သွယ်ရေးဗဟိုချက်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခြေခံယန္တရာုး အဆောက်အအုံတွေနဲ့ စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံမှု လိုအပ်ပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ အထိ မြန်မာနိုင်ငံကို အမေရိကန်ပို့ကုန်တွေဟာ ၃ ဆ တိုးလာပါတယ်။ အမေရိကန်အနေနဲ့ ASEAN မှာ ရင်းနှီးမြှုပ်နှံတာဟာ ဂျပန်၊ ကိုရီးယား၊ တရုတ် ၃ နိုင်ငံပေါင်းထက်ကို များပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုက အရင်က ချထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် နည်းခဲ့ပါတယ်။ အခု ဒီဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးပြီဖြစ်လို့ အမေရိကန်ကုမ္ပဏီတွေအတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးပဲလို့ ကျနော် ထင်ပါတယ်။”

ဒါ့အပြင် မကြာခင်းသေးခင်နှစ်တွေကစလို့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွေမှာ လူထုရဲ့ ထောက်ခံမှုနဲ့ မဲအပြတ်အသတ် အနိုင်ရပြီးနောက် နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရတက်လာပြီမို့ - စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဆောင်ဖို့ အကောင်းဆုံး အခွင့်အလမ်းတရပ် ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲဟာ ဘယ်လောက်တောင် သမိုင်းဝင်လဲဆိုတာ စဉ်းစားကြည့်ပါ။ နှစ်ပေါင်း ၆၀ အတွင်း ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်တဲ့ အစိုးရ ဖြစ်လာပါပြီ။ ဒါ့အပြင် မြန်မာခေါင်းဆောင်ဟာ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်ပါတယ်။ လူ့အခွင့်အရေးကို ထောက်ခံအားပေးသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီ တိုးတက်ပြောင်းလဲမှုကြီးကို ကျနော်တို့ နွေးထွေးစွာ ကြိုဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရနဲ့ လက်တွဲပြီး အခြေအနေတိုးတက်အောင် လုပ်ကြရမှာပါ။ အတိတ်က ဖြစ်ခဲ့တာတွေအတွက် လက်ရှိအစိုးရကို အပစ်တင်နေမယ့်အစား ပြုပြင်ပြောင်းလဲရေးခေတ်မှာ အမေရိကန်က မြန်မာနဲ့ ရင်းနှီးစွာဆက်ဆံဖို့က သိပ်ကို ကောင်းတဲ့ အခွင့်အလမ်းတရပ်ပါ။”

မြန်မာနိုင်ငံဟာ ပထဝဝီဝင်အနေအထားအရလည်း အရေးပါတဲ့ နိုင်ငံတခုဖြစ်တယ်လို့ သူက ဆိုပါတယ်။ အာရှရဲ့ အင်အားကြီး တရုတ်နဲ့ အိန္ဒိယ နိုင်ငံတို့ကြားမှာ တည်ရှိနေသလို၊ အာဆီယံအသင်းဝင်နိုင်ငံ တခုလည်းဖြစ်နေတာကြောင့် စီးပွားရေးမှာ အချက်အခြာကျပြီး - ဒေသတွင်း စင်္ကာပူနိုင်ငံ လို တိုးတက်နိုင်တဲ့ အနေအထားမှာရှိတယ်လို့လည်း ဝန်ကြီး Rivkin က ပြောဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ တရုတ်နဲ့ အိန္ဒိယကြား ပထဝီဝင်အနေအထားအရ သိပ်ကို အချက်အချာကျတဲ့အပြင် ကြိုတင်ခန့်မှန်းချက်တွေအရ ၂၀၂၀-၂၀၂၅ ခုနှစ်လောက်ဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့လူဦးရေတဝက်က လေယာဉ်ပျံခရီး ၅ နာရီစီးပြီး လာရောက်နိုင်ကြမယ့် အခြေအနေ ဖြစ်လာနိုင်ပါတယ်။ လက်ရှိ မြန်မာ့စီးပွားရေးက ဒေါ်လာ ၆၃ ဘီလီယံရှိပါတယ်။ ဒါပေမဲ့ ကုန်သွယ်ရေးဗဟိုချက်သာ ဖြစ်လာနိုင်ရင် တိုးတက်မှု အလားအလာကို စဉ်းစားကြည့်နိုင်ပါတယ်။ ကမ္ဘာပေါ်မှာ စီးပွားရေး အတိုးတက်ဆုံး နိုင်ငံတွေထဲ ပါဝင်လာနိုင်ပါတယ်။ FDI နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်က လက်ရှိ ၁% ပဲ ရှိပါတယ်။ FDI ကလည်း သဘာဝသယံဇာတက ထုတ်ယူမှုတွေမှာပဲ ရှိနေပါတယ်။ ဒါပေမဲ့ စီးပွားရေးတိုးတက်မယ်၊ အခြေခံ လိုအပ်ချက် အဆောက်အအုံတွေ တိုးတက်မယ်၊ စက်ရုံတွေ ဖြစ်လာမယ်ဆိုရင် ဥပမာ တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီတွေ လက်တဆုပ်စာ ဝင်လာတာ အင်တာနက်လုံးဝနီးပါး မရှိရာကနေ အခုဆို ၇၀% လောက်အထိ တိုးတက်လာပါပြီ။ ဒါကြောင့် အမေရိကန်ကုမ္ပဏီတွေ ဝင်လာရင် ပိုပြီး တိုးတက်မှုတွေ လျှင်မြန်လာနိုင်မှာပါ။”

လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့အတွက် အခြေခံ ယန္တရားအဆောက်အဦးတွေနဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေ အားနည်းတာကြောင့် အခက်အခဲတွေ ရှိနိုင်ပေမဲ့လည်း - အမေရိကန်ကုမ္ပတွေ မြန်မာနိုင်ငံကို သွားရောက် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဝန်ကြီး Rivkin က ပြောဆိုခဲ့တာပါ။

ဝန်ကြီး Rivkin ဟာ ပြီးခဲ့တဲ့ ၂၀၁၄ သြဂုတ်လ ၂၇ ရက်နေ့ကလည်း မြန်မာနိုင်ငံကို ပထမအကြိမ် သွားရောက်ခဲ့ဖူးပါတယ်။ ရှေ့သီတင်းပတ် သူ့ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း IBM၊ GE၊ GM၊ Coca-Cola, Dလွိုက် တို့လို စတဲ့ ကုမ္ပဏီကြီးတွေ တာဝန်ရှိသူတွေလည်း လိုက်ပါသွားကြမှာဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ကြီးဟာ ရန်ကုန်မြို့မှာတော့ ဖန်တီးအိမ်မြန်မာအန်ဂျီအို အဖွဲ့ရုံးနဲ့ မှော်ဘီမှာရှိတဲ့ Coca-Cola စက်ရုံတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG