သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း - မြန်မာနယ်စပ် ကလေးလူကုန်ကူးမှု ပိုများလာ


ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာ ကလေးငယ်များ။
ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာ ကလေးငယ်များ။
ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့အပါအဝင် တာ့ခ်ခရိုင်တွင်း မှာ ကလေး ကူးသန်းရောင်းဝယ်မူတွေဟာ နှစ်စဉ်လိုလို များပြားလာနေတာပါ။ အခုဆိုရင် ကလေးတွေ အပေါ် ခေါင်းပုံဖြတ်ခံရမှုတွေ နဲ့ လူကုန်ကူးခံရတဲ့ ကလေးတွေ အပါအဝင် နယ်စပ်မှာ ကလေးငယ်တွေကို ကာကွယ် စောင့်ရှောက်နေတဲ့ အဖွဲ့တွေက ကယ်ဆယ်နိုင်တဲ့ အရေအတွက် ဟာ ၃နှစ်တွင်းမှာ မြန်မာကလေးငယ် (၇၀၀) ကျော် ရှိနေပြီလို့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကလေးအခွင့်အရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေ စုစည်းထားတဲ့ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကလေးကူးသန်းရောင်းဝယ်မူ ပပျောက်ရေးနေ့ မှာ ပြောဆိုလိုက်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ဟာ နယ်စပ်ကို အလုပ်အကိုင် ရှာဖွေသူတွေရဲ့ဝင်ပေါက်ကြီးတခုဖြစ်ပြီး အလုပ်အကိုင် ရှာဖွေကြသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါဝင်သလို ကလေးအလုပ်သမားတွေ အများအပြားရှိတဲ့ ခရိုင်တခုလည်းဖြစ်ပါတယ်။ နယ်စပ်တလျှောက် မွေးကင်းစ ကလေးကစပြီး အသက်မပြည့်သေးတဲ့ကလေးတွေ ရောင်းစားခံရမူတွေ က လစဉ်လတိုင်းဖြစ်ပျက်နေတာပါ။ ကလေးသူငယ်တွေဟာ ပြည့်တန်ဆာ လုပ်ငန်းတွေနဲ့ တောင်းရမ်းစားသောက်တဲ့ လုပ်ငန်းတွေနဲ့ ကလေး အလုပ်သမားတွေ အဖြစ် ရောင်းစားခံနေရတာတွေ အပါအဝင် ကလေးတွေခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမူတွေ စတဲ့ အမှုအခင်းတွေဟာ ၃နှစ်အတွင်းမှာ ကလေးပေါင်း ၇၀၀ ကျော် ရှိတယ်လို့ ကလေးအခွင့်ရေး ကာကွယ် စောင်ရှောက်ရေးကော်မတီ CPPCR ရဲ့ အထွေထွေအတွင်းရေးမှူး ကိုနိုင်မင်းက ဆိုပါတယ်။

" ကလေးကုန်ကူးခံရမှုက ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုထဲမှာ ပါနေတယ်။ သုံးနှစ်အတွင်း ဒီနှစ် စက်တင်ဘာလအထိပေါ့နော်။ အမှု ၇၁၅ မှုရှိတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ပုံမှန်အားဖြင့် ကျနော်တို့ ပြန်ကြည့်ကြမယ်ဆိုရင် သူတို့အစိုးရဘက်ကရော၊ ကျနော်တို့ CPRS ရောပေါ့။ တိုင်တဲ့အမှုတွေ ပြန်ကြည့်မယ်ဆိုရင် ဒီနှစ်မှာ ပိုတက်လာတယ်ပေါ့နော်။ တချို့က သူတို့ကိုယ် သူတို့ လူကုန်ကူးခံရတယ်ဆိုတာ မသိကြဘူးဖြစ်နေကြတယ်။ အလိမ်ခံရတယ်။ အလိမ်ခံရတယ်ပဲ သုံးတယ်။ အဖွဲ့အစည်းတွေနဲ့တွေ့မှ လူကုန်ကူးခံရတယ်ဆိုတာ သိတယ်။"

ထိုင်းနိုင်ငံ မဲဆောက်နဲ့ဖုတ်ဖရ ဆိုတဲ့ မြို့နယ်တွေဘက်မှာတော့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို လူကုန်ကူးပြီး ပြည့်တန်ဆာ လုပ်ငန်းတွေရောင်းစားတဲ့ လူကုန်ကူးမှုတွေဖြစ်ပွားနေတာပါ ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ်ထဲမှာ အသက် မပြည့်သေးတဲ့ မြန်မာ မိန်းကလေးတွေကို ပြည်တန်ဆာတွေအဖြစ် ရောင်းစားသူတွေကို ထိုင်းလူဝင်မူကြီးကြပ်ရေးရဲတွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေ ပူးပေါင်းပြီးဖမ်းဆီးရာမှာ အသက်မပြည့်သေးတဲ့ မြန်မာကလေးငယ်တွေကို ကယ်တင်နိုင်ခဲ့ပါတယ်။

မဲဆောက်မြို့က လူဝင်မူကြီးကြပ်ရေး အရာရှိကတော့ အလားတူ လူကုန်ကူးမှုတွေကို ၂၀၁၃ ခုနှစ်ထဲမှာ အမူပေါင်း ၇ မှု ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို လူကုန်ကူးမှုတွေ အဖြစ်များနေတဲ့ မဲဆောက်မြို့မှာတော့ နှစ်စဉ် ဒီဇင်ဘာလ ၁၂ရက်နေ့ ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့တိုင်း ရွှေ့ပြောင်း ကလေးစာသင်ကျောင်းတွေမှာ ပညာပေးမှုစီတန်းလမ်းလျောက်မူတွေ လုပ်ခဲ့တာပါ။

ဒီနှစ်မှာတော့ ကလေးကူသန်းရောင်းဝယ်မှု တားဆီးနှိမ်နင်းရေးအဖွဲ့တွေ စုစည်းထားတဲ့ ဘားမားအက် ဆိုတဲ့အဖွဲ့က ပညာပေးဟောပြောပွဲတွေ လုပ်နိုင်ခဲ့ပါတယ်၊ ဒီပွဲကိုမဲဆောက်မြို့က မြို့ပိုင်လည်း တက်ရောက်ပြီး စကားပြောဆိုခဲ့ပါတယ်။

ထိုင်းဘာသာစကားနဲ့ သူပြောသွားတာကတော့ ကလေး ကူးသန်းရောင်းဝယ်မူတွေ ထဲက ကလေး အလုပ်သမားတွေ အဖြစ်ရောင်းစားတာ ကလေးပြည့်တန်ဆာတွေ အဖြစ်ရောင်းစားတဲ့ ပုံသဏ္ဍာန် အမျိုးမျိုးရှိတဲ့အကြောင်းနဲ့ ဒီလိုကလေးတွေကို ရောင်းစားနေတာတွေကို ထိုင်းနိုင်ငံအစိုးရအနေနဲ့ ပြဿနာကို ကြိုးစားဖြေရှင်းနေတဲ့ အကြောင်းကို ပြောဆိုသွားတာပါ။

ထိုင်းနိုင်ငံတွင်းမှာတော့ စက်ရုံအလုပ်ရုံတွေနဲ့ စိုက်ပျိုးရေးခြံတွေထဲမှာ ကလေးအလုပ်သမား အများအပြားရှိပြီး နယ်စပ်မှာတော့ တောင်းရမ်း စားသောက်တဲ့ လုပ်ငန်းတွေထဲမှာ ရောင်းစားခံထားရတဲ့ ကလေးတွေ အများအပြားရှိနေတာပါ ။

ဒီဇင်ဘာလ ၁၂ ရက်နေ့ကို ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့ အဖြစ် ၂၀၀၀ခုနှစ်က စတင်သတ်မှတ်ခဲ့ပါတယ်။ အီတလီနိုင်ငံ ပါလာမိုမြို့မှာ လူကုန်ကူးမှု တိုက်ဖျက်ရေး အပါအဝင် နိုင်ငံများပါဝင်တဲ့ ရာဇဝတ်မှု တားဆီးရေး သဘောတူစာချုပ် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တဲ့ နေ့ကို အရှေ့တောင်အာရှနိုင်ငံတွေ က ကလေးကူးသန်းရောင်းဝယ်မှှု ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ပြီး ကလေး ကူးသန်းရောင်းဝယ်မူကို ဆန့်ကျင် ကန့်ကွက်သူတွေ နှစ်စဉ် ကျင်းပခဲ့တာဖြစ်ပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာတော့ ၂၀၀၉ ခုနှစ်လောက်က စတင်ကျင်းပခဲ့ပြီး ဒီနှစ်မှာတော့ မဲဆောက်မြို့က ကလေးဖွံဖြိုးတိုးတက်မှု စင်တာ (စီဒီစီ) ကျောင်းမှာ ကလေးပေါင်း တစ်ထောင်ကျော်နဲ့အတူ ပညာပေးဆွေးနွေးပဲွဲနဲ့ ပြဇာတ်သရုပ်ဖော်ပွဲတွေကို လုပ်ဆောင်ခဲ့ပါတယ်။
XS
SM
MD
LG