သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကလေးစစ်သား ၉၁ ယောက် လွတ်မြောက်


ကလေးစစ်သားများကို မိဘများထံပြန်လည်အပ်နှံ (စက်တင်ဘာ၊ ၂၀၁၂)
ကလေးစစ်သားများကို မိဘများထံပြန်လည်အပ်နှံ (စက်တင်ဘာ၊ ၂၀၁၂)

မြန်မာအစိုးရတပ် အတွင်းမှာရှိနေတဲ့ ကလေးစစ်သား ၉၁ ယောက်ကို မြန်မာ စစ်တပ်က သြဂုတ်လ ၁ ရက် သောကြာနေ့က ပြန်လွှတ်ပေး လိုက်ပါတယ်။ မြန်မာစစ်တပ် အတွင်း ကလေးစစ်သားတွေစုဆောင်းနေတာ နဲ့ အသုံးပြုနေတာတွေကို အဆုံးသတ်ဖို့ မြန်မာအစိုးရနဲ့ စစ်တပ်ဘက်က လုပ်ဆောင်သွားမယ်ဆိုတာကို ပြသတဲ့အနေနဲ့ နဲ့ အခုလို ကလေးစစ်သားတွေကို ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

အခုလို လွှတ်ပေးလိုက်တဲ့အပေါ်မှာ ကုလသမဂ္ဂကလည်း ကြိုဆိုလိုက်ပြီး၊ မြန်မာစစ်တပ် အတွင်းမှာ ကလေးစစ်သားတွေ မရှိအောင် အရှိန်အဟုန်မြင့်လုပ်ဆောင်သွားဖို့လည်း ကြိုဆိုလိုက်ပါတယ်။

ကုလသမဂ္ဂကလေးသူငယ်ရံပုံငွေအဖွဲ့က Shalini Bahuguna ကတော့ “တပ်ထဲကနေ အခုလိုပြန်လွှတ်ပေး လိုက်တာဟာ မြန်မာစစ်တပ် အတွင်း ကလေးစစ်သားစုဆောင်းနေတာနဲ့ အသုံးပြုနေတာတွေကို ရပ်တန့်ဖို့အတွက် အရေးပါကြောင်း ဒီလိုလုပ်ခြင်းအားဖြင့် အဲဒီ ရည်မှန်းချက် ၂ ခုစလုံးကို အောင်မြင်မှာဖြစ်တယ်” လို့ ပြောပါတယ်။

အခုလွတ်မြောက်လာတဲ့သူ ၉၁ ယောက်ဟာ သောကြာနေ့က ရန်ကုန်မြို့မှာ မိသားစုတွေ နဲ့ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး အပါအဝင် တခြားလိုအပ်တဲ့အကူအညီတွေပေးဖို့ အစိုးရဝန်ကြီးဌာနတွေက ညွန်ကြားချက်တွေ ထုတ်ထားတယ်လို့ဆိုပါတယ်။

၂၀၁၁ မှာ အစိုးရသစ် တက်လာချိန်ကစပြီး အခုချိန်အထိ လွတ်မြောက်လာတဲ့ ကလေးစစ်သားအရေအတွက်ဟာ ၃၆၄ ယောက်ရှိသွားပြီဖြစ်ပြီး၊ အခုတခေါက်ကတော့ ၂၀၁၂ နောက်ပိုင်းမှာ ကလေးစစ်သားအများဆုံး လွတ်လာတာပါ။ ဒါပေမဲ့လည်း မြန်မာစစ်တပ်အတွင်း ကလေးစစ်သား အသုံးပြုမှုတွေကတော့ လုံးဝရပ်တန့်သွားသေးတာမဟုတ်ဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG