သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကလေးစစ်သား အသုံးပြုမှု ကုလ ၅ နှစ်ဆက်တိုက် စာရင်းတင်


လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းပြီး ပြစ်မှုကျူးလွန်နေကြတဲ့ အစိုးရတွေနဲ့ လက်နက်ကိုင်သူပုန်အဖွဲ့တွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်တာတွေ လုပ်သွားဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက လုံခြုံရေးကောင်စီကို သောကြာနေ့က အစီရင်ခံစာတင်သွင်းပြီး တိုက်တွန်းလိုက်ပါတယ်။ အတွင်းအရေးမှုးချုပ်ရဲ့ အစီရင်ခံစာထဲအတွင်း ၅ နှစ်ဆက်တိုက် ထည့်သွင်းခံရသူတွေထဲမှာ မြန်မာစစ်တပ် အပါအဝင် မြန်မာနိုင်ငံက တခြား လက်နက်ကိုင်အဖွဲ့တွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က တင်ပြထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ကလေးစစ်သားစုဆောင်းတာတွေကို ဆက်လက်လုပ်ဆောင်နေတဲ့ အစိုးရတွေနဲ့ လက်နက်ကိုင်သူပုန်အဖွဲ့တွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်တာတွေ လုပ်သွားဖို့အတွက် လုံခြုံရေးကောင်စီကို သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။ လုံခြုံရေးကောင်စီကို နှစ်စဉ်တင်သွင်းတဲ့ အတွင်းရေးမှုးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာမှာ ကလေးစစ်သားစုဆောင်း အသုံးပြုတာတွေ ဆက်လက် ကျူးလွန်နေသူတွေရဲ့ စာရင်းကို ပထမဆုံးအကြိမ်အဖြစ် ဖော်ပြခဲ့ပါတယ်။ အတွင်းရေးမှုးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် မာရီ အိုကာဘေး (Marie Okabie) ကတော့ အခုလိုဆိုပါတယ်။

“အတွင်းရေးမှုးချုပ်ရဲ့ အစီရင်ခံစာမှာ ပထမဆုံးအကြိမ်အဖြစ်၊ ကလေးစစ်သား စုဆောင်း အသုံးပြုတာကို ဆက်တိုက် အချိုးဖောက်ဆုံး နိုင်ငံတွေနဲ့ အုပ်စုတွေကို စာရင်းတင်ထားပါတယ်။ အနည်းဆုံး ၅ နှစ်ဆက်တိုက် အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာ နောက်ဆက်တွဲမှာ ဖော်ပြခြင်းခံခဲ့ရသူတွေပါ”

အခုလို အတွင်းရေးမှုးချုပ်ရဲ့ အစီရင်ခံစာထဲမှာ ၅ နှစ် ဆက်တိုက် ဖော်ပြခံရတဲ့သူတွေထဲမှာ မြန်မာစစ်တပ်၊ ကရင်နီစစ်တပ် နဲ့ KNLA ခေါ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တို့ပါဝင်ပါတယ်။ ဒါ့အပြင် ဆိုမာလီကြားဖြတ်အစိုးရ၊ ကွန်ဂိုစစ်တပ် နဲ့ ကွန်ဂို၊ ယူဂန်ဒါ၊ ဆူဒန်၊ ကိုလံဘီယာ နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က လက်နက်ကိုင်သူပုန်တွေ ပါဝင်ပါတယ်။

အခုလို ကလေးစစ်သားစုဆောင်မှုတွေလုပ်ပြီး ကျူးလွန်နေတဲ့သူတွေအပေါ်မှာ ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်မှုတွေလုပ် လုပ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ တိုက်တွန်းအကြံပြုချက်နဲ့ ပတ်သက်ပြီးတော့ မာရီ အိုကာဘေး ကတော့ အခုလိုပြောပါတယ်။

“ခုလို ဆက်တိုက်ချိုးဖောက်ကြသူတွေအပေါ် လုံခြုံရေးကောင်စီက ပိုပြီး ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ အတွင်းရေးမှုးချုပ်က တိုက်တွန်းထားပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှု ကော်မတီတွေ အာလုံးကလည်း၊ လုပ်ပိုင်ခွင့်အာဏာကိုသုံးပြီး၊ လက်တေ့ွ အကောင်အထည်ဖော်ဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် အစိုးရတွေရော၊ အစိုးရမဟုတ်တဲ့ အုပ်စုတွေရော ပဋိပက္ခကာလအတွင်း ကလေးတွေကို သတ်ဖြတ်၊ အဓမ္မပြုကျင့်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေကိုလည်း အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ သီးခြားစာရင်းတင်ထားပါတယ်”

ကလေးစစ်သားအသုံးပြုမှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးသူငယ်တွေအပေါ် ပြစ်မှုကျူးလွန်နေတဲ့သူတွေကို လုံခြုံရေးကောင်စီရဲ့ အရေးယူနိုင်မှု နဲ့ ပတ်သက်ပြီး NCGUB လို့ခေါ်တဲ့ အဝေးရောက်မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရ ကုလသမဂ္ဂရုံးတာဝန်ခံဒေါက်တာသောင်းထွန်းက အခုလို ပြောပါတယ်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပြီးတော့ စီးပွားရေးဆိုင်ရာပိတ်ဆို့မှုတွေ၊ ဒါနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေ ဗီဇာပိတ်ဆို့မှုတွေ၊ လက်နက်အရောင်းအဝယ် ပိတ်ဆို့မှုတွေ လုပ်သွားနိုင်တာတွေရှိတယ်။ ဒါပေမဲ့ ဒီနေရာမှာ ကျနော်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင်တာကတော့ ကလေးစစ်သားကိစ္စတခုတည်းကို အခြေခံပြီးတော့ လုံခြုံရေးကောင်စီက စီးပွားရေးပိတ်ဆို့တာ၊ လက်နက်အရောင်းအဝယ် ပိတ်ဆို့တာကတော့ ရှားတာပေါ့နော်။ တခြားကိစ္စတွေပါ ရောပြီးတော့ လုံခြုံရေးကောင်စီက အရေးယူ ဆောင်ရွက်တာတွေရှိတယ်။ တခြား လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ နိုင်ငံတကာငြိမ်းချမ်းရေးကို ထိပါးတဲ့ကိစ္စတွေ ပါတာပေါ့နော်။ သို့သော်လည်းပဲ ဒီကလေးစစ်သား ပပျောက်ရေးကိစ္စဟာ၊ ကလေးစစ်သားစုဆောင်းရေး စာရင်းထဲဝင်တာနဲ့ တပြိုင်နက် အဲဒါဟာ အကြောင်းတရား တခုဖြစ်လာတာကို တွေ့ရတယ်။"

မြန်မာနိုင်ငံလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများအပြားရှိနေတဲ့နိုင်ငံတွေမှာတော့ ကလေးစစ်သားစုဆောင်းမှုနဲ့ ပတ်သက်လို့ သီးသန့် အစီရင်ခံစာထုတ်ပြန်တာတွေ၊ ကုလသမဂ္ဂအလုပ်အဖွဲ့တွေဖွဲ့ပြီး လုပ်ဆောင်တာတွေရှိတယ်လို့ ဒေါက်တာသောင်းထွန်းက ပြောပါတယ်။ အစီရင်ခံစာတွေ ထုတ်ပြန်လာနိုင်တဲ့အပြင် ကုလသမဂ္ဂ အလုပ်အဖွဲ့တွေ လုပ်ဆောင်လာတာတွေကြောင့် ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရသူတချို့ ပြန်လည် လွတ်မြောက်လာခဲ့တာတွေရှိပေမဲ့ မြန်မာနိုင်ငံမှာ ကလေးစစ်သား အများအပြား ရှိနေတုန်းပဲလို့ ဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုနေတဲ့ အဖွဲ့အစည်းတွေထဲမှာ ကရင်ခွဲထွက်အဖွဲ့ (DKBA)၊ ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော် (SSA-S) တို့ပါဝင်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG