သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချောင်းဦးမြို့နယ်တွင်း တိုက်ပွဲ အရပ်သားတဦးသေဆုံး


ကံကြီးကုန်းရွာ
ကံကြီးကုန်းရွာ
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ တပ်စွဲထားတဲ့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာ ကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့သလို၊ စစ်ကောင်စီကလည်း အနီးအနား ကျေးရွာတခုကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။ အရပ်သားတဦးသေဆုံးပြီး ဒေသတွင်းနေအိမ် တချို့ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ဒေသခံကာကွယ်ရေးအဖွဲ့ကပြောပါတယ်။ ချောင်းဦးမြို့နယ်တွင်းကတိုက်ပွဲ အခြေအနေ သတင်းပေးပို့ချက်ကို ကိုရဲမွန်ပြောပြမှာပါ။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာရှိတဲ့ စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ကံကြီးကုန်းကျေးရွာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၅ ရက်၊ မနက်ပိုင်းမှာ ဝင်ရောက်တိုက် ခိုက်ခဲ့တာပါ။
အဲ့ဒီနောက် စစ်တပ်ဖက်က ကံကြီးကုန်းကျေးရွာအနီး ရွှေလှေကျေးရွာကို လေကြောင်းကနေ ဂျက်လေ ယာဉ်တွေနဲ့ ဗုံးကြဲခဲ့သလို မြေပြင်ကနေလည်း လက်နက်ကြီးတွေနဲ့ပါ ပစ်တဲ့အတွက် သုံးပန်လှကျေးရွာက ဒေသခံတဦးလည်း သေဆုံးတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒါ့အပြင် ဝယာကျေးရွာက နေအိမ်တွေလည်း မီးရှို့ခံရတယ်လို့ ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးကအခုလို ပြောပြပါတယ်။
“ကံကြီးကုန်းပျူစခန်းကိုဝင်ပြီးတော့ ချေမှုန်းတာပေါ့။ အဲ့မှာတိုက်ပွဲဖြစ်တာ။ နောက်ပိုင်း ဂျက်ဖိုက်တာ ၁ စင်းလာတယ်။ ရွှေလှေတို့ဘာတို့ကိုပစ်သွားတယ်။ အနည်းဆုံး ၄ ကြိမ်လောက် ပစ်သွားတယ်။ အဲ့လိုပစ်ပြီး ရေစကြိုဘက်ကနေပြီး အင်အား ၇၀ လောက်ရှိတဲ့ စစ်ကြောင်း ရောက်လာတယ်။ လက်ရှိတော့ ရွှေလှေ နားလေးကို ဝင်သွားပြီပေါ့။ ၆၀ တွေနဲ့ ပစ်တဲ့အခါမှာ စစ်ဘေးရှောင်တဲ့ ပြည်သူတွေ လက်တလောသိရတာ က သုံးပန်လှ ကျေးရွာထဲကို လှမ်းပစ်တယ်။ ပြည်သူ ၃ယောက်ထိတယ်။ တယောက်ကတော့ ဆုံးသွား တယ်ပေါ့။ ပျူရွာရဲ့ ဟိုဘက်မှာ အမြင့်(ရဲစခန်း) ရှိတယ်။ အမြင့်စခန်းကလည်း ထွက်ပြီးတော့ အကုန်လုံး ဝယာတို့ဘာတို့ကို မီးရှို့သားတယ်။ ဝယာဆို စတုတ္ထအကြိမ်မြောက်ရှိသွားပြီ။ အရှို့ခံရတာ။”
စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေဟာ ကံကြီးကုန်း ကျေးရွာမှာအခိုင်အမာ တပ်စွဲပြီး အနီးနားကျေးရွာက ဒေသခံတွေကို ဖမ်းဆီးတာ၊ ဝင်ရောက်လုယက်တာတွေရှိတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တဦးကအခုလို ပြောပါတယ်။
“သူတို့က လက်နက်စုံတယ်။ တော်တော်နဲ့လည်း ကပ်မရဘူး။ စက်ကလေး စက်ကြီး လက်နက်ကြီး RPG အကုန်လုံး ရှိတာပေါ့ဗျာ။ ရွာပတ်ပတ်လည်မှာလည်း မိုင်းတွေဘာတွေ ကာထားတာပေါ့။ အဲ့ဘေးကရွာ တွေဆိုရင် တောင်သူတောင် မလုပ်ရဲဘူးပေါ့။ တောင်သူတွေလုပ်လို့ သူတို့နဲ့တိုးတယ်ဆိုရင် သူတို့က ရွာထဲ ဖမ်းခေါ်သွားတာမျိုးတွေလုပ်တယ်။ ပြီးရင်လက်စဖျောက်လိုက်တာမျိုးတွေ အဲ့လိုမျိုးတွေ မကြာမကြာ ကြုံရတဲ့အတွက်ကြောင့်မို့လို့ ဘေးရွာတွေကမနေရဲဘူး။ စစ်ကြောင်းရောက်လာလို့ အင်အား တောင့်သွား ပြီဆိုရင် ဘေးရွာတွေကို သွားပြီးတော့ စားသောက်ရိက္ခာတွေ လုယက်တာတွေ လုပ်တာပေါ့ဗျာ။”

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က ညောင်ပင်ဝန်းကျေးရွာနဲ့ မအူပင်ကျေးရွာအနီးမှာလည်း ကျေးရွာကာကွယ် ရေးအဖွဲ့တွေနဲ့ စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ကျေးရွာကာကွယ်ရေး အဖွဲ့က ၂ ဦး သေဆုံးခဲ့ရပါသေး တယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG