သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချောစန္ဒီထွန်းအမှု ပလပ်ဖို့လျှောက်ထားချက် တရားရုံးပယ်ချ


(Credit: Robert Sann Aung)
(Credit: Robert Sann Aung)

ကာကွယ်ရေးဦးစီးချုပ်ကို အင်တာနက် စာမျက်နှာပေါ်မှာ သရော်ခဲ့မှုနဲ့ ဖမ်းဆီးခံရတဲ့ ချစ်သမီးခေါ် မချောစန္ဒီထွန်းကို ဒီကနေ့ ရုံးထုတ်တာမှာလည်း အာမခံလျှောက်ထားချက် ပယ်ချခံရသလို အသရေဖျက်မှု စွဲဆိုချက် ပလှပ်ပေးဖို့ လျှောက်လဲချက်ကိုလည်း ပယ်ချခံရပါတယ်။ အမျိုးသမီးရဲမေတွေ အစောင့်အရှောက်နဲ့ တရားရုံးကို ရောက်ရှိလာတဲ့ ဖမ်းဆီးခံ ချစ်သမီးခေါ် မချောစန္ဒီထွန်းကတော့ တရားဥပဒေဟာ တန်းတူညီမျှမှု မရှိဘူးဆိုပြီး တရားရုံး ပြင်ပမှာ ဝေဖန်ပြောဆိုသွားပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို လူမှုကွန်ယက် Facebook စာမျက်နှာမှာ သရော်လှောင်ပြောင်ခဲ့တယ်လို့ စွပ်စွဲခံရပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ၊ အသရေဖျက်မှုတို့နဲ့ တရားစွဲဆို ဖမ်းဆီးခံရသူ ချစ်သမီးခေါ် မချောစန္ဒီထွန်းကို မအူပင်တရားရုံးမှာ ဒီကနေ့ ၅ ကြိမ်မြောက် ရုံးထုတ်ပါတယ်။ ဥပဒေကြောင်းအရ အသရေဖျက်မှုကို ကိုယ်စားစွဲဆိုခွင့် မရရှိဘူးဆိုပြီး တရားစွဲဆိုခံရသူ ချစ်သမီး ခေါ် မချောစန္ဒီထွန်းရဲ့ ရှေ့နေက ဒီပုဒ်မကို ပလှပ်ပေးဖို့ လျှောက်ထားချက်ကို မအူပင်တရားရုံးက ပယ်ချလိုက်ပါတယ်။ တရားလွှတ်တော်ရှေ့နေ ရောဘတ်စန်းအောင်က အခုလို ပြောပါတယ်။

“ချစ်သမီးကို ရုံးထုတ်တဲ့ကိစ္စနဲ့ပတ်သက်လို့တော့ ဒီကနေ့ အမှုကို ကျနော်တို့က အာမခံလျှောက်တယ်။ အာမခံလည်း ပယ်တယ်။ နောက်တချက်က ကျနော်တို့ကနေပြီးတော့ ပုဒ်မ ၅၀၀ ဟာ မမြောက်ပါဘူးဆိုတာကို သူတို့က အဲဒါလည်း လက်မခံဘူူး။ ကျနော်တို့ တင်တာကို ပယ်တယ်။ နောက်ဆုံးတော့ ကျနော်တို့ အခု ပြန်လာခဲ့တာ။ ထူးခြားချက်ကတော့ ချောစန္ဒီထွန်းကို ခြင်ထောင်သွင်းခွင့်ပေးပါ (သို့မဟုတ်ရင်) ခြင်ထောင်ပို့ပေးပါလို့ တင်ပြထားတယ်။ အဲဒါကို လုပ်မပေးဘူးဗျ။ အဲတော့ လုပ်မပေးတော့ ကလေးမ ခြင်တွေကိုက်၊ ဘာတွေကိုက်တွေနဲ့ တော်တော်လေး ဒုက္ခရောက်ပါတယ်။ ရုံးချိန်းကတော့ နိုဝင်ဘာလ ၃၀ ရက်နေ့ကို ချိန်းဆိုထားပါတယ်။”

ချစ်သမီးခေါ် မချောစန္ဒီထွန်းကို အောက်တိုဘာလ ၁၂ ရက်နေ့က ဖမ်းဆီးစဉ် ကတည်းက အချုပ်နဲ့ ထိန်းသိမ်းထားတာဖြစ်ပြီး အကျဉ်းထောင်ထဲမှာ ခြင်ထောင်အသုံးပြုခွင့်တောင် မရပါဘူး။ ဒီကနေ့မှာတော့ ချစ်သမီးခေါ် မချောစန္ဒီထွန်းကို အမျိုးသမီး ရဲမေတွေ အစောင့်အရှောက်နဲ့ ရုံးထုတ်ခဲ့တာ ဖြစ်ပြီး ရုံးထုတ်ကို လာရောက်ကြသူတွေလည်း ဒါဇင်နဲ့ချီပြီး ရှိခဲ့ပါတယ်။ တရားရုံးကြားနာမှုအပြီး မချောစန္ဒီထွန်းကို အကျဉ်းထောင်ကို ရဲမေ အစောင့်အရှောက်နဲ့ ပြန်လည် ခေါ်ဆောင်သွားချိန်မှာပဲ ချစ်သမီးက အခုလို ပြောခဲ့ပါတယ်။

“တရားဥပဒေက ကိုယ် ဖိချင်တဲ့သူကို ဖိလို့ရတယ်။ ကိုယ် မဖိချင်တဲ့သူကို မဖိလို့မရဘူး။”

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို လူမှုကွန်ယက် Facebook စာမျက်နှာမှာ တင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော် အရာရှိတွေက တရားလိုပြုပြီး ချစ်သမီးခေါ် မချောစန္ဒီထွန်းနဲ့ ကိုပက်ထရစ် ခွန်ဂျာလီတို့ကို ဖမ်းဆီးထားတာဖြစ်ပြီး နှစ်ဦးလုံး အချုပ်နဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ တပ်မတော် အရာရှိတွေနဲ့ တရားရင်ဆိုင်ရတဲ့ အခြေအနေကို တရားလွှတ်တော် ရှေ့နေ ရောဘတ်စန်းအောင်က အခုလို ပြောပါတယ်။

“တပ်မတော်နဲ့ ပတ်သက်တဲ့ အမှုဆိုတော့ တော်ရုံတန်ရုံ လုပ်ရတာလည်း ခက်ပါတယ်။ နော် ဒေါ်အောင်ဆန်းစုကြည်ကို ထိခိုက်တဲ့ ပုဒ်မတွေ စွဲတင်တဲ့ကိစ္စကျတော့ ဘာမှ မဖြစ်ဘူး။ ချောစန္ဒီထွန်းတို့ ခွန်ဂျာလီ၊ မောင်ဆောင်းခ တို့ကျတော့ တရားဥပဒေအရ တပြေးညီ မဖြစ်ဘူး။ ပြောမယ်ဆိုရင် တရားမျှတမှုဟာ ဥပဒေစိုးမိုးမှုကို အထောက်အကူဖြစ်နိုင်တယ်။ နော် ဥပဒေတပြေးညီ မဖြစ်သ၍ သူပဲ ခံနေရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အစိုးရသစ်ပေါ်လာမှပဲ အဲဒီ တရားမျှတမှုကို ဝိုင်းဝန်းပြီးတော့ ရှာဖွေရမယ့် အနေအထား ဖြစ်ပါတယ်။”

ကိုပက်ထရစ်ခွန်ဂျာလီရဲ့ အာမခံ လျှောက်ထားချက်ကိုလည်း မနေ့က ရုံးထုတ်မှာ ထပ်ပြီးတော့ ပယ်ချထားပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို သရော်လှောင်ပြောင်ခဲ့တယ်လို့ စွပ်စွဲပြီး ပက်ထရစ်ခွန်ဂျာလီနဲ့ မချောစန္ဒီထွန်းတို့ အချုပ်နဲ့ တရားရင်ဆိုင်နေရတာ တလကျော်သွားပြီ ဖြစ်ပါတယ်။ သမ္မတကြီး ဆိုတဲ့ စကားလုံးကို သုံးနှုန်း ကဗျာရေးခဲ့တာဟာ သမ္မတ ဦးသိန်းစိန်ကို ရည်ရွယ်ရေးသားတာလို့ စွပ်စွဲပြီး ကဗျာဆရာ မောင်ဆောင်းခ ခေါ် ကိုအောင်စည်သူကိုလည်း ဆက်သွယ်ရေး ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးခံထားရပါတယ်။

XS
SM
MD
LG