ချီလီနိုင်ငံမှာ ပြိုကျခဲ့တဲ့ မိုင်းတွင်း မြေအောက် ကီလိုမီတာဝက်လောက်မှာ ၂ လကျော်ကြာ ပိတ်မိနေတဲ့ မိုင်းလုပ်သား ၃၃ ဦးကို တဦးချင်း စပြီး ကယ်ထုတ်နေပါပြီ။
ဒီကနေ့ ဗုဒ္ဓဟူးနေ့ ချီလီစံတော်ချိန် မနက်ပိုင်းမှာတော့ ၁၆ ဦးမြောက် မိုင်းလုပ်သားကို မြေပေါ်ကို ကယ်ထုတ်နိုင်ခဲ့ပါပြီ။
မြေပေါ်ကို ပထမဆုံး ကယ်ထုတ်နိုင်ခဲ့တဲ့ မိုင်းလုပ်သားကတော့ အသက် ၃၁ နှစ်အရွယ် ဖလော်ရင်စီယို အေဗက်လိုးစ် (Florencio Avalos) ဆိုသူ ဖြစ်ပါတယ်။ ဖီးနစ်လို့ အမည်ပေးထားတဲ့ အဲဒီ ကယ်ဆယ်ရေး သတ္တုပြွန်လေးနဲ့ မနေ့ည သန်းခေါင်ပိုင်း အလွန်မှာ သူ့ကို ပထမဆုံး ကယ်ထုတ်နိုင်ခဲ့တာပါ။
မြေအောက် အမှောင်ထဲမှာ သီတင်းပတ် ၁၀ ပတ်လောက် နေခဲ့ရတာမို့ သူထွက်လာစဉ်မှာတော့ အလင်းဒဏ်ကို ခံနိုင်ဖို့ မျက်လုံးမှာ နေကာမျက်မှန်အမည်းကို တပ်ဆင်ထားရပါတယ်။
အေဗက်လိုးစ်ဟာ ပထမဆုံး မြေပေါ်ရောက်ရောက်ချင်း သားဖြစ်သူနဲ့ ဇနီးသည်တို့ကို ပွေ့ဖက် နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီမှာ ချီလီသမ္မတ ဆီဘက်စ်ရှန်း ပင်နဲရား (Sebastian Pinera) ကလည်း ကြိုဆိုနေပါတယ်။
မိုင်းလုပ်သားတဦးစီ မြေပေါ်ကို ရောက်လာတိုင်း ကယ်ဆယ်ရေး လုပ်သားတွေ၊ တာဝန်ရှိသူတွေနဲ့ မိသားစုဝင်တွေက သောင်းသောင်းဖျဖျ ကြိုဆိုကြပါတယ်။ တချို့ဟာ ဆေးစစ်ဆေးမှုယူဖို့ ထမ်းစဉ်ကို မတက်ခင်မှာ မြေပြင်ပေါ် ညင်ညင်သာသာ ဒူးထောက်ပြီး ဆုတောင်း ၀တ်ပြုခဲ့ကြပါတယ်။
အခုအထိ ကယ်ဆယ်ရေး လုပ်သားတွေဟာလည်း ကျန်းကျန်းမာမာ ရှိနေကြတယ်လို့ ချီလီ သတ္တုတွင်းဝန်ကြီး Jaime Manalich က ပြောပါတယ်။
ကယ်ဆယ်ရေး ယာဉ်သွားလမ်းကြောင်းဟာ ၆၂၂ မီတာအနက် ရှိပါတယ်။ တဦးချင်းကို ကယ်ဆယ်နိုင်ဖို့ တနာရီနီးပါး အချိန်ကြာပါတယ်။ မိုင်းလုပ်သားတွေအားလုံး မြေပေါ်ရောက်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းဟာ ၂ ရက်လောက် ကြာမယ်လို့ ခန့်မှန်းထားပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်း လုပ်နေစဉ်အတွင်း အကူအညီ ပေးနိုင်အောင်လို့ အနည်းဆုံး ကယ်ဆယ်ရေးလုပ်သား ၄ ဦးကို မိုင်းတွင်းထဲကို စေလွှတ်ရမှာ ဖြစ်ပါတယ်။