သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ထဲ ကလေးစစ်သားများ ကျန်ရှိဆဲ


အသက်မပြည့်သေးတဲ့ ကလေးစစ်သား စန်းထက်ကျော်ရဲ့ဓာတ်ပုံကို ကိုင်ထားသော မိခင် ဒေါ်စန်းမြင့်။ (နိုဝင်ဘာ ၄၊ ၂၀၁၃)
အသက်မပြည့်သေးတဲ့ ကလေးစစ်သား စန်းထက်ကျော်ရဲ့ဓာတ်ပုံကို ကိုင်ထားသော မိခင် ဒေါ်စန်းမြင့်။ (နိုဝင်ဘာ ၄၊ ၂၀၁၃)
ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေ ထပ်မံစုဆောင်းခြင်း မရှိတော့ဘူး ဆိုပေမယ့် မကြာခင်ကမှ တပ်ထဲရောက်လာကြတဲ့ အသက်မပြည့်သေးသူ ကလေးစစ်သားတွေ အများအပြား ရှိနေတုန်းပဲဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့က စလို့ အသက် ၁၈ နှစ်အောက် ကလေးစစ်သားတွေ မရှိတော့အောင် လုပ်ဆောင်မယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေ ကတိပေး ပြောဆိုထားတဲ့ကြားက အခုလို ကလေးစစ်သားတွေ ရှိနေတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံက သာယာလှပတဲ့ အပန်းဖြေ ကမ်းခြေနေရာတွေထဲက တစ်ခုဖြစ်တဲ့ ချောင်းသာရွာဟာ ပြည်တွင်း ပြည်ပက လာရောက် လည်ပတ်သူတွေနဲ့ ပြည့်နေပေမယ့်လည်း ဒေသခံ ရွာသားတွေဟာ ဆင်းရဲချို့တဲ့စွာနဲ့ ဘဝရပ်တည်ရေးအတွက် ရုန်းကန်နေကြရတာပါ။ ဒီအထဲမှာ မင်းသူတို့ မိသားစုလည်း ပါဝင်ပါတယ်။ အဲဒီလို ဆင်းရဲနွမ်းပါးတဲ့ဘဝက ရုန်းထွက်ပြီး မိသားစုကို ထောက်ပံ့ပေးချင်တဲ့ မင်းသူတယောက် အိမ်မက် မမက်ဘူးတဲ့ အခွင့်အရေးဗန်းပြပြီး စစ်တပ်ထဲဝင်ဖို့ စည်းရုံးသူ ပွဲစားရဲ့လက်ချက်ကြောင့် အသက်မပြည့်ခင် ၁၄ နှစ်သားအရွယ်မှာကတည်းက သားစုဆောင်းရေးကတဆင့် တပ်ထဲကို ရောက်သွားပါတယ်။

ဒါပေမယ့် စစ်တပ်ထဲရောက်သွားတဲ့အခါ အပြင်မှာ သူ့ကို ပြောပြလိုက်တဲ့ အခြေအနေတွေနဲ့ မိုးနဲ့မြေ ကွာခြားနေတာကို တွေ့ရတဲ့အကြောင်း တပ်ထဲက မကြာခင်ကမှ ပြန်ထွက်ပြေးလာတဲ့ မင်းသူက ပြောပြပါတယ်။

“သူတို့က ကျွေးတဲ့ဥစ္စာတွေက ကောင်းလည်းမကောင်းဘူး၊ ပြီးတော့ နှိပ်စက်တယ်၊ ဆဲလည်းဆဲတယ်။ ဥပမာ- မှားလို့ရှိရင်လည်း နည်းနည်းပါးပါး သည်းညည်းမခံဘူး။ ပါးရိုက်တယ်။ တခါတလေကျရင် ချတယ်။ ပြီးရင် တောင်စောင်းကနေပြီးတော့ ဆောင့်ကန်တယ်-တခါတလေကျရင်။ အဲဒီမှာကျတော့ ကိုယ့်လူ-သူ့လူ---- တခါတလေကျရင် ပေါင်တွေပြတ်၊ ခေါင်းတွေပြတ်… ဘာမှ မရှိတော့ဘူး။ ကျနော်လည်း ကြောက်ပြီးတော့ ပစ်တာပေါ့။ ကိုယ်မှ အတွေ့အကြုံမှ ရှိမှမရှိတာ။……”
ပြန်လွတ်လာတဲ့ ကလေးစစ်သားဖြစ်ခဲ့သူ မင်းသူ။ (နိုဝင်ဘာ ၃၊ ၂၀၁၃)
ပြန်လွတ်လာတဲ့ ကလေးစစ်သားဖြစ်ခဲ့သူ မင်းသူ။ (နိုဝင်ဘာ ၃၊ ၂၀၁၃)


ငယ်ငယ်ရွယ်ရွယ်နဲ့ ရှေ့တန်းစစ်မျက်နှာပြင်ရောက်သွားတဲ့ မင်းသူတယောက် ထိတ်လန့် ကြောက်ရွံ့ရုံတင်မကပဲ အရွယ်နဲ့မလိုက်တဲ့ ရက်စက် ကြမ်းတမ်းမှုတွေကို ကြုံတွေ့လိုက်ရတဲ့အတွက် စစ်တပ်ထဲက ထွက်ပြေးလာတဲ့အချိန်မှာ မျက်နှာသေနဲ့ စကားပြောရင် ထစ်ငေါ့ ထစ်ငေါ့နဲ့ ပြောတဲ့လူငယ်တဦးအဖြစ် မိဘတွေထံကို ပြန်ရောက်လာခဲ့ပါတယ်။

အသက်မပြည့်သေးပဲ စစ်တပ်ထဲရောက်သွားတဲ့ ရင်သွေးက ဖုန်းဆက်ပြီး လာကယ်ဖို့ ပြောတဲ့အတွက် စိုးရိမ် ပူပန်ရတဲ့အကြောင်းကိုလည်း မိခင်ဖြစ်သူက ပြန်ပြောပြပါတယ်။

“စိုးရိမ်တာပေါ့။ ဖုန်းမဆက်တာ သုံးလလောက်ရှိနေပြီ သူတို့ ဖုန်းမဆက်တော့လေ။ - အရင်တုန်းကဆိုလို့ရှိရင် ဖုန်းလှမ်းပြီးဆက်လို့ရှိရင် -အမေ၊ သားကို ကယ်ပါအုံး၊ အမေ အေးအေးဆေးဆေးမနေပါနဲ့-ဘယ်လိုနေရတယ်ဆိုတာ သားပဲသိတယ်၊ အဲလိုမျိုး ပြောနေတဲ့အခါတွေကျ ကိုယ်က အကုန်လုံး ဖုတ်ပူမီးတိုက်ပေါ့နော်-”

မြန်မာစစ်တပ်ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ဘယ်လောက် ရှိတယ်ဆိုတာ အတိအကျ မသိနိုင်ပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အသက်မပြည့်သေးတဲ့ ကလေးစစ်သား ၅၀၀ လောက်အထိ စစ်တပ်က ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီပြန်လွတ်လာသူတွေထဲက အငယ်ဆုံး ကလေးစစ်သားဟာ အသက် ၁၁ နှစ်ပဲ ရှိတယ်လို့ ဆိုပါတယ်။

မင်းသူလိုပဲ ရန်ကုန်မြို့မှာ လစာကောင်းတဲ့ နေ့စားအလုပ်ကလေးများ ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဧရာဝတီမြစ်ကမ်းဘေး ကရင်ကျောက်ရွာ ကနေ ဇူလိုင်လတုန်းက ထွက်သွားတဲ့ စန်းထက်ကျော်တယောက်လည်း မိခင်ထံ ငွေတွေပြန်ပို့နိုင်မယ်ဆိုတဲ့ မက်လုံးနဲ့ စစ်သားစုဆောင်းရေးထဲ ပါသွားခဲ့တယ်လို့ သားဖြစ်သူရဲ့ ဓာတ်ပုံကိုပြပြီး မိခင်ဖြစ်သူက ပြန်ပြောပြပါတယ်။

“နစ်နစ်နာနာပဲ၊ ကိုယ်က မခံစားနိုင်ဘူး၊ သူတို့ ရက်စက်တယ်ပဲ၊ အခုက…ကလေးအသက်မပြည့်သေးတဲ့အတွက် ကိုယ်က ရက်စက်တယ်ပဲထင်တယ်။”

ကလေးငယ်တွေကို ပွဲစားတွေက စစ်တပ်ထဲ မဝင် ဝင်ချင်အောင် နည်းမျိုးစုံသုံးပြီး စည်းရုံး သိမ်းသွင်းခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အခုချိန်ထိတော့ စန်းထက်ကျော်ဟာ စစ်တပ်ထဲမှာပဲ ရှိနေဆဲဖြစ်ပါတယ်။ သူ့ကို ပြန်လွှတ်အောင် မိဘတွေအနေနဲ့ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးပါဘူး။

စစ်တပ်ထွဲမှာ ရှိနေစဉ်အတွင်း အထက်အရာရှိတွေ ခိုင်းတာကို ကြိုက်တာ မကြိုက်တာအပထား နောက်ပိုင်းမှာ အဆင်ပြေအောင် သူတို့ခိုင်းတာကို အလိုက်သင့်လုပ်ပြီး နေထိုင်ခဲ့တယ်လို့ မင်းသူက ပြောပါတယ်။

ကလေးစစ်သား ပပျောက်ရေးပူးပေါင်း လုပ်ဆောင်ကြဖို့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအကြား နားလည်မှု ရရှိထားပြီးတဲ့နောက်ပိုင်းမှာလည်း ကလေးစစ်သား စုဆောင်းမှုတွေက ရှိနေဆဲဖြစ်ပါတယ်။

ကလေးစစ်သား ပပျောက်ရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားတဲ့ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Steve Marshall က အခုလို ပြောပါတယ်။

“တိုးတက်မှုတော့ ရှိလာနေပါတယ်။ ကောင်းတော့ ကောင်းမသွားသေးဘူး။ အသက်မပြည့်သေးတဲ့ အမျိုးသားကလေးငယ်တွေကို စစ်တပ်က စုဆောင်းနေတာ ကျနော်တို့ အခုချိန်ထိ တွေ့နေရတုန်းပဲ။”

ဒီအတောအတွင်းမှာတော့ ကလေးစစ်သားစုဆောင်းတဲ့ ပွဲစားတွေနဲ့ ပါဝင်ပတ်သက် စစ်တပ်က တာဝန်ရှိသူတွေအပေါ် ထိထိရောက်ရောက် အရေးယူမှု မရှိတဲ့အတွက် ကလေးစစ်သား စုဆောင်းမှု တိုက်ဖျက်ရေးဟာ မအောင်မြင်သေးတာ ဆိုပြီးတော့လည်း လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ပြောဆိုနေပါတယ်။
XS
SM
MD
LG