သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့ မှာ တတိယတန်းကျောင်းသားတဦး သေနတ်မှန် သေဆုံး


ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ စစ်ရှောင် ဒုက္ခသည်များ
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ စစ်ရှောင် ဒုက္ခသည်များ

(Zawgyi/Unicode)

ကျောက်တော်မြို့ ပိုက်သယ်ရပ်ကွက် ဒုံးချောင်းစုလမ်းပေါ်မှာ ဒီကနေ့မနက်ပိုင်းက တတိယတန်း ကျောင်းသားတစ်ဦးကို သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ ကျောက်တော်ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ တော်မတော်ဘက်ကတော့ အဲဒီအနားမှာ လုံခြုံရေး တပ်ဖွဲ့တစ်ခုကို AAက လာရောက်ပစ်ခတ်တာကြောင့် ပြန်လည်ပစ်ခတ်ရတာဖြစ်တယ်လို့ ပြောပါ တယ်။ ရခိုင်လက်နက်ကိုင် AAအဖွဲ့ကတော့ အဲဒီအနားမှာ ဘာတိုက်ပွဲမှ ဖြစ်ပွားတာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ ပိုက်သယ်ရပ်ကွက် ဒုံးချောင်းစုမှာ ဒီကနေ့မနက်ပိုင်းက ကျောင်းက ပြန်လာတဲ့ တတိယတန်းကျောင်းသားတစ်ဦး သေနတ်ဒါဏ်ရာနဲ့သေဆုံးသွားတယ်လို့ ကျောက်တော် ပရသိတအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ဒီနေ့မနက်ကပိုင်းက ပေါက်ကွဲသံ တစ်ခုခုတော့ ကြားလိုက်ရတယ် ကျနော်တို့ပြည်သူတွေက အဲအသံကြားပြီးတဲ့နောက်မှာ လက်နက်ငယ်သံတွေ တန်းစီပြီးတော့ ထွက်လာတယ်။ အဲဒီနောက်ပိုင်း ကျောင်းကလေးတွေ အကုန်လုံးအိမ်ပြန်ကြတာပေါ့။ အဲဒီကလေးက ကျောင်းကနေ အိမ်ကို ရောက်တဲ့ခါ အပြင်ကိုထွက်ရင်း စစ်တပ်က ပစ်တဲ့ လက်နက်ကငယ်တွေ ကြားထဲမှာ အဲကလေးက ပါသွားတာပေါ့။ ကလေးအဖေရော အမေရော မလေးရှားမှာ အလုပ်လုပ်ကိုင်နေကြတာပါ။ သူက အဘွားနဲ့နေတာ။ သူ့အဘွားက ကျောက်တော် ပြည်သူ့ဆေးရုံမှာ ဝန်ထမ်းအနေနဲ့ အလုပ်လုပ်နေတာပါ။”

ကျောက်တော်မြို့နယ်အတွင်းမှာ ရှိတဲ့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ ဓမ္မာရုံတွေမှာ တပ်မတော် သား တွေက မြို့လုံခြုံရေးအရဆိုပြီးတော့ ဝင်ရောက်စခန်းချနေထိုင်ကြတယ်လို့လည်း ဒေသခံ တွေက ပြောပါ တယ်။

အခုလိုဒေသခံတွေ ပြောဆိုချက်နဲ့ ပတ်သတ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်ဗှူးကြီး ဝင်းဇော်ဦးကတော့ လုံခြုံရေး ယူနေတဲ့ သူတို့တပ်ဖွဲ့ကို AAအဖွဲ့က RPG နဲ့ လာရောက်ပစ်ခတ်တာကြောင့် ပြန်လည် ပစ်ခတ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်သိတာကတော့ အဲလိုမျိုးသိတာမဟုတ်ဘူး ကျနော်တို့ ရွေကျောင်း ဘုန်းကြီးကျောင်းမှာ မြို့လုံခြုံရေး အတွက်ဆိုပြီးတော့ ထားထားတဲ့ လုံခြုံရေး အဖွဲ့တစ်ဖွဲ့ရှိတယ်။ အဲဒီလုံခြုံရေး တပ်ဖွဲ့ကို AAကနေပြီးတော့ ဒီနေ့မနက် ၈နာရီမှာ လုံခြုံရေး တပ်ဖွဲ့ကို ကုန်သယ်လယ်ယာဖက်ကနေပြီးတော့ RPGနဲ့ လှမ်းပစ်တာ။ လာမှ တော့ မဖြစ်ဘူး RPDကအပြင်ကို မှန်ပြီးတော့ အစပ်တွေလောက်ပဲထိတာ။ တပ်ကလည် ဘုန်းကြီးကျောင်း ဘေးနားမှာနေတဲ့ တပ် ဘုန်းကြီးကျောင်း ဘေးနားမှာနေတာ။ ဒါပဲကျနော်သိတာ ကလေးကို မှားပစ်တာလည်း မဟုတ်ဘူး ပစ်လည်း မပစ်ဘူး။”

ဒီကနေ့မနက်ပိုင်းက ကျောက်တော်မြို့မှာ ဘာတိုက်ပွဲမှဖြစ်ပွားတာမရှိသလို တပ်မတော်က တိုက်ပွဲအတုဖန်တီးပြီး ပစ်ခတ်နေကြတာဖြစ် တယ်လို့ ရခိုင်လက်နက်ကိုင်AAပြောခွင့်ရ ခိုင်သုခက စွပ်စွဲပါ တယ်။

“ကျနော်သိသလောက်ကတော့ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာမရှိဘူး။ အဲဒီမှာ ဗမာစစ်တပ်အချင်းချင်း မှားယွင်းပစ်ခတ်တာလည်း ဖြစ်နိုင်တယ်။ နောက်ပြီးတော့ သူတို့ ကြားထဲမှာ အထက်အောက် မကျေနပ်မှုတွေလည်း ဖြစ်နိုင်တယ်။ သူတို့က ဒီလိုဗျာ အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ သတ်တော့မယ် ဆိုရင် AAက ရွာထဲက ပစ်ပါတယ်။ သာသန အဆောက်အဦးတွေက ပစ်ပါတယ်ဆိုပြီးတော့ အဲလိုမျိုး သူတို့ကနေပြီးတော့ အခြေအမြစ်မရှိတဲ့ သတင်းတွေကို လွင့်တာပေါ့။ ပြီးလို့ရှိရင် အဲလို ရွာသားတွေကို ဦးတည်ပြီး ပစ်လာတာက အခုမှမဟုတ်ဘူး။ တော်တော်ကြာနေပြီ။ အဲလိုမျိုး ကျော်တော်မြို့ထဲမှာ အရပ်သား တွေကို ပစ်သတ်ချင်တာကြောင့် AAကလာပစ်တယ်ဆိုပြီးတော့ အကြောင်းပြပြီး သူတို့အချင်းချင်း ပစ်ကြတာပဲ ဖြစ်လိမ့်မယ်။”

အခုလို တိုက်ပွဲအတုတွေ ဖန်တီးပြီးတော့ အပြစ်မယ့် ပြည်သူတွေကို ထိခိုက်စေတဲ့ အစိုးရစစ်တပ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အရေးယူပေးစေချင်တယ်လို့ AAပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“အခုလိုမျိုး ဗမာစစ်တပ်ဖက်ကနေပြီးတော့ မြို့တွင်းထဲမှာ သူတု့ိအချင်းချင်း တိုက်ပွဲတွေ ဖန်တီးပြီးတော့မှ ဘာမှအပြစ်မရှိတဲ့ ကလေးသငယ်တွေကို လူမဆန်စွာပစ်သတ်တဲ့ ဟာကတော့ ဒါက စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကြူးလွန်တာ ဖြစ်တယ်ဗျာ။ ဒါကြောင့် ဗမာစစ်တပ်ရဲ့ စစ်ရာဇတ်ဝမှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေပြီးတော့ အရေးယူဖို့အတွက် အားကျိုးမာန်တက် လုပ်သင့်တယ်လို့ ကျနော်တို့ကတော့ တောင်းဆိုချင်တယ်ဗျာ။”

ဒီကနေ့မနက်ပိုင်း ပစ်ခတ်မှုတွေကြောင့် ကျောက်တော်မြို့တွင်းမှာ ဒေသခံတွေကို အစိုးရစစ်တပ်ဘက်က စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေလည်း ကြောက်လန့်နေကြရတယ်လို့ ကျောက်တော်ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“လက်ရှိအခြေအနေကတော့ ပေါက်ကွဲမှုဖြစ်တယ်ဆိုတော့ သူတို့လည်း မသင်္ကာတဲ့ သူတွေကို လိုက်ပြီးတော့ စစ်ဆေးတယ်။မေးမြန်းတယ် အဲတာတွေတော့ လုပ်နေပါတယ်။ ကျနော်တို့ကလည်း ဘယ်မှမသွားရဲကျတော့ပဲ ကိုယ့်အိမ်မှာ ကိုယ်နေကြတာပေါ့။”

ရခိုင်ပြည်နယ်တွင်းမှာ ဒီဇင်ဘာလကစတင်ပြီးတော့ နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်လုပ်ဆောင်သွားမှာ ဖြစ်တာကြောင့် တိုက်ပွဲတွေ အရင်ကထက် ပိုမိုပြင်းထန်လာနိုင်တယ်လို့ တပ်မတော်ဘက်က ပြောဆိုထား တာရှိပါတယ်။

ရခိုင်ပြည် မြောက်ပိုင်းမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းက စတင်ပြီး အစိုးရစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရသူတွေဟာလည်း တစ်နေ့ ထက်တစ်နေ့ ပိုမိုများပြားလာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.....................


(Zawgyi/Unicode)















XS
SM
MD
LG