သုံးရလွယ်ကူစေသည့် Link များ

မြန်မာ နှင့် ကန် စစ်ဖက်ဆက်ဆံရေး ပြန်လည် ထားရှိဖို့ ဆုံးဖြတ်ချက် HRW စိုးရိမ်


ကလေးစစ်သားများ

ကလေးစစ်သား အသုံးပြုတဲ့ နိုင်ငံတွေအပေါ် အမေရိကန်လွှတ်တော်က ချမှတ်ထားတဲ့ဥပဒေအရ ပုံမှန် အရေးယူရမှာ ဖြစ်ပေမယ်လို့လည်း မြန်မာအပါအ၀င် တချို့နိုင်ငံတွေကိုတော့ အရေးယူမှုကနေ ကင်းလွတ်ခွင့်ပြုဖို့ သမ္မတ Barack Obama က ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီလို ကင်းလွတ်ခွင့်ပေးလိုက်ခြင်းအားဖြင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမှာဖြစ်တာကြောင့် ကလေးစစ်သား အသုံးပြုနေတဲ့ တိုင်းပြည်တွေကို မှားယွင်းတဲ့ အချက်ပြလိုက်သလို ဖြစ်နေတယ် ဆိုပြီး HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဝေဖန် ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး Child Soldiers Prevention Act of 2008 - ၂၀၀၈ ခုနှစ်ကလေးစစ်သား အသုံးပြုမှု ကာကွယ် တားဆီးရေး ဥပဒေ ကနေ မြန်မာ၊ အီရတ်၊ နိုင်ဂျီးရီးယားနဲ့ ကွန်ဂိုနိုင်ငံတွေကို ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သမ္မတ Barack Obama က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

အခုလို ကင်းလွတ်ခွင့်ပေးလိုက်တဲ့အတွက် ဒီနိုင်ငံတွေကို ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေပေးတာ၊ စစ်လက်နက်ပစ္စည်း ရောင်းချတာနဲ့ လူ့အခွင့်အရေးနဲ့ စစ်သင်တန်းပို့ချတာ အပါအ၀င် တခြား စစ်ဘက်ဆိုင်ရာ အကူအညီိတွေကိုလည်း အမေရိကန်ပြည်ထောင်စုက တရားဝင် ပေးခွင့်ရှိတော့မှာ ဖြစ်ပါတယ်။

ကလေးစစ်သားအသုံးပြုတဲ့ တားဆီးရေး ဥပဒေကို ထိရောက်စွာ အသုံးပြုခြင်းမရှိပဲ သမ္မတ Obama အစိုးရ အခုလို ကင်းလွတ်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာဟာ လက်တွေ့မကျတဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အာရှရေးရာ ညွန်ကြားရေးမှူး Brad Adam က ဝေဖန် ပြောကြားလိုက်ပါတယ်။

“သမ္မတ အိုဘားမားအနေနဲ့ ဒီ တားမြစ်ထားတဲ့ ဥပဒေကို ရုပ်သိမ်းပေးလိုက်တဲ့အတွက် ကျနော်တို့အနေနဲ့ အတော်လေးကို အံ့အားသင့်မိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ပြုပြင်ပြောင်းလဲရေးတွေကို ပြီးမြောက်အောင် လုပ်ဆောင်စရာ မလိုပဲ မြန်မာစစ်တပ်အနေနဲ့ အမေရိကန်ပြည်ထောင်စုထံကနေ စစ်ရေးအရ အကူအညီတွေ ရနိုင်တယ်ဆိုတဲ့ မှားယွင်းတဲ့ အချက်ပြ လိုက်တာလည်း ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဟာ မြန်မာနိုင်ငံကို စစ်လက်နက် ရောင်းချင်တာမဟုတ်ပါဘူး၊ စစ်ရေးအရ အကူအညီပေးတာကလည်း အနည်းငယ်ပဲ ရှိပါတယ်။ ဒါပေမယ့်လည်း ဒါဟာ မလုပ်သင့်တဲ့ကိစ္စတခုကို စည်းကျော်ပြီး လုပ်ဆောင်လိုက်ခြင်းဖြစ်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားခြင်းရဲ့ အဓိက ရည်ရွယ်ချက်ဟာ ထိပ်ပိုင်းကနေ အောက်ခြေအထိ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့အတွက် ဖြစ်ပါတယ်။ မြန်မာစစ်တပ်အနေနဲ့ အဲဒီ ပြုပြင်ပြောင်းလဲမှုကို ပြီးမြောက်အောင် မလုပ်နိုင်သေးပါဘူး။”

မြန်မာ့တပ်မတော်ထဲမှာရော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအတွင်းမှာပါ ကလေးစစ်သားတွေ ရှိနေတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စုအပါအ၀င် နိုင်ငံတကာ အသိုင်းဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ယုံကြည်ထားကြတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်တဲ့ လူမှောင်ခိုကူးမှုဆိုင်ရာ အစီရင်ခံစာအတွင်း မြန်မာနိုင်ငံက ကလေးစစ်သားတွေအကြောင်း နှစ်စဉ် ဆိုသလို ဖော်ပြခံနေရတာ ဖြစ်ပြီး အခုနှစ် ၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်တဲ့အစီရင်ခံစာမှာလည်း - ကလေးငယ်တွေကို သူတို့ရဲ့ဆန္ဒမပါပဲ အဓမ္မ စစ်သားအဖြစ် အသုံးပြုဖို့ အမျိုးမျိုး သွေးဆောင် ဖျားယောင်ခဲ့တဲ့အခြေအနေ အသေးစိတ်ကို ဖော်ပြထားပါတယ်။

ကလေးစစ်သား အသုံးပြုတဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ပိတ်ဆို့အရေးယူခြင်း ခံထားရတဲ့ နိုင်ငံပေါင်း ၈ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးက ရှိနေတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်အတွင်း ကလေးစစ်သား ပပျောက်ရေးအတွက် ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်နဲ့ မြန်မာအစိုးရတို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တဲ့ သာဓကတွေ၊ ကလေးစစ်သားတွေကို သက်ဆိုင်ရာ မိဘတွေထံ ပြန်လည် အပ်နှံတဲ့ အခမ်းအနားတွေ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကစပြီး ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံအတွင်းက ကလေးစစ်သား စုဆောင်းမှုတွေ မနှစ် ၂၀၁၅ ခုနှစ်ကုန်ပိုင်းအထိ ရှိနေသေးတယ်ဆိုတာကို စုံစမ်း သိရှိရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကလေးငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးက ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သမ္မတ Obama က ကလေးစစ်သား အသုံးပြုတဲ့ တိုင်းပြည်တချို့ကို စစ်ရေးအရ အကူအညီပေးဖို့ ကင်းလွတ်ခွင့် ပြုလိုက်တဲ့အတွက် မြန်မာစစ်တပ်က တာဝန်ရှိသူတွေဟာ ကလေးစစ်သားအသုံးခဲ့တဲ့အတွက် အပြစ်ပေး အရေးယူခြင်း မခံရတော့ဘူးလို့ ယူဆသွားနိုင်တဲ့အကြောင်း Brad Adam က ပြောပါတယ်။

“သူတို့ အဲဒီလို ယူဆမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။ မကြာခင် အမေရိကားမှာ အစိုးရသစ်တက်လာတော့မှာ ဖြစ်ပါတယ်။ အစိုးရသစ်အနေနဲ့ ဒီကိစ္စကို ချဉ်းကပ် ကိုင်တွယ်တဲ့ပုံက တူမှာမဟုတ်ပါဘူး။ ကလေးစစ်သားအသုံးပြုတဲ့အတွက် တခြား ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေလည်း ရနိုင်တော့မှာ မဟုတ်ပါဘူး။ ILO ကလည်း ကလေးစစ်သား ပပျောက်ရေးအတွက် မြန်မာအစိုးရနဲ့ ပူးပေါင်း လုပ်ဆောင်နေတာတွေ ရှိတော့ အဲဒီအကူအညီတွေလည်း ရပ်တန့်သွားမျိုး ဖြစ်လာနိုင်ပါတယ်။”

သမ္မတ Obama က ကင်းလွတ်ခွင့်ပြုကြောင်း အခု ကြေညာလိုက်တာမှန်ပေမယ့် တကယ့်လက်တွေ့ စစ်ရေးအရ အကူအညီပေးရေး ကိစ္စတွေအတွက် လွှတ်တော်ရဲ့ အတည်ပြုချက်ယူရဦးမှာ ဖြစ်တဲ့အတွက် ပြောင်းလဲမှုတွေ ချက်ခြင်း ဖြစ်လာမှာမဟုတ်ဘူးလို့ Brad Adam က ပြောပါတယ်။

အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ အဆင့်မြင့်အဖွဲ့ဝင်ဖြစ်တဲ့ မယ်ရီလန်းပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် Ben Cardin နဲ့ လက်နက်ကိုင်တပ်များ ၀န်ဆောင်မှုလုပ်ငန်းဆိုင်ရာ ကော်မတီဥက္ကဌ အာရီဇိုးနားပြည်နယ် အထက်လွှတ်တော်အမတ် John McCain တို့ ၂ ဦး ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တိုးတက်ရေးအတွက် ဒီမိုကရေစီ တိုးတက်ရေးကို ဘယ်လို ထောက်ခံအားပေးသွားမလဲဆိုတဲ့ ဥပဒေကြမ်းတရပ်ကို အထက်လွှတ်တော်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က တင်သွင်းခဲ့ကြတာမှာ မြန်မာနိုင်ငံနဲ့ စစ်ဘက် ဆက်ဆံရေးကို အကန့်အသတ်နဲ့ ပြည်လည် ထားရှိဖို့ကိုလည်း ထည့်သွင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG