ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး Nuclear မတော်တဆ ပေါက်ကွဲမှုကြီးဖြစ်ခဲ့တဲ့ ယူကရိန်းနိုင်ငံ Pripyat မြို့က Chernobyl စက်ရုံ ပေါက်ကွဲမှုကြီး အနှစ် ၃၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ဒီကနေ့ ကျင်းပနေပါတယ်။
Kiev မြို့တော်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ယူကရိန်းသမ္မတ Petro Poroshenko နဲ့ တခြားနိုင်ငံရေးခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး လွမ်းသူ့ပန်းခွေတွေ ချခဲ့ကြပါတယ်။ ဒီပေါက်ကွဲမှုဟာ ယူကရိန်းနိုင်ငံအတွက် အကြီးမားဆုံး စိန်ခေါ်မှု တခုဖြစ်တယ်လို့ ယူကရိန်းသမ္မတ Petro Poroshenko ကပြောကြားခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ Chernobyl Nuclear ဓါတ်အားပေးစက်ရုံကြီး ပေါက်ကွဲခဲ့တာမှာ ဥရောပအနောက်မြောက်ပိုင်း နိုင်ငံတွေအထိ ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်တွေ ပျံ့နှံ့ခဲ့ပြီး သမိုင်းမှာ အဆိုးဆုံး Nuclear မတော်တဆမှုအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် လူပေါင်း ၃၀ ထက်မနည်း သေဆုံးခဲ့ပေမဲ့ ၃ သန်းကျော်လောက် အန္တရာယ်ရှိတဲ့အဆင့် ဓါတ်ရောင်ခြည်တွေ သင့်ခဲ့ကြပါတယ်။ ချနိုဘောလ်စက်ရုံတဝိုက် ကီလိုမီတာ ၃၀ ပါတ်လည်ကို သေမင်းနယ်မြေအဖြစ် သတ်မှတ်ခဲ့ရပါတယ်၊ ဒီနျူးကလီးယားပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် နှစ်ပေါင်းများစွာအထိ ခန့်မှန်းချေ လူပေါင်းထောင်ချီ ကင်ဆာရောဂါနဲ့ တခြားဖျားနာတဲ့ရောဂါတွေနဲ့ သေဆုံးခဲ့ကြပါတယ်။
အခုအချိန်အထိ ပတ်ဝန်းကျင်ဒေသတဝိုက် မှာ လူကို အန္တရာယ်ရှိနိုင်တဲ့ အဆင့်အထိ ဓါတ်ရောင်ခြည်တွေရှိနေစဲဖြစ်ပါတယ်။