သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခအတွင်း ကလေးများအခြေအနေ စိုးရိမ်ရနိုင်ငံများစာရင်း မြန်မာပါဝင်


၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခပေါင်း ၂၃ ခုမှာ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းတာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားတာတွေ အပါအဝင် ကလေးငယ်တွေ သေရာပါတဲ့အထိ ဒဏ်ရာတွေရစေတဲ့ ကိစ္စတွေ ဖြစ်နေတယ်လို့ ကလေးငယ်နဲ့ ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ၂၀၁၃ ခုနှစ်ထဲ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် တိုက်နေတဲ့ အဖွဲ့တွေဘက်က ကလေးတွေကို စစ်သားအဖြစ် စုဆောင်း အသုံးပြုမှုတွေ ဆက်ရှိနေတဲ့အတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၁၂ နှစ်သား ကလေးတယောက် အပါအဝင် ကလေး ၃၇ ယောက်ကို စစ်သားအဖြစ် စစ်တပ်က စုဆောင်းခဲ့တယ်ဆိုတဲ့ တိုင်ကြားမှုအသစ်တွေ ကုလသမဂ္ဂက ရရှိခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် ကချင်ပြည်နယ်ထဲမှာ ကလေးတွေကို တိုက်ခိုက်ရေးအတွက် ရှေ့တန်းမှာ စစ်တပ်က အသုံးပြုနေတယ်လို့ ဆိုပါတယ်။ လက်နက်ကိုင် တိုင်းရင်းသား တပ်တွေဘက်ကလည်း ကလေးစစ်သားတွေကို ဆက်လက် စုဆောင်း အသုံးပြုနေကြတယ် ဆိုတာကိုလည်း အကျယ်တဝင့် ပြောကြားထားပါတယ်။

ကမ္ဘာတဝှမ်း ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ ကလေးငယ်တွေရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံ နေရပြီး ချိုးဖောက်တဲ့သူတွေကလည်း အရေးယူ မခံရဘဲ လွတ်မြောက်နေကြတယ်လို့ ကလေးငယ်နဲ့ ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Leila Zerrougui က အစီရင်ခံစာ ထုတ်ပြန်စဉ်မှာ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG