သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းချင်းမိုင်သင်္ကြန် မြန်မာ၊ ရှမ်း၊ ပအိုဝ်နဲ့ ထိုင်း ဘုရားပူဇော်ပွဲစည်ကား


ထိုင်းချင်းမိုင်သင်္ကြန်
ထိုင်းချင်းမိုင်သင်္ကြန်

မဟာသင်္ကြန်ကာလရဲ့ ပထမဦးဆုံးနေ့ဖြစ်တဲ့ ဧပြီလ ၁၃ ရက်နေ့မှာတော့ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော်လည်းဖြစ် ရှေးဟောင်းယဉ်ကျေးမူတွေကို ထိန်းသိမ်းတဲ့မြို့တော်ဖြစ်တဲ့ အရင်က ဇင်းမယ်လို့ခေါ်တဲ့ ချင်းမိုင်မြို့က နန်းမြို့ရိုးတံခါးမှာ မြန်မာရှမ်း ပအိုဝ်ထိုင်း ဘုန်းတော်ကြီးကျောင်းတွေက ဘုရားတွေ အပူဇော်ခံ လှည့်လည်ပွဲတွေ လုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနွယ်ဖွား တိုင်းရင်းသား၊ တိုင်းရင်းသူတွေ ပါဝင်တဲ့ ဖျော်ဖြေပွဲတွေနဲ့ စည်ကားတာမို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း လာရောက်ကြည့်ရှု့သူတွေ များပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

ရှေးဟောင်းမြို့ဖြစ်တဲ့ ချင်းမိုင်မြို့ဟာ မဟာသင်္ကြန်ကာလမှာ အစည်ကားဆုံးမြို့ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်တဲ့ အချိန်ဖြစ်သလို မြန်မာပြည်သားတွေလည်း နှစ်သစ်ကူးပွဲတော်ကို ထိုင်းလူမျိုးတွေနဲ့အတူ ပါဝင်ဆင်နွဲှကြတာ ဖြစ်တာပါတယ်။

ချင်းမိုင်းမြို့မှာ မြန်မာဘုန်းတော်ကြီးကျောင်းတွေက ရှင်ပြုရဟန်းခံပွဲတွေနဲ့အတူ ဧပြီလ ၁၃ ရက်နေ့မှာတော့ ကျောင်းပေါင်းစုံက ဘုရားတွေ အပူဇော်ခံ လှည့်လည်ပွဲတွေလုပ်ခဲ့ကြတယ်လို့ ချင်းမိုင်နန်းမြို့ရိုးတံခါးက မဟာသင်္ကြန်ပွဲကို လာရောက်ခဲ့တဲ့ ရှမ်းအမျိုးသားတဦးကပြောပြပါတယ်။

"ကျောင်းပေါင်းစုံပေါ့... ပအိုဝ်ကျောင်း၊ မြန်မာကျောင်း၊ ရှမ်းကျောင်း၊ ထိုင်းကျောင်း ကျောင်းပေါင်းစုံပေါ့။ ဒီနေရာကနေ စထွက်တာ အကုန်လုံးဆိုလို့ရှိရင်တော့ ကျောင်းပေါင်း ၅၀ကျော်၊ ကျောင်းပေါင်း ၆၀လောက်ရှိတယ်။ ဝပ်ပန်ပေါက်ကျောင်း၊ ဝပ်နောင်ခမ်းကျောင်း၊ ဝပ်ဆိုင်းမွန်းကျောင်း၊ ကျောင်းပေါင်းစုံပေါ့။"

ချင်းမိုင်မြို့မှာ ဝပ်ဆိုင်းမွန်းဆိုတဲ့ ဘုန်းတော်ကြီးကျောင်းဟာ မြန်မာဘုန်းတော်ကြီးကျောင်းဖြစ်တာကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ မဟာသင်္ကြန်ကာလမှာ စည်ကားနေတာပါ။ ကျောင်းတကာဖြစ်တဲ့ ဦးတင်ဝင်းကတော့ ဝပ်ဆိုင်းမွန်းဘုန်းတော်ကြီးကျောင်းရဲ့ အစီစဉ်တွေကို အခုလိုပြောပြပါတယ်။

"ကျနော်တို့ဒီနေ့ ဒီကျောင်းမှာ နှစ်ပေါင်းများစွာ ကိုးကွယ်လာတဲ့ မြတ်စွာဘုရားတွေပင့်ပြီး မြို့ထဲမှာ အပူဇော်ခံတယ်။ မနက်ဖြန်ဆိုရင်တော့ ဘုရားမှာ အလှူအတန်းလုပ်ကြမယ်။ နှစ်သစ်ကူးနေ့ နှစ်ဆန်းတရက်နေ့ကတော့ မြန်မာထုံးစံအတိုင်း လုပ်ကြပါမယ်။"

မဟာသင်္ကြန်ကို နှစ်တိုင်းမှာ စည်စည်ကားကားနဲ့ ကျင်းပလေ့ရှိတဲ့ ချင်းမိုင်မြို့မှာတော့ နေရာတိုင်းမှာ မြန်မာနွယ်ဖွား ရှမ်းတိုင်းရင်းသားတွေ အများစုပါဝင်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တွေ့ရပါတယ်။ ဒီအချိန်မှာတော့ အလုပ်တွေက ပိတ်ရက်အဖြစ်သတ်မှတ်ပေးပြီး ဘာသာရေးကိစ္စတွေ ပျော်ပွဲရွင်ပွဲတွေ သွားနိုင်ဖို့အတွက် အလုပ်ရှင်တွေကလည်း ခွင့်ပြုပေးထားပါတယ်။ ဧပြီလ ၁၃နေ့မှာတော့ ရိုးရာပွဲတွေရှိတဲ့ နေရာမှာ မြန်မာတွေ ပါဝင်ဆင်နွှဲနေကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG