သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချီလီသတ္တုတွင်းထဲ နှစ်ပတ်ကြာ ပိတ်မိနေသူ လုပ်သား ၃၃ ဦး အသက်ရှင်ဆဲ


ချီလီနိုင်ငံမှာ သြဂုတ်လ ၅ ရက်နေ့ကနေ နှစ်ပတ်ကျော်ကြာ သတ္တုတွင်း ပြိုပြီး ပိတ်မိနေသူ ၃၃ ဦး အသက်ရှင်လျက် ရှိနေတာ တွေ့ရတယ်လို့ ချီလီသမ္မတ ဆီဘက်ရှန် ပင်နီရာ (Sebastian Pinera) က ပြောကြားလိုက်ပါတယ်။

သူတို့ဟာ ချီလီနိုင်ငံ စန်တီယာဂိုမြို့တော် မြောက်ဘက် မိုင် ၅၀၀ ကျော် အကွာ ကိုပီယာပို (Copiapo) မြို့နားက စန်ဟိုဆေး ရွှေနဲ့ ကြေးနီ သတ္တုတွင်းထဲမှာ မြေပြိုပြီး ပိတ်မိနေကြတာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး လုပ်သားတွေက မြေပြိုတဲ့ နေရာနားမှာ ပေ ၂,၃၀၀ နီးပါးနက်တဲ့ တွင်းတတွင်း ထပ်တူးပြီး ရှာဖွေကြရာမှာ ပိတ်မိနေသူတွေက သူတို့အားလုံး အသက်ရှင်လျက် ရှိနေတယ်လို့ စာရေးသား ပြောကြားခဲ့တယ်လို့ သမ္မတ ပင်နီရာက ပြောကြားခဲ့ပြီး သူတို့ရဲ့ သတင်းပေးပို့ချက်ကို တီဗွီရုပ်သံမှာ ဖော်ပြခဲ့ပါတယ်။ ဒီသတင်းကြောင့် သူတို့ရဲ့ မိသားစုတွေ ဝမ်းမြောက် ပျော်ရွှင်နေတာကို ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ဒီပိတ်မိနေသူတွေကို မြေပေါ်ရောက်အောင် ကယ်တင်နိုင်ဖို့အတွက် ၄ လလောက် ကြာနိုင်ပြီး သူတို့တွေအတွက် ရိက္ခာအခက်အခဲ ရှိနိုင်တယ်လို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။ ဒါကြောင့် သူတို့ဆီကို အစာရေစာ၊ ဆက်သွယ်ရေး ကိရိယာတွေနဲ့ တခြား လိုအပ်တဲ့ ပစ္စည်းတွေ ပေးပို့ဖို့အတွက် စီစဉ်နေတယ်လို့ ဆိုပါတယ်။

အခုလို သတ္တုတွင်း ပြိုကျရတဲ့ အကြောင်းရင်းကို မသိရသေးပေမဲ့ ဒီမိုင်းမှာ မတော်တဆ ဖြစ်မှုတွေ ရှိခဲ့ပြီး မိုင်းပြန်ဖွင့်တာ မကြာသေးဘူးလို့ ဆိုပါတယ်။

ချီလီနိုင်ငံဟာ ကမ္ဘာမှာ ကြေးနီ အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

XS
SM
MD
LG