သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မချောစန္ဒီထွန်းအပေါ် စွဲချက်တခု ပယ်ဖျက်


မချောစန္ဒီထွန်း ကို နိုဝင်ဘာလ ၂၄ ရက်နေ့က တရားရုံးထုတ်စဉ်။
မချောစန္ဒီထွန်း ကို နိုဝင်ဘာလ ၂၄ ရက်နေ့က တရားရုံးထုတ်စဉ်။

တပ်မတော် အကြီးအကဲကို သရော်ထားတဲ့ ဓာတ်ပုံကို Facebook လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခံထားရတဲ့ မချောစန္ဒီထွန်းခေါ် ချစ်သမီးကို ဒီကနေ့ စစ်ဆေးရာမှာတော့ စွဲချက်မခိုင်လုံတဲ့အတွက် စွဲဆိုထားတဲ့ အမှုတစ်မှုဖြစ်တဲ့ အသရေဖျက်မှု ပုဒ်မ ၅၀၀ ကို ပယ်ဖျက် ပေးလိုက်ပါတယ်။ နောက်ထပ် စွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄ ဃ တွေဟာလည်း လူ့အခွင့်အရေးနဲ့ မကိုက်ညီတဲ့အတွက် ပယ်ဖျက်ပေးဖို့ လိုတယ်လို့လည်း အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ ဒီကနေ့ မချောစန္ဒီထွန်းကိုယ်တိုင် အစစ်ဆေးခံတဲ့ မအူပင်မြို့ တရားရုံးထုတ်တဲ့ အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို သရော်တဲ့ ပုံတွေကို Facebook ပေါ်မှာ ဖော်ပြခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆက်သွယ်ရေး ဥပဒေတွေအပြင် အသရေဖျက်မှု ဥပဒေတွေနဲ့ တရားစွဲဆိုခြင်းခံထားရတဲ့ မချောစန္ဒီထွန်း (ခေါ်) ချစ်သမီးကို ဒီကနေ့ ၇ ကြိမ်မြောက်အဖြစ် ဧရာဝတီတိုင်း မအူပင်မြို့မှာ ရုံးထုတ်ရာမှာ စွဲချက်မခိုင်လုံတဲ့အတွက် အသရေဖျက်မှု ပုဒ်မ ၅၀၀ ကို တရားသူကြီးက တရားရှင်လွှတ်ပေးလိုက်တာ ဖြစ်တဲ့အကြောင်း အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ အရ စွဲဆိုတယ်။ ပြစ်မှုကြီးအမှတ် ၆၉၂/၂၀၁၅ ကိုတော့ ဒီ စွဲချက်တင်ပြီးတော့ ဖြေရှင်းစေလောက်တဲ့ သက်သေခံ အထောက်အထားပြည့်စုံမှု မရှိတဲ့အတွက် မအူပင်မြို့နယ် တရားသူကြီး ဒေါ်လှမြတ်မွန်က တရားရှင်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့လို့ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ အရ ဒုတိယ ဗိုလ်မှူးကြီးကျော်ထင်ကပဲ စွဲတဲ့ ပြစ်မှုကြီး အမှတ် ၇၄၂/၂၀၁၅ ကိုတော့ စွဲချက် တင်ပြီးတော့ ဖြေရှင်းစေတဲ့အတွက် ကျနော်တို့ ဒီကနေ့ မချောစန္ဒီထွန်းက ကိုယ်တိုင်သက်သေအဖြစ် အစစ်ခံပြီး ထုခြေခဲ့ပါတယ်။”

ဒီကနေ့ ရုံးထုတ်ရာမှာ မချောစန္ဒီထွန်း ကိုယ်တိုင် တရားခွင်မှာ အစစ်ဆေးခံတာဖြစ်ပါတယ်။ ဖေ့ဘုတ် လူ့မှု ကွန်ရက်ပေါ်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို သရော်ထားတဲ့ ဓာတ်ပုံကို တင်ခဲ့တယ်ဆိုပြီး တရားစွဲဆိုခံထားရပေမယ့်လည်း မချောစန္ဒီထွန်းကတော့ ဒီအကြောင်းနဲ့ ပတ်သတ်လို့ ဒီကနေ့မှာ ငြင်းချက်ထုတ်ခဲ့တယ်လို့ မိခင်ဖြစ်သူ ဒေါ်အိစံက ဖွင့်ဟပါတယ်။

“ချောစန္ဒီထွန်းက သူကိုယ်တိုင် ဖြေရှင်းချက်ပေးတာပေါ့နော်။ သူကိုယ်တိုင် လုပ်တာမဟုတ်ဘူး။ သူ့ကို ဖမ်းထားပေမယ့်လည်း ချစ်သမီးနာမည်နဲ့ရော ချောစန္ဒီထွန်းနာမည်နဲ့ရော အကောင့်တွေ အများကြီးတက်လာတယ်။ အဲလိုမျိုး သူကပြောတယ်။ တရားစွဲထားတဲ့ ပုံ တက်လာတဲ့ ပုံကလည်း သူတင်ထားတာ မဟုတ်ဘူးပေါ့။ အရင်ကလည်း ခနခန အကောင့်ကို အဖျက်ခံရတယ်၊ hack ခံရတယ် အဲဒီလိုမျိုးလည်း သူပြောတယ်လေ။ ဒါဆိုရင်တော့ ဟိုဘက်က တရားစွဲတဲ့ တရားလိုပြရှေ့နေပေါ့ သူကနေပြီးတော့ ဒါဆိုရင် အခုပြနိုင်မလားပေါ့ အကောင့်အတုတွေပေါ့နော်။ အဲဒါပြနိုင်တယ်ဆိုပြီးတော့ သူက ဖုန်းပေးသုံးတယ်။ အဲဒီဖုန်းအထဲမှာ သူပြတယ်။”

မချောစန္ဒီထွန်းကို အောက်တိုဘာလ ၁၂ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး အခုနောက်ပိုင်း ထောင်တွင်းမှာ တခြား အမှုတွဲတွေနဲ့လည်း ရောနှောနေရတဲ့ အတွက် အခက်အခဲတွေ ရှိတယ်လို့ မိသားစုဝင်တွေက ပြောဆိုကြပါတယ်။ လက်ရှိမှာ သူမကို တရားစွဲဆိုခြင်းခံထားရတဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃနဲ့ အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄ ဃ တို့ဟာ လူ့အခွင့်အရေးနဲ့ မကိုက်ညီဘူးလို့ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က သုံးသပ်ပါတယ်။

“၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ရယ်၊ ၂၀၀၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ၊ အဲဒီ ဥပဒေ ၂ ရပ်စလုံးလူ့အခွင့်အရေးနဲ့ မကိုက်ညီတဲ့ ဥပဒေတွေဖြစ်နေတယ်။ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ မှာက ကိုယ့်ရဲ့ထင်မြင်ယူဆပိုင်ခွင့်ကို လွတ်လွတ်လပ်လပ် တင်ပြလို့ရတယ်လေ။ အဲတော့ အခုဟာက အဲဒီမှာ တင်လိုက်ပြီဆိုတာနဲ့ ကောက်ဖမ်းလိုက်မယ်ဆိုရင် ဒါက ဖိနှိပ်ရေး ယန္တရားကိုအသက်သွင်းသလိုဖြစ်ပြီးတော့ အာဏာရှင်အငွေ့အသက်ကို ကြီးထွားအောင်လုပ်သလိုဖြစ်နေမှာပေါ့။ ဒီဥစ္စာက လူ့အခွင့်အရေး စံချိန်စံညွန်းနဲ့ မကိုက်ညီတော့ ဒီဥပဒေကို ပြင်ဖို့ကို လိုနေပြီ။ အကောင်းဆုံးက ပြတိုက်ထဲမှာ ဗဟုသုတအဖြစ်လေ့လာနိုင်အောင်ထားရင် ပိုကောင်းမယ်။”

ဒီဇင်ဘာလ ၂၁ ရက်နေ့တနင်္လာနေ့မှာတော့ တရားခံဘက်က သက်သေ ၇ ယောက်ထဲက ရသလောက်ကို ရုံးထုတ်စစ်ဆေးမှာဖြစ်ပြီး ပုဒ်မ ၅၀၀ ကို တရားရှင်လွှတ်ထားတဲ့အတွက် ဒီအမှုဟာ အလားအလာကောင်းတယ်လို့ ရှေ့နေဖြစ်သူက ဆိုပါတယ်။ ဒါပေမဲ့လည်းနိုင်ငံရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက် သူမကို ဖမ်းဆီးထားတာဖြစ်တယ်လို့ မချောစန္ဒီထွန်းက ပြီးခဲ့တဲ့ တရားခွင်မှာ ပြောဆိုထားသလို Facebook ပေါ်မှာ လူမှုရေး ၊ ဘာသာရေးနဲ့ အမုန်းတရား ပွားများအောင် ရေးသားမှုတွေကိုတော့ ဖော်ထုတ်စုံစမ်းခြင်းမရှိဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သရော်ထားတဲ့ ဓာတ်ပုံတွေကို မျှဝေခဲ့တယ်ဆိုပြီး တရားစွဲဆိုခြင်းခံထားရသူတွေ ရှိနေတဲ့အတွက် လက်ရှိ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ အရဆိုရင်တော့ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

XS
SM
MD
LG