သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေမြုပ်မိုင်းကွဲမှု တရုတ် မြန်မာကို ကန့်ကွက်


တရုတ်- မြန်မာနယ်စပ်
တရုတ်- မြန်မာနယ်စပ်

တရုတ် မြန်မာနယ်စပ်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲပြီး၊ တရုတ်နိုင်ငံသား တစ်ယောက် ဒဏ်ရာရသွားခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက မြန်မာနိုင်ငံဘက်ကို အင်္ဂါနေ့က တရားဝင်ကန့်ကွက်လိုက်ပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ ဒီဖြစ်ရပ်အပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။အခြေအနေအပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

တရုတ် နဲ့ မြန်မာ ၂ နိုင်ငံ နယ်စပ် နယ်နိမိတ် မှတ်တိုင် အမှတ် ၁၁၈ နားက တရုတ်နိုင်ငံဘက်အခြမ်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က မြေမြုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား တစ်ယောက် ဒဏ်ရာရသွားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချူရင်းက အင်္ဂါနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်းမှာ အခုလို ပြောကြားသွားပါတယ်။

”အခုချိန်အထိ ကျမသိရသလောက်ကတော့ ၊ တရုတ် မြန်မာနယ်စပ်မှာ ဇန်နဝါရီ ၃ ရက်နေ့က ဖြစ်ခဲ့တဲ့ မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားတစ်ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။ အခြေအနေကို နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး၊ အထူးပဲ စိုးရိမ်တယ်ဆိုတာကိုလည်း ကျမတို့ ပြောထားပါတယ်။ တရုတ်အစိုးရအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်ကို တရားဝင်စာပေးပို့ထားပြီဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ်မှာ အလားတူဖြစ်ရပ်မျိုးတွေကိုရှောင်ရှားနိုင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ ထိထိရောက်ရောက်လုပ်ဆောင်ဖို့ နဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို အန္တရာယ်ဖြစ်စေတဲ့ ပဋိပက္ခတွေမဖြစ်အောင် ကာကွယ်ဖို့ တရုတ်နိုင်ငံဘက်က တောင်းဆိုထားပါတယ်။”

တရုတ် နဲ့ မြန်မာ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ မြန်မာအစိုးရတပ်တွေကြား တိုက်ပွဲတွေဖြစ်နေတာကို ထိန်းချုပ်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်အစိုးရ ဘက်က အရင်ကလည်း ထပ်ခါတလဲလဲတောင်းဆိုနေခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က ဗွီအိုအေ အခုလို ပြောပါတယ်။

“ဒီလိုလေ ကျနော်တို့ ဒီကနေ့ပေါ့နော် ကျနော်တို့ မြန်မာသံရုံးက သံမှူးကြီး ဒေါ်ချိုချိုတိုးကို တရုတ်ဘက်ကနေပြီးတော့ သူတို့ အာရှရေးရာဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ပေါ့ ။ Mr. ချန်ဟိုင်း ဆိုတာကနေပြီးတော့ အမှန်အတိုင်းပြောရင်တော့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ကျနော်တို့ သံမှူးကြီးကို ပြောပါတယ်။ ပြောတဲ့ဥစ္စာကတော့ မြန်မာ- တရုတ် နယ်စပ်ဒေသမှာ မတော်တဆမှုဖြစ်ပွားခဲ့တယ်ပေါ့လေ။ဇန်နဝါရီ ၃ ရက်နေ့မှာ တရုတ်ဘက်က အဖွဲ့တဖွဲ့က ကွင်းဆင်းလေ့လာဖို့ သွားတဲ့အခါမှာ ခုနက ခင်ဗျားပြောတဲ့အတိုင်းပဲ နယ်နမိတ် မှတ်တိုင် ၁၁၈ နားမှာပဲနော် သူတို့အပြောပေါ့လေ၊ တရုတ်ဘက်အခြမ်း မီတာ ၂၀ အကွာမှာပေါ့လေ မှိုင်းဗုံးပေါက်ကွဲတယ်။ တရုတ်လူမျိုးတဦး ဒဏ်ရာရတယ် ဆိုပြီးတော့ ကျနော်တို့ မြန်မာသံရုံးက သံမှူးကြီးကို ပြောပါတယ်။”

မြန်မာအစိုးရ အနေနဲ့ ဒီကိစ္စကို အရင်ဆုံး မှန်၊ မမှန်ဆိုတာကို အရင်ဆုံး အတည်ပြုချက်ရယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်းဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

“အဲဒီတော့ ကျနော်တို့ကတော့ သံမှူးကြီးပြောတာကို သံမှူးကြီးက ကျနော်တို့က ဆက်ပြီးတော့ တင်ပြတဲ့အတွက် ကျနော်တို့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ မှန်၊ မမှန် တကယ်ဖြစ်၊ မဖြစ် ဆိုတာကို ကာကွယ်ရေးဝန်ကြီးဌာနကို လှမ်းမေးနေပါတယ်။ အဲ့တော့ ကာကွယ်ရေးဝန်ကြီးဌာနကို လှမ်းမေးထားတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ ဘာမှ ကျနော်တို့ အတည်ပြုလို့မရသေးဘူးပေါ့လေ။ ကာကွယ်ရေးဝန်ကြီးဌာနကနေပြီးတော့ အတည်ပြုချက်ရလို့ ရှိရင် ဒါ တကယ်ဖြစ်သလား။ တကယ်မဖြစ်ဘူးလား ။ ဒီဟာလေးတွေကို ကျနော်တို့ သူတို့ ဘက်ကို ပြန်ပြီးတော့ အကြောင်းပြန်မှာပါ။ အခုလောလောဆယ်မှာကတော့ ခုနက ပြောတဲ့အတိုင်းပဲ တရားဝင် ကန့်ကွက်တယ်ဆိုတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ သူတို့ကတော့ သုံးတဲ့အသုံးအနှုန်းကတော့ မြန်မာ တရုတ်နယ်စပ်မှာ မတော်တဆမှုဖြစ်တယ်လို့ သူတို့အနေနဲ့ ဒီလိုပဲထင်တယ် ဆိုပြီးတော့ ကျနော်တို့ဘက်ကို ဆက်သွယ်လာတာပါ။”

ဒါ့အပြင် ဇန်နဝါရီလ ၂ ရက်နေ့ကလည်း တရုတ်- မြန်မာ နယ်စပ်က မြန်မာဘက်အခြမ်းမှာ အမြောက်ဆံ ထိမှန်ပြီး မြန်မာနိုင်ငံသားတဦး ဒဏ်ရာ ရရှိသွားတာကြောင့် တရုတ်နိုင်ငံဘက် အခြမ်းက ဆေးရုံတခုမှာ ဆေးကုသမှုခံယူနေတယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာရှရေးရာဌာန ဒု-ညွန်ချုပ်က တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးကို အသိပေးခဲ့တယ်လို့လည်း ပြောပါတယ်။

မကြာသေးခင်ကာလတွေအတွင်း မြန်မာအစိုးရတပ်တွေဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ထက် မနည်း နဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းအဲဒီတိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံသားထောင်ပေါင်းများစွာဟာ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ဟွာချူရင်းကတော့ - တရုတ်နဲ့ မြန်မာနယ်စပ်ဒေသ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှုရှိဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ တရုတ်နဲ့ အတူ လက်တွဲလုပ်ဆောင်ဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လတုန်းကတော့ - မြန်မာဘက်က ဗုံးဆံတွေ တရုတ်နိုင်ငံဘက်ခြမ်းကို ကျခဲ့လို့ တရုတ်နိုင်ငံသား ၅ ယောက်သေဆုံးခဲ့တဲ့အတွက် တရုတ်အစိုးရဘက်က အကြီးအကျယ်ဒေါသထွက်ခဲ့ပါတယ်။

XS
SM
MD
LG