သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Charleston ဘုရားကျောင်း ပထမဆုံးအကြိမ် ဝတ်ပြုပွဲ ပြန်စ


သေနတ်ပစ်မှုဖြစ်ပွားခဲ့တဲ့ Emanuel AME ဘုရားကျောင်း
သေနတ်ပစ်မှုဖြစ်ပွားခဲ့တဲ့ Emanuel AME ဘုရားကျောင်း

တောင်ကာရိုလိုင်းနားပြည်နယ်၊ ချာလ်စ်တန်မြို့က အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသားတွေရဲ့ သမိုင်းဝင် ခရစ်ယာန်ဘုရားကျောင်းမှာ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ်အဖြစ် ဝတ်ပြုဆုတောင်းပွဲ ပြန်လုပ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ လူဖြူ သေနတ်သမားတဦးက ကျမ်းစာ လေ့လာရေးအဖွဲ့တဖွဲ့ကို သေနတ်နဲ့ဝင်ပစ်ခဲ့ပြီးကတည်းကဆိုရင် ပထမဆုံးပြန်လုပ်တဲ့ ဝတ်ပြုပွဲဖြစ်ပါတယ်။

Emanuel အာဖရိကန် မက်သဒစ် Episcopal ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာတော်နေရာမှာ ဧည့်ဘုန်းတော်ကြီး Norvel Goff က ကိုယ်စား ဆုတောင်းပေးပါတယ်။ သင်းအုပ်ဆရာတော် Clementa Pinckney ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားသူကိုးဦးထဲမှာ တဦးအပါအဝင်ပါ။ အဲဒီပစ်ခတ်လူသတ်မှုကို အမုန်းတရားအခြေခံတဲ့ ရာဇဝတ်မှုအဖြစ် ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေပါတယ်။

ရာပေါင်းများစွာသော ဝတ်ပြု ဆုတောင်းသူတွေအနေနဲ့ ဝမ်းနည်းကြေကွဲနေကြတာနဲ့အမျှ ဘုရားသခင်ကို အားကိုးအားထား ပြုကြဖို့ ဘုန်းတော်ကြီး Goff က မိန့်ပါတယ်။

ချာလ်စ်တန်မြို့ကလူတွေအပြင် ကာလီဖိုးနီးယားပြည်နယ်အထိ ဝေးတဲ့နေရာက ဝတ်ပြုဆုတောင်းသူတွေ ဘုရားကျောင်းရဲ့ ဝတ်ပြုခမ်းမအပြည့် တက်ရောက်ကြပါတယ်။ မြို့မှာ ဝတ်ပြုဆုတောင်းပွဲတွေမစခင် ချာလ်စ်တန်မြို့တဝန်းမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေအားလုံးက သွေးစည်း ညီညွတ်ကြောင်း ပြတဲ့အနေနဲ့ ဘုရားကျောင်းခေါင်းလောင်းတွေကို တပြိုင်တည်း တီးခဲ့ကြပါတယ်။

XS
SM
MD
LG