သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်ခံရပြီးနောက် ပထမဆုံးစာစောင် Charlie Hebdo ထုတ်ဝေ


နောက်ဆုံးထုတ် Charlie Hebdo မဂ္ဂဇင်း စတင်ရောင်းချစဉ် ဇန်နဝါရီ ၁၄၊ ၂၀၁၅
နောက်ဆုံးထုတ် Charlie Hebdo မဂ္ဂဇင်း စတင်ရောင်းချစဉ် ဇန်နဝါရီ ၁၄၊ ၂၀၁၅

ပြင်သစ်နိုင်ငံက သရော်စာတွေ ရေးသားတဲ့ Charlie Hebdo မဂ္ဂဇင်းတိုက်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တိုက်ခိုက်ခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ထုတ်ဝေလိုက်တဲ့ စာစောင်တွေကို ဒီကနေ့မှာပဲ နိုင်ငံအနှံ့မှာ စတင်ရောင်းချနေပါပြီ။

မဂ္ဂဇင်းသစ်ရဲ့ မျက်နှာဖုံးမှာတော့ အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ တမန်တော် မိုဟာမက်ရဲ့ ငိုကြွေးနေတဲ့ ကာတွန်းပုံနဲ့အတူ အားလုံးကို ခွင့်လွှတ်တယ်ဆိုတဲ့ စာသားကိုလည်း တွေ့ရပါတယ်။

ပုံမှန်အားဖြင့် အပတ်စဉ် စောင်ရေ ၆ သောင်း ထုတ်ဝေတဲ့ စာစောင်ကိုတော့ အခုအခါ ၅ သန်းအထိ တိုးမြှင့်ဖို့ ထုတ်ဝေသူတွေက ဆုံးဖြတ်ထားတယ်လို့လည်း ပြင်သစ်သတင်း အေဂျင်စီက ဖော်ပြခဲ့တာပါ။

ပုံနှိပ်စာစောင်တွေကို သီတင်း ၂ ပတ်ကြာ ရောင်းချမှာဖြစ်ပြီး၊ အွန်လိုင်းပေါ်မှာတော့ ပြင်သစ်ဘာသာနဲ့ သာမက အင်္ဂလိပ်၊ စပိန်၊ အာရေဗီ ဘာသာစကားတွေနဲ့ပါ ဖတ်ရှုနိုင်မှာ ဖြစ်တယ်လို့လည်း မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်က ပြောပါတယ်။

တချိန်တည်းမှာပဲ ယီမင်နိုင်ငံက အယ်လ်ခိုင်းဒါး အဖွဲ့ခွဲကတော့ ပြီးခဲ့တဲ့ သီတင်းပတ် ပဲရစ်မြို့တော်က အကြမ်းဖက် တိုက်ခိုက်မှုဟာ တမန်တော် မိုဟာမက်အတွက် လက်တုံ့ပြန်တဲ့ သူတို့ရဲ့ လက်ချက်ဖြစ်တဲ့အကြောင်း ဒီကနေ့ပဲ တရားဝင် ကြေညာခဲ့ပါတယ်။

Charlie Hebdo မဂ္ဂဇင်းတိုက်မှာ လူ ၁၂ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို စီစဉ်ပြီး၊ ငွေကြေး အထောက်အပံ့တွေလည်း ပေးခဲ့တဲ့အကြောင်း အာရေဗျ ကျွန်းဆွယ် အယ်လ်ခိုင်းဒါးအဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် Nasr al-Ansi က အင်တာနက်မှာ ဖော်ပြခဲ့တဲ့ ဗွီဒီယိုထဲမှာ ပြောဆိုခဲ့တာပါ။

မဂ္ဂဇင်းတိုက်ကို တိုက်ခိုက်ခဲ့ကြတဲ့ Said နဲ့ Cherif Kouachi ညီအကို ၂ ယောက်ကိုတော့ ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ ပြင်သစ်ရဲတွေက အသေပစ်ခတ် ဖမ်းဆီးခဲ့သလို၊ ပဲရစ်မြို့စွန်က ကုန်စုံဆိုင် တဆိုင်မှာ ဂျုးလူမျိုး ၄ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို ကျုးလွန်ခဲ့သူ Amedy Coulibaly ကိုလည်း တနေ့တည်းမှာပဲ အသေဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ဂျုးကုန်စုံဆိုင်ကို တိုက်ခိုက်ခဲ့တဲ့ ကိစ္စကိုတော့ သူတို့အဖွဲ့က စီစဉ်တာ မဟုတ်ဘူးလို့လည်း ယီမင်အယ်လ်ခိုင်းဒါး အဖွဲ့ခွဲရဲ့ ခေါင်းဆောင်က ပြောပါတယ်။

XS
SM
MD
LG