အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ လူကုန်ကူးမှု အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အဆိုးဆုံး အဆင့် ၃ အဖြစ် လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ အရေးယူ ဆောင်ရွက်မှု နည်းပါးတဲ့ နိုင်ငံစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။ လူကုန်ကူးမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ကလေးလုပ်အား အသုံးပြုမှုနဲ့ ကလေးစစ်သား အသုံးပြုမှုတွေဟာလည်း စိုးရိမ်စရာ ဖြစ်တယ်လို့ အဲဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်လို့ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
ဒီနှစ်ဟာ ကုလသမဂ္ဂရဲ့ ကလေးများ အခွင့်အရေး CRC စာချုပ်ရဲ့ နှစ် ၂၀ ပြည့် ဖြစ်တဲ့အတိုင်း ကလေးလုပ်အား အသုံးပြုမှုကို သက်ဆိုင်ရာနိုင်ငံ အစိုးရတွေ အနေနဲ့ ထိထိရောက်ရောက် အရေးယူ ဟန့်တားကြဖို့ ကုလသမဂ္ဂက အထူး နှိုးဆော်ထားတာလည်း ဖြစ်ပါတယ်။ ကလေးများ အခွင့်အရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံတွေအနက် မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ၉၉ ကြိမ်မြောက် ILO ညီလာခံကြီးမှာ ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာစစ်အစိုးရရဲ့ အလုပ်သမား ဝန်ကြီးဌာန ကိုယ်စားလှယ်က တင်ပြသွားခဲ့တာကတော့…
“မြန်မာနိုင်ငံ အနေနဲ့ ကလေးများ အခွင့်အရေးဆိုင်ရာ စာချုပ်ကို ၁၉၉၁ ခုနှစ်မှာ သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။ အဲဒီနောက် ကလေးများဆိုင်ရာ ဥပဒေတွေကို ၁၉၉၃ ခုနှစ်မှာ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် ဥပဒေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို ၂၀၀၁ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ ကလေးများ အခွင့်အရေးဆိုင်ရာ အမျိုးသား ကော်မတီနဲ့ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဥပဒေတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။”
အသက် ၁၈ နှစ်အောက် လူငယ်တွေရဲ့ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ပေးဖို့ ဥပဒေတွေ ပြဋ္ဌာန်းထားတာ ရှိပေမဲ့လည်း မြန်မာနိုင်ငံမှာ အရေးယူ ဆောင်ရွက်မှု အားနည်းတဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၁၀ ကြိမ်မြောက် ထုတ်ပြန်တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာမှာ မြန်မာကလေးငယ်တွေ ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေမှာ ရောင်းစားခံကြရတာ၊ လိင်လုပ်ငန်းနဲ့ တောင်းစားတဲ့ လုပ်ငန်းတွေမှာ အခိုင်းခံကြရတာ အပြင် ပြည်တွင်းမှာလည်း ကလေးစစ်သားများ အပြင် အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေရာမှာ အိမ်တွင်း စက်မှုလုပ်ငန်းတွေမှာ၊ စက်ရုံလုပ်ငန်းတွေမှာနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ခိုင်းစေခံရတာ တွေ့ရတယ်လို့ ထောက်ပြထားတာ တွေ့ရပါတယ်။
ရာဒီကာ ကုမာရာ ဆွာမိ (Radhika Kumaraswamy) ကတော့ ကလေးများနဲ့ လက်နက်စွဲကိုင်မှု ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဖြစ်ပါတယ်။ မကြာသေးမီက သူက အစီရင်ခံစာတရပ် တင်သွင်းခဲ့ရာမှာ မြန်မာနိုင်ငံဟာ ကလေးစစ်သားများ အသုံးပြုမှုနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ရတဲ့ နိုင်ငံအဖြစ် ဖော်ပြသွားပါတယ်။
“ကျမတို့ရရှိထားတဲ့ သတင်းတွေအရ ကလေးစစ်သားတွေကို ဆက်လက် အသုံးပြုနေတယ်ဆိုတာ သိရတယ်။ အထူးသဖြင့် စိတ်ပူစရာ ကောင်းတာကတော့ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းမှာ ဖြစ်ပါတယ်။ အဲဒီက ပြည်သူ့စစ် တပ်ဖွဲ့တွေမှာ ကလေးတွေကို အသုံးပြုနေတယ်လို့ ကြားသိရပါတယ်။ ဒါကြောင့် ဒီအချက်ကို မြန်မာစစ်အစိုးရကို နောက်တကြိမ် တွေ့ဆုံတဲ့အခါမှာ ကျမတို့ မေးမြန်းဖို့ လိုပါတယ်။”
မြန်မာနိုင်ငံတွင်း ကလေးစစ်သားများ အသုံးပြုမှုမှာ တပ်မတော်(ကြည်း) အပြင် ပြည်သူ့စစ်တပ်ဖွဲ့တွေလည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။
“တပ်မတော်(ကြည်း) တင် မကပါဘူး၊ မဟာမိတ် ပြည်သူ့စစ် တပ်ဖွဲ့တွေက တပ်မှူးတွေဟာ ကိုတာခွဲတမ်း ချပေးခံရပြီး ကလေးစစ်သားတွေကို စုဆောင်းပြီး စစ်ထဲ ဝင်ခိုင်းပါတယ်။ ဒီကလေးစစ်သားတွေကို လက်နက်စွဲကိုင် တိုက်ခိုက်မှုတွေမှာ မခိုင်းပေမဲ့ တံတားတွေမှာ ဘီးခွန်၊ လမ်းခွန် ကောက်ခိုင်းတာတွေကို စစ်တပ်နဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ဒေသတွေမှာ တွေ့နေရပါတယ်။”
ဒါ့အပြင် မနှစ်တုန်းက ကိုးကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အတွင်းလည်း ကလေးများ ဒုက္ခရောက်ကြတာ တွေ့ရတယ်လို့ မစ်စ် ကုမာရာ ဆွာမိက ပြောပါတယ်။
“ကိုးကန့်တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် ပဋိပက္ခ ဖြစ်တုန်းက မိသားစုတစုမှာ ကလေးတယောက်ကျစီကို ကိုးကန့်စစ်တပ်ထဲကို ဝင်ခိုင်းခဲ့တယ်။ ဒါ့အပြင် အဲဒီထဲမှာ မိန်းကလေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ကိုးကန့်တပ် ကျခဲ့တော့ အဲဒီကလေးတွေ ဘယ်ရောက်သွားကြလဲ ဆိုတာကို ကျမတို့ စိတ်ပူမိပါတယ်။”
မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှုကို စုံစမ်း စစ်ဆေးရာမှာ အဓိက ပြဿနာနဲ့ ပတ်သက်လို့လည်း သူက…
“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အဓိက ပြဿနာကတော့ ပဋိပက္ခ အငြင်းပွားနေတဲ့ တိုင်းရင်း ဒေသတွေကို ကျမတို့ မသွားရောက်နိုင်တဲ့ အချက်ပါပဲ။ ကလေးစစ်သား အသုံးပြုတာတွေကို တိတိကျကျ စုံစမ်းစစ်ဆေးနိုင်ဖို့ အဲဒီဒေသတွေကို သွားခွင့်မရတဲ့ အချက်ကိုလည်း ကျမတိုရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။”
အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုမှာ ပါဝင်တဲ့ ကလေးစစ်သားများ အသုံးပြုမှုနဲ့ ပတ်သက်လို့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး အနေနဲ့ မြန်မာနိုင်ငံမှာ အရေးယူ ဆောင်ရွက်မှု စနစ်တရပ် ချမှတ်ရာမှာ အောင်မြင်မှုရှိတာ တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။
“ILO မှာ ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်ပြီးတော့ တိုင်တန်းနိုင်တဲ့ စနစ်တရပ် ရှိပါတယ်။ ဒီတိုင်တန်းချက်တွေအရ အရေးယူတာတွေ ရှိတဲ့အတွက် တချု့ိကလေးတွေ ပြန်လွတ်လာတာတွေရှိတယ်။ ဒါ့အပြင် စစ်တပ်က အရာရှိ ၂ ဦးကိုလည်း အရေးယူခံရတယ်လို့ ကျမတို့ သတင်းကြားရတော့ အရေးယူမှုတွေ စတင်တာတွေကို တွေ့နေရပြီလို့ ဆိုရမှာပါ။”
မြန်မာနိုင်ငံမှာ ကလေးစစ်သားများ ပပျောက်ရေးအတွက် ကုလသမဂ္ဂ အနေနဲ့ မြန်မာစစ်အစိုးရအပြင် လုံခြုံရေးကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း မစ်စ် ကုမာရာ ဆွာမိက ပြောပါတယ်။