သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု လူသားမဆန်တဲ့ပြစ်မှု


ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု လူသားမဆန်တဲ့ပြစ်မှု
ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု လူသားမဆန်တဲ့ပြစ်မှု

ဒီဇင်ဘာလ ၁၂ ရက်နေ့မှာကျရောက်တဲ့ ကလေးငယ်တွေကို လူကုန်ကူးမှု ဆန့်ကျင်ရေးနေ့ကို ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ကလေးငယ်များ လူကုန်ကူးမှု ဆန်ကျင့်တားဆီးတဲ့ အဖွဲ့တွေစုထားတဲ့ အဖွဲ့ကဦးစည်းပြီး ပညာပေးလှုံ့ဆော်ပွဲ ကျင်းပခဲ့ပါတယ်။ ဒီပညာပေးပွဲမှာ ကလေးငယ်တွေ ရောင်းစားခံရမှုဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုးများပြားလာတယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။ အကြောင်းစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လူကုန်ကူးမူတွေ အများဆုံးဖြစ်ရာကနေ ကလေး ကူးသန်းရောင်းဝယ်မှု တွေဟာလည်း တဖြည်းဖြည်း ပိုမိုများပြားလာနေတဲ့အတွက် ပညာပေးလှုံ့ဆော်ပွဲတွေကို ထိုင်း-မြန်မာနယ်စပ်မှာ လုပ်ခဲ့ကြတာပါ။ ဒီပွဲကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း ဗွီဒီယို မိန့်ခွန်း ပေးပိုခဲ့ပါတယ်။

“ကလေးရောင်းဝယ်မှု ဆန့်ကျင်ရေးနေ့ဆိုတာ နေ့တိုင်းဖြစ်သင့်ပါတယ်။ ဒီလိုကိစ္စမျိုးဟာ နေ့တိုင်းနေ့တိုင်း ကျမတို့ ဆန့်ကျင်ရမှာပါ။ ဒါကြောင့်မိုလို့ အခုလို မြန်မာ-ထိုင်းနယ်စပ်မှာ အားလုံးကနေ ဝိုင်းဝန်းပြီးတော့ ဒီကိစ္စတွေအတွက် ဆောင်ရွက်ကြတာကို ကျမ အင်မတန်မှ လေးစားပါတယ်။ အင်မတန်မှ ကျေးဇူး တင်ပါတယ်။ အင်မတန်မှလည်း အားပေးချင်ပါတယ်။ ကလေးသူငယ်များ ဆိုတာဟာ ကျမတို့နိုင်ငံရဲ့ ကျမတို့ကမ္ဘာကြီးရဲ့ အနာဂတ်တွေပါ။ ကိုယ့်အနာဂတ်ကို စောင့်ရှောက်တဲ့အနေနဲ့ ဒီကလေးသူငယ်တွေကို စောင့်ရှောက်ရမှာဖြစ်ပါတယ်။ ကလေးသူငယ်တွေကို ကူသန်းရောင်းဝယ်တွေလုပ်တယ်၊ ကျမတို့ရဲ့ အနာဂတ်ကို ကုန်ကူးတယ်ဆိုတာ အင်မတန်မှ မလုပ်သင့်တဲ့ကိစ္စပါ။ ဒါဟာ လူသားမဆန်တဲ့အပြင် အင်မတန်မှ ပညာနည်းတဲ့ကိစ္စဖြစ်ပါတယ်။ ကိုယ့်ရဲ့အနာဂတ်နဲ့ လောင်းကစားလုပ်နေသလိုပါပဲ။ ဒါကြောင့်မိုလို့ ဒီကလေးသူငယ်များ ကူးသန်းရောင်းဝယ်ရေး ကိစ္စဆိုတာ လုံး၀ လုံးဝကို ပပျောက်ဖို့လိုပါတယ်။ အဲဒီလို ပပျောက်ရေးအတွက် ဆောင်ရွက်နေသူအားလုံးကို ကျမအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ကူညီချင်ပါတယ်။ အားပေးချင်ပါတယ်။ ဂုဏ်ပြုချင်ပါတယ်။ သူတို့ရဲ့ အနာဂတ်ကို ပြန်လည်ပြီးတော့ ထူထောင်နိုင်ဖို့ ဆက်ပြီးတော့ အကူအညီတွေ အများကြီးလိုပါတယ်။ အဲဒါအတွက်လည်း ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်ကြပါလို့ ကျမအနေနဲ့ သတိပေးချင်ပါတယ်။”

ထိုင်း-မြန်မာနယ်စပ်မှာ ကလေးကူးသန်းရောင်းဝယ်မူတွေ ပိုမိုများပြားလာနေကြောင်း၊ ၂၀၁၁ ခုနှစ်ထဲမှာ အမှုပေါင်း ၁၅၀ ကျော် လက်ခံရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်တားဆီးရေး အဖွဲ့ရဲ့ တာဝန်ခံ မနန်းမူက အခုလို ပြောပါတယ်။

“ဒီနှစ်ဆိုရင် ၁၀၀ ကျော် ၁၅၀ အထက်လောက် ရှိတာပေါ့နော်။ ဒါက ကျမတို့ လက်လှမ်းမီတဲ့ဟာပေါ့။ မမီတဲ့ဟာတွေလည်း အများကြီးရှိသေးတာပေါ့။ ဆိုတော့ ဒီထက်ပိုပြီး များနိုင်တယ်လို့ ခန့်မှန်းမိတယ်ပေါ့။ အခုနယ်စပ်ဒေသမှာ ကလေးကူးသန်း ရောင်းဝယ်မှုဟာ အဓိကကတော့ မဲဆောက်ကနေတဆင့်ပေါ့နော်၊ ဘန်ကောက်မှာ ရောင်းစားခံရတယ်။ နောက်ပြီးတော့ ရေလုပ်ငန်းတွေမှာ ငါးဖမ်းလုပ်သားတွေ အဖြစ် ရောင်းစားခံရတာရှိတယ်။ နောက်ပြီးတော့ ကလေးသူတောင်းစားတွေ ပေါ့နော်။ ကလေး သူတောင်းစားတွေ တဖြည်းဖြည်း များလာတာတွေ့ရတယ်။ နောက်ပြီးတော့ ကလေး ပြည့်တန်ဆာလေးတွေ ပိုပြီးတော့ များလာတာတွေ့ရတယ်။ အဲဒါကြောင့်မိုလို့ ကျမတို့က ဒီဟာတွေ ပပျောက်နိုင်ဖို့အတွက် လုပ်ဆောင်ဖို့ ဝိုင်းဝန်းပြီး အားလုံးရဲ့ ပူးပေါင်း ပါဝင်မှုနဲ့ လုပ်ဆောင်နေပါတယ်။”

တကယ်တော့ မြန်မာ့စီးပွားရေး အကျပ်အတည်းတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်ဖို့ အတွက် မိဘတွေနဲ့အတူ လာကြရင်းနဲ့ တချို့ ကလေးငယ်တွေဟာ လူပွဲစားတွေရဲ့ ဖျားယောင်း သွေးဆောင်မူကို ခံရပြီး ရောင်းစားခံနေရတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာတော့ ကလေးတွေကို စစ်သားအဖြစ် စစ်တပ်ထဲကို ပို့ပြီး ရောင်းစားကြတာတွေ၊ ထိုင်း-မြန်မာ နယ်စပ်မှာတော့ တောင်းရမ်းစားသောက်တဲ့ နေရာတွေမှာ အသုံးပြုဖို့အတွက် ရောင်းစားကြတာတွေ များပါတယ်။

ကုလသမဂ္ဂက ကလေးရောင်းဝယ်မှုတွေကို ကာကွယ်တားဆီးတဲ့ ပါလာမို (Palermo) သဘောတူစာချုပ်အရ ဒီဇင်ဘာလ ၁၂ ရက်နေ့ကို ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြတာပါ။

အာရှနိုင်ငံ အတော်များများမှာလည်း ဒီနေ့မှာ ပညာပေးလှုံ့ဆော်မှုတွေကို လုပ်ခဲ့ကြပါတယ်။

XS
SM
MD
LG