သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တတိယမြောက်ချားလ်စ်ဘုရင် နန်းတက်ပွဲ ကျင်းပနေ


Britain's King Charles coronation
Britain's King Charles coronation

ဗြိတိန်ဘုရင် Charles III တတိယမြောက်ချားလ်စ်ဘုရင် နန်းတက်ပွဲအခမ်းအနားကို လန်ဒန်မြို့က Westminster Abbey ဘုရားကျောင်းမှာ ဒီနေ့ကျင်းပနေပါတယ်။ ဒါဟာ နှစ်ပေါင်း ၇၀ အတွင်း ဗြိတိန်နိုင်ငံမှာ ပထမဆုံးအကြိမ် နန်းတက်ပွဲအခမ်းအနားကို ကျင်းပတာ ဖြစ်ပါတယ်။ ဗြိတိန်ဘုရင် ချားလ်စ်နဲ့ သူ့ရဲ့ ကြင်ယာတော် Camilla ကမ်မီလာတို့ဟာ ဒီနေ့မနက်ပိုင်းက ဘက်ကင်ဟမ်နန်းတော်ကနေ Westminster ဝက်စ်မင်စတာ ဘုရားကျောင်းကို မြင်းရထားနဲ့ သွားရောက်ခဲ့ပြီး ၊ တရားဝင် နန်းတက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက Charles ရဲ့ မိခင် အဲလိဇဘတ် ဘုရင်မကြီး Elizabeth II ကွယ်လွန်ခဲ့ပြီးတဲ့နောက် သားအကြီးဆုံးဖြစ်တဲ့ ချားလ်စ်က ဗြိတိန်ထီးနန်း အရိုက်အရာကို ဆက်ခံခဲ့တာဖြစ်ပါတယ်။ ချားလ်စ် ဘုရင်ဟာ အသက် ၇၄ နှစ်အရွယ်မှာ နန်းတက်ခဲ့တဲ့အတွက် ဗြိတိန်ထီးနန်းသမိုင်းမှာတော့ အသက်အကြီးနန်းတက်တဲ့ဘုရင် ဖြစ်ပါတယ်။

ဒီနန်းတက်ပွဲအခမ်းအနားကိုတော့ တော်ဝင်မိသားစုတွေနဲ့ အတူ ကမ္ဘာတဝန်းက နိုင်ငံခေါင်းဆောင်တွေ အများအပြားလည်း တက်ရောက်ခဲ့ကြပြီး အဲဒီထဲမှာ ပြင်သစ်သမ္မတ Emmanuel Macron, ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ EU ဥရောပသမဂ္ဂကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့လည်း တက်ရောက်ခဲ့ပြီး အမေရိကန်သမ္မတကတော် Jill Biden ကတော့ မြေးဖြစ်သူ Finnagen နဲ့ တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် ယူကရိန်းသမ္မတကတော် Olena Zelenska လည်း တက်ရောက်ခဲ့ပြီး၊ လက်ရှိဗြိတိန်ဝန်ကြီးချုပ် Rishi Sunak နဲ့ အတူ ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ John Major, Tony Blair, Gordon Brown, Teresa May, Boris Johnson နဲ့ Liz Truss တို့လည်း တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ရုရှား၊ ဘဲလာရုစ်၊ အီရန်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေက ခေါင်းဆောင်တွေကတော့ နန်းတက်ပွဲတက်ရောက်ဖို့ ဖိတ်ကြားမခံရပါဘူး။

လန်ဒန်မြို့အပါအဝင် နိုင်ငံတဝန်းမှာတော့ ဗြိတိန်ပြည်သူတွေက လမ်းတွေနဲ့ ပန်းခြံတွေမှာ စုဝေးပြီးတော့ မိုးတွေရွာနေတဲ့ကြားကပဲ ချားလ်စ်ဘုရင်ရဲ့ နန်းတက်ပွဲအခမ်းအနားကို ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး လန်ဒန်မှာတော့ လုံခြုံရေးတွေကို တင်းတင်းကြပ်ကြပ် ချထားပါတယ်။ ဗြိတိန်ဘုရင်သစ်ကို ပြည်သူအများစုက ကြိုဆိုတဲ့ တချိန်တည်းမှာပဲ ဘုရင်စနစ်ကို ဆန့်ကျင်တဲ့သူတချို့ကလည်း ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက နန်းတက်ပွဲအခမ်းအနားအတွက် ချားလ်စ်ဘုရင်သွားမယ့် လမ်းတလျှောက်မှာ ကြိုဆိုစောင့်ဆိုင်းနေတဲ့သူတွေနဲ့ ဘုရင်စနစ်ကို ဆန့်ကျင်တဲ့သူတချို့ကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။

XS
SM
MD
LG