သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချယ်ရီ FM ရပ်ဆိုင်းဖို့ ဖိအားပေးခံရ


Cherry FM
Cherry FM

ဒီကနေ့ နေပြည်တော်မှာ ပြန်ကြားရေးဝန်ကြီးဌာနကနေ ချယ်ရီ FM တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး မိမိတို့ သဘောဆန္ဒအလျောက် ဖျက်သိမ်းပေးဖို့ ညွှန်ကြားလိုက်တယ်လို့ ချယ်ရီ FM ကပြောပါတယ်။ ဒါဟာ လတ်တလော ပြည်ခိုင်ဖြိုးပါတီရဲ့ဥက္ကဋ္ဌအဖြစ် ရာထူးက ရပ်ဆိုင်းခံလိုက်ရတဲ့ သူရဦးရွှေမန်းနဲ့ပတ်သက်မှုတွေအပေါ် နောက်ဆက်တွဲ အရေးယူမှုတွေဖြစ်ပေမဲ့လို့ မီဒီယာအပေါ်မှာ ဒီလို ဖိအားပေးတာဟာ မလျော်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သတင်းမီဒီယာတာဝန်ရှိသူတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က အပြည့်အစုံ တင်ပြပေးပါမယ်။

လတ်တလော ပြည်ခိုင်ဖြိုးပါတီရဲ့ဥက္ကဋ္ဌအဖြစ် ရာထူးက တာဝန် ရပ်ဆိုင်းခံလိုက်ရတဲ့ သူရဦးရွှေမန်းရဲ့သားဖြစ်သူ ဦးတိုးနိုင်မန်းနဲ့ ချွေးမဖြစ်သူ ဒေါ်ဇေဇင်လတ်တို့ဦးစီးလုပ်ကိုင်နေတဲ့ ချယ်ရီFMရေဒီယိုအသံလွှင့်လုပ်ငန်းကို မိမိတို့ရဲ့သဘောဆန္ဒအရ ရပ်ဆိုင်းပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ပဲ နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံပြီး ဖိအားပေးပြောဆိုလိုက်တယ်လို့ ချယ်ရီ FM တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ ချယ်ရီ FM အနေနဲ့ကတော့ ကိုယ့်သဘောဆန္ဒနဲ့ ဖျက်သိမ်းပေးပါ-ဆိုတာကို လက်မခံဘဲ တရားဥပဒေနည်းလမ်းအရ စစ်ဆေး ဆောင်ရွက်တာကိုပဲ ရင်ဆိုင်ဖို့ သူတို့အနေနဲ့ လိုလားတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ချယ်ရီ FM ရဲ့ အထွေထွေမန်နေဂျာ ဦးသန်းထွေးဇော်က ပြန်ကြားရေးဝန်ကြီးဌာနဘက်က ခေါ်ယူ ပြောဆိုခဲ့တာနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။

“ကျနော်တို့ FM ရှေ့ဆက်ပြီး ထုတ်လွှင့်မှု ရပ်တန့်ဖို့ကိစ္စကို ကိုယ့်သဘောဆန္ဒနဲ့ ကျနော်တို့ကို စာတင်ခိုင်းပါတယ်ခင်ဗျ။ ပရိသတ်တွေကတော့ ဘာကြောင့် ချယ်ရီ FM မရတော့တာလဲ-ပေါ့နော်။ ပရိသတ်တွေကို ပြောစရာကတော့ ကျနော်တို့ ချယ်ရီ FM ကို အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ပဲ ပြောချင်ပါတယ်ခင်ဗျ။”

Cherry FM (Photo Cherry FM fb)
Cherry FM (Photo Cherry FM fb)

ပြန်ကြားရေးဝန်ကြီးဌာနဘက်က ဒီလို ချယ်ရီ FMကို ဖိအားပေးရပ်ဆိုင်းခိုင်းတယ်ဆိုပြီးပြောဆိုမှုအပေါ် အတည်ပြုနိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနကိုတော့ ဆက်သွယ်လို့မရခဲ့ပါဘူး။ အခုလို ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဘက်က တရားဝင် ထုတ်လွှင့်ခွင့်ပြုထားတဲ့ ရေဒီယိုအသံလွှင့်လုပ်ငန်းတခုကို ခိုင်လုံတဲ့ အကြောင်းပြချက်မပေးဘဲ ထုတ်လွှင့်မှုကို မိမိသဘောနဲ့ ရပ်ဆိုင်းပါလို့ ဖိအားပေးတာကတော့ဒီမိုကရေစီစနစ်ပြောင်းနေတဲ့ခေတ်မှာ မလျော်ကန်တဲ့ လုပ်ရပ် ဖြစ်တယ်လို့The Voice သတင်းအယ်ဒီတာချုပ်လည်းဖြစ် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက တာဝန်ရှိသူလည်းဖြစ်တဲ့ ဦးကျော်မင်းဆွေက ပြောဆိုလိုက်ပါတယ်။

“ဒါက ဒီမိုကရေစီနဲ့ လုံးလုံးဆန့်ကျင်တဲ့ကိစ္စလေ။ ဒါက သူတို့ကိုယ်တိုင် လိုင်စင်ခွင့်ပြုထားတဲ့ တရားဝင် FM ပေါ့နော်။ FM Station ပေါ့။ သူ့ဟာနဲ့သူ ပရိသတ်လည်း အခိုင်အမာရှိနေတဲ့မီဒီယာတခုလို့ ပြောရမှာပေါ့။ အဲဒီတော့ ဒီတိုင်းပြည် မှာတော့ အာဏာရှင်ခေတ်တုန်းကတော့ အာဏာရှင်အချင်းချင်း ကုလားထိုင်လုတဲ့အခါမှာ၊ အာဏာလုတဲ့အခါမှာ ရှုံးတဲ့အခါမှာ ကျူပင်ခုတ်၊ ကျူငုပ်မကျန်ရှင်းတယ်-ဆိုတဲ့ ပုံစံမျိုး ရှိခဲ့တယ်ပေါ့နော်။ အခုကတော့ သူရဦးရွှေမန်းနဲ့ ပတ်သက်တယ်ဆိုတဲ့ကိစ္စနဲ့ ချယ်ရီ FM ကို ဒီလို ပြုမူဆက်ဆံတာမျိုးကတော့ ဒါ မလျော်ကန်ဘူးလို့ ထင်တယ်လေ။”

ဒါပေမဲ့လည်း သူရဦးရွှေမန်းနဲ့ ဆက်နွယ်သူတွေအပေါ် အရေးယူမှုတွေ စတင်လာတဲ့သဘောဖြစ်သလို ဒီလိုအသံလွှင့် လုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ တရားဝင် ထုတ်လွှင့်ခွင့်ရအောင် ဘယ်လို လုပ်ပိုင်ခွင့် အာဏာတွေနဲ့ စွမ်းဆောင်ခဲ့ကြသလဲဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်ပါတယ်လို့ ဦးကျော်မင်းဆွေက သုံးသပ်ပါတယ်။

“တခုရှိတာက အဲဒီဟာတွေက သူတို့လိုင်စင်ဘယ်လိုပေးထားလဲဆိုတဲ့ဟာ ပြန်ကြည့်ရမှာပေါ့နော်။ ဘာလို့လဲဆိုတော့ တကယ်တန်း ပွင့်ပွင့်လင်းလင်း ပြောကြစတမ်းဆိုရင် အခုရနေတဲ့ FM လိုင်စင်တွေအားလုံးက ခရိုနီတွေချည့်ပဲလေ။ ခရိုနီတွေဆိုတာက အစိုးရနဲ့ပြန်ကြားရေးနဲ့ နီးစပ်တဲ့ သူတွေချည့်ပဲရတာ။ မနီးစပ်တဲ့သူတွေ မရခဲ့ဘူးလေ။ သူတို့စိတ်ချရတယ်လို့ယူဆတဲ့သူတွေကိုပဲ ပေးထားတာ။ အခု သူတို့အချင်းချင်းပြဿနာဖြစ်မှ ဒီကိစ္စ-ဒီလိုလုပ်တာ ဆိုတော့ ဒီစကားလုံး အသုံးအနှုန်းကတော့ သူတို့အချင်းချင်းက ပိုသိမယ်ထင်တယ်။ တကယ်တန်းပြောရလို့ရှိရင်တော့ ဗမာပြည်မှာ လူတိုင်းအတွက် ဥပဒေတခုသတ်မှတ်ပြီးတော့ အဲဒီဥပဒေနဲ့အညီ လျှောက်ထားရယူူူတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ အခွင့်ထူးခံအနေနဲ့ ရထားကြတာလေ။ အခု FM တွေက- အဲဒါက တပိုင်းပေါ့နော်၊ အခုဖြစ်နေတဲ့ကိစ္စကကျတော့ ဦးရွှေမန်းနဲ့ဆက်စပ်ပြီး ဒီလိုလုပ်တာက ဒါ တပိုင်းဖြစ်သွားတာကိုး-နော်။ ဒါပေမယ့် မီဒီယာတခုကို လုပ်တာကတော့ လုံးဝ လက်ခံနိုင်စရာမရှိဘူး။”

အခုလို ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌ ရာထူးကနေ သူရဦးရွှေမန်းကိုအနားပေးလိုက်သလို ဦးရွှေမန်းရဲ့ ရှေ့နိုင်ငံရေး အလားအလာလည်း မရေမရာ ဖြစ်နေချိန်မှာ အရေးယူမှုတွေ ဆက်တိုက်ရှိလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ တချိန်တည်းမှာပဲ အခုလို သူ့နဲ့ဆက်နွယ်သူတွေကို အပြတ်ချေမှုန်းမယ့်သဘော လုပ်ဆောင်လာတာကတော့ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် အမြစ်မပြတ်သေးတာကို ပြသရာရောက်တယ်လို့လည်း သတင်းအယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ရှုမြင်ပါတယ်။

“ဟိုအရင်တုန်းက ကတည်းက အာဏာရှင်စနစ်မှာပဲဖြစ်ဖြစ်၊ ပဒေသရာဇ်စနစ်မှာပဲဖြစ်ဖြစ် - ဗမာပြည် ထုံးစံလို့ ပြောရမှာပေါ့နော်။ ကျူပင်ခုတ်၊ ကျူငုပ်မကျန်ရှင်းလေ့ရှိတယ်။ တချိန်မှာ ပြန်လက်စားချေမှာစိုးလို့၊ လက်စားချေနိုင်မယ့် နည်းလမ်းမှန်သမျှကို သူက ရှင်းတဲ့သဘောပါ။ တခုရှိတာက နဂိုရ်ကတည်းက မီဒီယာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က အမှီအခိုကင်းတဲ့ ရိုးသားဖြောင့်မတ်တဲ့ လုပ်ငန်းတခု ဖြစ်လို့ရှိရင် ပြဿနာမရှိပါဘူး။ ဒါဟာ တချိန်မှာ ဥပဒေကြောင်းအရ ပြန်ရင်ဆိုင်လို့ ရရမှာပေါ့နော်။ ကိုယ်ကိုယ်နှိုက်က အခွင့်ထူးခံထားတယ်။ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ဝင်ငွေတွေနဲ့ လုပ်ငန်းထူထောင်ထားတယ်ဆိုရင်တော့ နောင်မှာတော့ ဥပဒေဆိုတာ မျှော့ကြိုးလို သုံးနေတဲ့ခေတ်မှာတော့ အချိန်မရွေး အရေးယူခံရနိုင်တာပေါ့နော်။ ဒါမျိုးတွေ နောက်ဆက်တွဲ တခြားသောချိတ်ဆက်နေတဲ့ မီဒီယာတွေလည်း လာကောင်းလာနိုင်တာပေါ့။ ကိုယ့်ဘက်က clear cut ဖြစ်ထားလို့ရှိရင်တော့ ပြဿနာမရှိဘူးပေါ့။”

အခုလက်ရှိအထိ အနေအထားကတော့ ချယ်ရီ FM အနေနဲ့ အသံလွှင့်အစီအစဉ်တွေကို ထုတ်လွှင့်နေဆဲဖြစ်ပေမဲ့လို့အသံလွှင့်မှုတွေက သူရဦးရွှေမန်းကို ဥက္ကဋ္ဌရာထူးက ရပ်ဆိုင်းချိန်သြဂုတ်လ ၁၃ ရက်နေ့ကတည်းက ရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။ချယ်ရီ FM အသံလွှင့် ဌာန ၁၇ ခု ရှိတဲ့အနက် ၁၆ ခု အသံလှိုင်းထုတ်လွှင့်မှုတွေ ရပ်ဆိုင်းသွားချိန်ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ချယ်ရီ FM နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ရဲ့ အသံလွှင့်လုပ်ငန်း ထုတ်လုပ်ခွင့် ခြောက်နှစ်ပြည့် သက်တမ်းစာချုပ် ကုန်ဆုံးချိန်လည်း ဖြစ်ပါတယ်။

Cherry FM (၆) နှစ်ပြည့်အခမ်းအနား ဖိတ်ကြားလွှာ
Cherry FM (၆) နှစ်ပြည့်အခမ်းအနား ဖိတ်ကြားလွှာ

XS
SM
MD
LG