သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား ပပျောက်ရေး မြန်မာ ပံ့ပိုးမှုရှိ


မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည် အပ်နှံတဲ့ အခမ်းအနား။ (စက်တင်ဘာ ၃၊ ၂၀၁၂)
မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည် အပ်နှံတဲ့ အခမ်းအနား။ (စက်တင်ဘာ ၃၊ ၂၀၁၂)

မြန်မာစစ်တပ်က ပြီးခဲ့တဲ့နှစ်အတွင်း ရာနဲ့ချီတဲ့ ကလေး စစ်သားတွေ ကို ပြန်လွှတ်ပေးခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကလေးစစ်သား အသုံးပြုမှု ဆန့်ကျင်ရေးနေ့ ဖြစ်တဲ့ ဖေဖေါ်ရီလ ၁၂ ရက်နေ့မှာ ကုလသမဂ္ဂ ထိပ်တန်း တာဝန်ရှိသူတဦး က ချီးကျူးပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၂ လ အတွင်း ကလေး ၄၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့တာဟာ ကလေးစစ်သားစုဆောင်းမှုနဲ့ မြန်မာစစ်တပ် အတွင်း ကလေးစစ်သားအသုံးပြုမှု အဆုံးသပ်ရေး လုပ်ငန်းစဉ် အကောင်အထည်ဖေါ်မယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ကတိကဝတ် ကို ထင်ဟပ်ပြသလိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Leila Zerrougui က VOA မြန်မာပိုင်းကို ပြောဆိုပါတယ်။

ကလေးစစ်သားအသုံးပြုမှုနဲ့ ကလေးစစ်သားစုဆောင်းမှု အဆုံးသပ်ရေး လုပ်ငန်းစဉ် အကောင်ထည်ဖေါ်ရေးအတွက် ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့အကြား ၂၀၁၂ ခုနှစ်မှာ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြတာပါ။ ၂၀၁၄ ခုနှစ် မတ်လမှာတော့ ကုလသမဂ္ဂ က Children, not Soldiers ကလေးတွေဟာ စစ်သားမဟုတ်ဖူးဆိုတဲ့ လှုံ့ဆော်လှုပ်ရှားမှု တခု စတင်ခဲ့ပါတယ်။

အခုလို ကလေး ၄၀၀ ကျော်ကို ပြန်လွှတ်ပေးလိုက် တာဟာ မြန်မာကလေးတွေ အတွက် ပြုလုပ်လိုက်တဲ့ အစိုးရရဲ့ အရေးပါတဲ့ ဖြစ်ထွန်းတိုးတက်မှုလို့ ရှုမြင်တဲ့အကြောင်း Ms. Zerrougui က ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ၂၀၁၆ ခုနှစ်မှာ အစိုးရစစ်တပ်တွေအတွင်း ကလေးစစ်သာ လုံး၀ မရှိစေရေး ရည်ရွယ်ချက် ပြည့်မြောက်အောင် အကောင်ထည်ဖေါ် လုပ်ဆောင်နေမှုကို သူမအနေနဲ့ရော ကုလသမဂ္ဂကပါ အပြည့်အ၀ ထောက်ခံမှု ပေးနေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ပြောဆိုခဲ့ဘူးတဲ့အတိုင်း မြန်မာနိုင်ငံအတွင်းမှာ အစိုးရမဟုတ်တဲ့ ကလေးစစ်သား စုဆောင်း အသုံးပြုနေတဲ့ အဖွဲ့အစည်း (၇) ခုရှိကြောင်း၊ သူတို့အားလုံးကိုလည်း နိုင်ငံတကာ ဥပဒေကို လိုက်နာကြဖို့နဲ့ ကလေးတွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းလိုကြောင်း Ms. Zerrougui က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ဆယ်စုနှစ်တွေနဲ့ ချီပြီး ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေအတွင်း အစိုးရဖက်ကကော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကလေးစစ်သားတွေ အသုံးပြုနေတဲ့အကြောင်း အစိုးရတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြခဲ့ကြပါတယ်။

XS
SM
MD
LG