သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချီလီ သတ္ထုတွင်းလုပ်သား ကယ်ဆယ်ရေး စ


ပိတ်မိနေသည့် မိုင်းလုပ်သားများ ကယ်ဆယ်ရေး ပြင်ဆင်နေစဉ်။ အောက်တိုဘာ ၁၂၊ ၂၀၁၀။
ပိတ်မိနေသည့် မိုင်းလုပ်သားများ ကယ်ဆယ်ရေး ပြင်ဆင်နေစဉ်။ အောက်တိုဘာ ၁၂၊ ၂၀၁၀။

ချီလီနိုင်ငံမှာ ၂ လကျော် မြေအောက် ပိတ်မိနေတဲ့ မိုင်းလုပ်သား ၃၃ ယောက်ထဲက ပထမဆုံး တယောက်ကို ဒီနေ့မကူးခင် မြေပေါ်အရောက် ကယ်ထုတ်နိုင်ဖို့ မျှော်လင့်တဲ့အကြောင်း ချီလီ တာဝန်ရှိသူတွေက ပြောပါတယ်။

ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာတွေ တပ်ဆင်ပြီး စမ်းသပ်မှုတွေ ပြီးတာနဲ့ တပြိုင်နက် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ချက်ချင်း စတင်သွားမယ်လို့ သတ္ထုတွင်းဝန်ကြီး လောရန်စ် ဂိုးလ်ဘုန်း (Laurence Golborne) က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အရင်ဆုံး လူတယောက်စာ သယ်နိုင်တဲ့ ခြင်းတောင်းအလွတ်ကို မြေအောက်တွင်းထဲ ချပြီး စမ်းသပ်မှာ ဖြစ်ပါတယ်။ ဒီခြင်းတောင်းကို အောင်အောင်မြင်မြင်နဲ့ မြေပေါ်ကို ပြန်သယ်ယူနိုင်ပြီ ဆိုရင်တော့ အဲဒီခြင်းတောင်းထဲမှာ ကယ်ဆယ်ရေး လုပ်သားတဦးက မြေအောက်ကို လိုက်ပါသွားပြီး ပိတ်မိနေတဲ့ မိုင်းလုပ်သားတွေကို ကူညီကယ်ဆယ်မှာ ဖြစ်တယ်လို့ သတ္ထုတွင်းဝန်ကြီးက ပြောပါတယ်။

မြေအောက်ကနေ လူတွေကို တယောက်ပြီးမှ တယောက် ကယ်ထုတ်ရမှာ ဖြစ်တဲ့အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးစီးဖို့ ၂ ရက်ကျော် ကြာနိုင်ပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြီးကြပ်ဖို့အတွက် ချီလီသမ္မတ စေဘက်ချီးယန်း ပီနဲရား (Sebastain Pinera) ဟာလည်း အင်္ဂါနေ့ နေ့လယ်ပိုင်းက မိုင်းတွင်းရှိရာကို ရောက်ရှိလာခဲ့ပါတယ်။

မြေအောက် ပိတ်မိနေတဲ့ မိုင်းလုပ်သား ၃၃ ယောက်ထဲမှာ ၃၂ ယောက်က ချီလီနိုင်ငံသားတွေ ဖြစ်ပြီး ကျန်တဲ့တယောက်ကတော့ ဘိုလီးဗီးယား နိုင်ငံသား ဖြစ်ပါတယ်။

အစတုန်းကတော့ ဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ မကြာခင်က ကယ်ဆယ်ရေးလုပ်ငန်း စမယ်လို့ ပြောခဲ့တာပါ။ ဒါပေမဲ့ အခုလောလောဆယ် ပြုလုပ်နေတဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ နောက်ထပ် ၂ နာရီကြာမှ ကယ်ဆယ်ရေးလုပ်ငန်း စလုပ်နိုင်မယ်လို့ ပြန်ပြောင်းပြီး ပြောသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေကို ကယ်ထုတ်မယ့် ဓာတ်လှေကား သေးသေးလေး၊ လူသယ်ခြင်းတောင်းလေး၊ အဲဒီဟာနဲ့ အပေါ်နဲ့ ဆက်သွယ်ရေး ကိစ္စတွေ အဆင်ပြေရဲ့လားဆိုတာ ဆက်သွယ်ရေး စနစ်ကို စစ်ဆေးဖို့ လိုသေးတဲ့အတွက် နောက်ထပ် ၂ နာရီကြာမှ ကယ်ဆယ်ရေး လုပ်ငန်းကို စတင်မှာ ဖြစ်ပါတယ်။

လူတွေက စိတ်လှုပ်ရှားနေကြပြီး အဲဒီကလူတွေ၊ ဆွေမျိုးတွေသာ မကပါဘူး၊ ကျန်တဲ့လူတွေအတွက်လည်း အင်မတန် စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်း ဖြစ်ပါတယ်။

ကယ်ဆယ်ရေး အစီအစဉ်ကတော့ လူသယ်တဲ့ ခြင်းတောင်းလေးကို အောက်ကိုချမယ်၊ အဲဒီထဲမှာ ဆေးဝန်ထမ်းတယောက် ပါသွားမယ်၊ ဆေးဝန်ထမ်းက ပေ ၂,၀၀၀ ကျော် အောက်ကို ဆင်းသွားပြီးတော့ အောက်မှာရှိတဲ့ သတ္တုတွင်း လုပ်သားတွေကို ဘယ်သူအရင်တက်လို့ သူက ရွေးချယ်ပြီးတော့ လိုအပ်တာတွေ၊ အဝတ်အစားတွေ အကုန်လုံး ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။

ဘယ်သူတွေ အရင်တက်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး သတ္တုတွင်း အလုပ်သမား ၃၃ ယောက်ကို ၃ သုတ် ခွဲထားပါတယ်။ ပထမဆုံး အသုတ်မှာ ပါတဲ့ လူ ၃ ယောက်ကတော့ အတွေ့အကြုံ အများဆုံးနဲ့ စိတ်ဓာတ် အတည်ကြည်ဆုံး ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဘာကြောင့် သူတို့ကို ရွေးသလဲဆိုရင် ပြန်တက်လာတဲ့အခါ လမ်းမှာ တခုခုဖြစ်မယ်ဆိုရင် ဒီဓာတ်လှေကားလေးကို အောက်ကဖွင့်ပြီး သူတို့ မူရင်း အောက်ခြေကို ပြန်ဆွဲဆင်းသွားနိုင်ကြမယ်၊ ပြီးတော့ အကျိုးအကြောင်းကို ရှင်းပြနိုင်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ပထမဆုံး ၃ ယောက်က အတွေ့အကြုံ အများဆုံးလူတွေ ဖြစ်ပါတယ်။

ပထမဆုံး တက်မယ့်လူတယောက်ကတော့ အဲဒီထဲမှာ ဓာတ်ပုံဆရာဖြစ်တဲ့ ဖလော်ရင်စီယို အဗားလို့စ် (Florencio Avalos) ဆိုတဲ့လူ ဖြစ်ပါတယ်။

ဒီလူ ၃ ယောက်ပြီးရင် ဒုတိယအသုတ်မှာတော့ နေမကောင်းဖြစ်တဲ့သူတွေ၊ အသက်အရွယ် ကြီးတဲ့သူတွေ၊ အဲဒီမှာ အခု သွေးတိုးတဲ့သူရှိတယ်၊ သွားကိုက်တဲ့သူရှိတယ်၊ အသက်ရှူမဝတဲ့ ရောဂါ ဖြစ်နေတဲ့သူ ရှိတယ်၊ ဒီလူတွေကို လွှတ်မှာ ဖြစ်ပါတယ်။

တတိယအသုတ်ကတော့ အကျန်းမာဆုံး၊ အသန်စွမ်းဆုံး သူတွေကို တင်မှာ ဖြစ်ပါတယ်။ တနာရီကို တယောက်စီ တင်နိုင်မယ်လို့ သူတို့ မျှော်လင့်ပါတယ်။ အမေရိကန် စံတော်ချိန် ဒီည ၉ နာရီ၊ မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲကစပြီး တက်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG