ကမ္ဘာပေါ်က စစ်မက်ဒေသတွေမှာ ရှိတဲ့ကလေးတွေရဲ့ အခြေအနေတွေနဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးနိုင်ဖို့အတွက် နည်းလမ်းရှာတဲ့ ဆွေးနွေးပွဲတစ်ခုကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ မနေ့က ပြုလုပ်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို ကမ္ဘာ့နိုင်ငံ အသီးသီးက လူ့အခွင့်အရေးနဲ့ ကလေးအခွင့်အရေးကိစ္စ လှုပ်ရှား ဆောင်ရွက်နေကြတဲ့ ကျွမ်းကျင်သူတွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ တက်ရောက်ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးနဲ့ ကလေးအခွင့်အရေး ကျွမ်းကျင်သူအနေနဲ့ ဦးအောင်မျိုးမင်းက တက်ရောက် ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို မမေငြိမ်းက ဆက်သွယ် မေးမြန်းထားပါတယ်။
ဒီဆွေးနွေးပွဲဟာ အဓိကတော့ စစ်မက်ဖြစ်ပွားနေတဲ့ ပဋိပက္ခနယ်မြေတွေမှာ ရှိနေကြတဲ့ ကလေးတွေကို ညှဉ်းပန်း နှိပ်စက် ခံရတာကနေ အကာအကွယ်ပေးဖို့နဲ့ ကလေးစစ်သား ပပျောက်ရေးတွေကို နိုင်ငံတကာ အတိုင်းအတာနဲ့ ဘယ်လို ပူးပေါင်း ဆောင်ရွက်ကြမလဲ ဆိုတာကို ဦးတည်ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ကလေးစစ်သား ပပျောက်ရေးကို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေ၊ အစိုးရမဟုတ်တဲ့ ဒေသခံအဖွဲ့အစည်းတွေ ဘယ်လို ပူးပေါင်း လုပ်ဆောင်ကြသလဲဆိုတဲ့ အတွေ့အကြုံတွေကို ဖလှယ်ပြီး ကုလသမဂ္ဂအနေနဲ့ ဘာတွေ အထူးပြု လုပ်ဆောင်သင့်သလဲ ဆိုတာကို ဆွေးနွေးကြတာပါ။
ဒီဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် IPI လို့ခေါ်တဲ့ International Peace Institute ကနေ ဦးစီးကျင်းပတာဖြစ်ပြီး ကုလသမဂ္ဂရဲ့ ကလေးအခွင့်အရေးဆိုင်ရာ ကော်မီတီရဲ့ ဥက္ကဋ္ဌ တက်ရောက်သလိုပဲ ကုလသမဂ္ဂ ကလေးများဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNICEF)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) တို့က ကိုယ်စားလှယ်တွေနဲ့အတူ ကလေးသူငယ်အခွင့်အရေး လှုပ်ရှား ဆောင်ရွက်နေသူတွေနဲ့ ကုလသမဂ္ဂ ကိုယ်စားပြု သံအမတ်တွေနဲ့ နယူးယောက်အခြေစိုက် သံတမန်တွေလည်း တက်ရောက်ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ အဓိကထားပြီး ဆွေးနွေးကြတဲ့အကြောင်းကိုတော့ ဦးအောင်မျိုးမင်းက အခုလိုပြောပါတယ်။
“အဓိကဆွေးနွေးတဲ့ အကြောင်းအရာကတော့ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာရှိတဲ့ ကလေးတွေရဲ့ အခြေအနေပေါ့။ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာဖြစ်တဲ့ ကလေးတွေနဲ့ ပတ်သက်တာ ကလေးစစ်သား တစ်ခုတည်းမဟုတ်ဘူး။ ကလေးတွေကို ပေါ်တာဆွဲတာတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ၊ ဒါတွေကို ကျနော်တို့ တွေ့နေရတယ်။ အထူးသဖြင့် လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ လက်နက်ကိုင် ပဋိပက္ခ အတွင်းမှာရှိတဲ့ ကလေးတွေရဲ့ အခြေအနေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်အမှတ် (၁၆၁၂)၊ အဲဒီရဲ့အောက်မှာရှိတဲ့ ကလေးအခွင့်အရေး ချိုးဖောက်မှု ၆ ခုကို အဓိကထား ဆွေးနွေးတယ်။ ဒါပေမဲ့ အများဆုံး ဆွေးနွေးဖြစ်တာ ကတော့ ကလေးစစ်သားအကြောင်းပဲ ဖြစ်ပါတယ်။”
ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ ၀ိုင်းဝန်းအဖြေရှာရာမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဘယ်လို ၀ိုင်းဝန်းပံ့ပိုးနိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
“ကလေးစစ်သား ပပျောက်ရေးအတွက် ဘယ်လိုမျိုးနည်းနဲ့ လုပ်ဆောင်ကြမလဲ။ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍက ဘယ်လိုဖြစ်သင့်တယ်၊ ကုလသမဂ္ဂ အေဂျင်စီတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသခံ local NGO တွေ ဘယ်လို ပူးပေါင်း ဆောင်ရွက်မလဲ။ အဲဒီအကြောင်းအရာကို အဓိကထား ဆွေးနွေးတာဖြစ်ပါတယ်။”
ဒီဆွေးနွေးပွဲမှာ ကလေး စစ်သားကိစ္စ ပပျောက်အောင် ပူးပေါင်း လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အောက်ခြေမှာ လုပ်ဆောင်ရတဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို တင်ပြနိုင်ခဲ့တယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။
“ကျနော် တင်ပြတဲ့အချက်တွေကတော့ ကျနော်တို့ လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ လုပ်ဆောင်နေတဲ့ အကြောင်းအရာပါ။ အထူးသဖြင့်ကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေကြားထဲမှာ ကလေးစစ်သား အသုံးပြုမှုတွေ ရှိတယ်ဆိုတဲ့ ထောက်ပြချက်တွေ ရှိတယ်။ အဲဒါတွေကို လက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေအနေနဲ့ လက်ခံပြီးတော့ ကလေးစစ်သား ပပျောက်ရေးအတွက် ဘယ်လိုမျိုး လုပ်ဆောင်နေလဲ၊ သူတို့နဲ့ ဘယ်လိုမျိုး ပူးတွဲ လုပ်ဆောင်နေလဲ ဆိုတဲ့အချက်တွေ။ နောက်တခါ ဒေသခံအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်ကလည်း နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အသိအမှတ်ပြုဖို့ လိုအပ်တယ် ဆိုတဲ့အချက်တွေ၊ ကုလသမဂ္ဂက မူဝါဒပိုင်း ချမှတ်ပေမဲ့ ဒေသခံအဖွဲ့အစည်းတွေ ပါဝင်မှုမရှိရင် တချို့နေရာတွေမှာ လုပ်ဆောင်ရခက်တယ်။ အထူးသဖြင့် အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အခါမှာ ဒေသခံအဖွဲ့အစည်းတွေရဲ့ အားကောင်းချက်၊ လိုအပ်ချက်တွေ၊ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို အဓိကထား တင်ပြတာဖြစ်ပါတယ်။”
လက်ရှိမြန်မာနိုင်ငံမှာလည်း အစိုးရသစ်ပြောင်းလာပြီဆိုပေမဲ့ ပြည်တွင်း လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရတို့ကြား စေ့စပ်ဆွေးနွေးရေးတွေ မပြီးပြတ်သေးသလို အစိုးရဘက်ကလည်း ကလေးစစ်သားကိစ္စကို ပူးပေါင်း ဆောင်ရွက်တာမျိုး မရှိတာကြောင့် လုပ်ကိုင်ရတာမှာ အခက်အခဲတွေ ရှိနေသေးတယ်လို့လည်း ပြောပါတယ်။
အခု ဆွေးနွေးပွဲမှာတော့ ကမ္ဘာလုံးဆိုင်ရာ ကလေးစစ်သား အသုံးပြုမှုနဲ့ပတ်သက်ပြီး လွှမ်းခြုံ ဆွေးနွေးတာ ဆိုပေမဲ့ မြန်မာနိုင်ငံဟာ ကလေးစစ်သား အသုံးပြုမှုနဲ့ နာမည်ဆိုးရှိတဲ့ နိုင်ငံဖြစ်တာကြောင့် မြန်မာနိုင်ငံက ကလေးစစ်သား ပြဿနာကို ထည့်သွင်း တင်ပြနိုင်ခဲ့တယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောသွားပါသေးတယ်။