သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရားကျောင်းပစ်ခတ်မှု သေဆုံးသူတွေအတွက် ဝတ်ပြုဆုတောင်းပွဲတွေကျင်းပ


လူကိုးဦး သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ Emanuel AME ဘုရားကျောင်းအပြင်ဘက် ညနေပိုင်းမှာ အောက်မေ့ဖွယ်အခမ်းအနားလာရောက်သူများကို တွေ့ရစဉ်။
လူကိုးဦး သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ Emanuel AME ဘုရားကျောင်းအပြင်ဘက် ညနေပိုင်းမှာ အောက်မေ့ဖွယ်အခမ်းအနားလာရောက်သူများကို တွေ့ရစဉ်။

ဒီသီတင်းပတ်အစောပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်လို့ လူကိုးဦးသေဆုံးခဲ့ရတဲ့ တောင်ကာရိုလိုင်းနားပြည်နယ်၊ ချာလ်စ်တန်မြို့က Emanuel AME ခရစ်ယာန်ဘုရားကျောင်းပြင်ပမှာ လူရာပေါင်းများစွာ စနေနေ့ကစုဝေးပြီး သေဆုံးသွားသူတွေအတွက် ဆုတောင်းပေးပြီးတော့ ကျန်ရစ်သူမိသားစုတွေကို ဝမ်းနည်းစကားပြောကြပါတယ်။

လူမျိုးရေး ရန်လိုမုန်းတီးမှုတွေကိုကျော်လွှားပြီး လူမှုအဝန်းအဝိုင်းတခုတည်းဖြစ်ဖို့ အထူးအရေးကြီးတယ်လို့ နယူးယောက်မြို့၊ Infinity Bible ခရစ်ယာန်ဘုရားကျောင်းက ဘုန်းတော်ကြီး Dimas Salaberrios က စုဝေးသူတွေကို ပြောပါတယ်။ ၃၉ ဒီဂရီ ဆဲလ်ဆီးယပ်စ်လောက်ရှိမယ်လို့ ခန့်မှန်းတဲ့ အပူချိန်အောက်မှာ စုဝေးနေကြတဲ့ လူအုပ်ကြီးကို ဘုန်းတော်ကြီးက ဆုတောင်းပေးပြီး အားပေးစကားပြောပါတယ်။

အမေရိကန်ပြည်ထောင်စုတဝန်းက ဘာသာရေးနဲ့ လူမှုအခွင့်အရေးဆိုင်ရာ ခေါင်းဆောင်တွေဟာလည်း စနေနေ့က အလားတူ ဆုတောင်းပွဲတွေ လုပ်ကြပါတယ်။

သေနတ်သမားလို့သံသယရှိသူ အသက် ၂၁ နှစ်အရွယ် Dylann Roof ဟာ လူဖြူတဦးဖြစ်ပြီး လူမျိုးရေးမုန်းတီးတဲ့အမြင်ရှိတဲ့ နောက်ခံသမိုင်းကြောင်း မကြာသေးခင်က ရှိထားသူပါ။ သူ့ကို ချာလ်စ်တန် ကောင်တီအချုပ်မှာ ချုပ်ထားပါတယ်။

လူသတ်မှု ကိုးမှု၊ လက်နက်ခဲယမ်းကို ရာဇဝတ်မှုမြောက် ကိုင်ဆောင်မှုတွေနဲ့ သူ့ကို တရားစွဲထားပါတယ်။ Emanuel AME ခရစ်ယာန်ဘုရားကျောင်းဟာ အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသားတွေရဲ့ သမိုင်းဝင် ဘုရားကျောင်းဖြစ်တာကြောင့် ဝင်ပစ်ဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ Roof က စုံစမ်း စစ်ဆေးရေးမှူးတွေကို ပြောတယ်ဆိုပြီး သတင်းတွေထွက်ထားပါတယ်။

XS
SM
MD
LG