သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချီလီ သတ္တုတွင်း လုပ်သားအားလုံး လွတ်မြောက်ပြီ


ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည့် မိုင်းလုပ်သားတဦး။ အောက်တိုဘာ ၁၃၊ ၂၀၁၀။

မြေအောက်ထဲမှာ ၂ လကျော်ကြာ ပိတ်မိနေတဲ့ ချီလီသတ္တုတွင်းတူး အလုပ်သမား ၃၃ ယောက်ကို ကယ်ဆယ်ရေး လုပ်သားတွေက ကယ်တင်နိုင်လိုက်ပါပြီ။

မြေအောက်ပေ ၂,၀၀၀ ကျော် အနက်မှာ ပိတ်မိနေသူတွေကို မြေပေါ် ကယ်ထုတ်နိုင်ခဲ့ပြီးနောက် သူတို့ရဲ့ မိတ်ဆွေ၊ မိသားစုတွေနဲ့ ၀မ်းပန်းတသာ ပြန်လည် ဆုံဆည်းခဲ့ကြသလို လွတ်မြောက်လာသူ တယောက်ချင်းကိုလည်း ချီလီသမ္မတ ဆီဘက်ရှန် ပင်နဲရား (Sebastian Pinera) က ကြိုဆိုခဲ့တာပါ။

အရင်က မကြုံဘူးတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုတော့ ကမ္ဘာတလွှား သတင်းမီဒီယာတွေက တိုက်ရိုက် ထုတ်လွှင့်ပြသ နေကြတာပါ။

သြဂုတ်လ ၅ ရက်နေ့ကတည်းက ပိတ်မိနေတဲ့ ရွှေနဲ့ ကြေးနီ သတ္တုတွင်းတူး အလုပ်သမားတွေကို အထူးစီမံ ပြုလုပ်ထားတဲ့ အရေးပေါ် ကယ်ဆယ်ရေး သတ္တုခြင်းတောင်း တလုံးကို တွင်းထဲကိုချပြီး တယောက်ချင်းစီ ကယ်ထုတ်နေတာ ဖြစ်ပါတယ်။

အလုပ်သမားတွေဟာ ကျန်းမာရေးနဲ့ စိတ်ဓာတ်ခွန်အား ကောင်းမွန်နေပုံ ရပေမဲ့ စိတ်ရော၊ ကိုယ်ပါ ပြန်လည်နာလန်ထူလာဖို့ လနဲ့ချီ အချိန်ယူရလိမ့်မယ်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

၂ လကျော်ကြာ အမှောင်ထဲမှာ နေခဲ့ရတဲ့ တွင်းတူးသမားတွေ မျက်လုံး မထိခိုက်စေဖို့ တွင်းထဲကနေ လွတ်မြောက်လာစဉ် အထူးပြုလုပ်ထားတဲ့ နေကာမျက်မှန်တွေကို တပ်ဆင်ထားကြရတာပါ။ သူတို့ကိုတော့ ၄၈ နာရီကြာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စစ်ဆေးမှုတွေ လုပ်ဖို့အတွက် ရဟတ်ယာဉ်တွေနဲ့ ခေါ်ဆောင်သွားခဲ့ကြပါတယ်။ ချီလီအစိုးရကတော့ သူတို့အတွက် ၆ လအထိ ကျန်းမာရေး စောင့်ရှောက်မှု ပေးသွားဖို့ ကတိပြုခဲ့တာပါ။

သတ္တုတွင်းတူးသမားတွေကို ကယ်ထုတ်နေတာတွေ နိုင်ငံတကာ သတင်းမီဒီယာတွေက ထုတ်လွှင့်နေတာကို ကမ္ဘာတ၀န်းက စောင့်ကြည့်နေသူတွေ ထဲမှာတော့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) လည်း ပါဝင်ပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေဟာ ချီလီအစိုးရနဲ့ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ သန္နိဋ္ဌာန် ခိုင်မာမှုရဲ့ ရလဒ်အဖြစ်နဲ့လည်း အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့ကပဲ မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

ကယ်ဆယ်ရေး လုပ်ငန်းတွေ အောင်မြင်ချောမွေ့စေဖို့ ပုပ်ရဟန်းမင်းကြီး ဘန်နဒစ် (Benedict) ကလည်း ရောမမြို့မှာ ဆုတောင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။

ချီလီနိုင်ငံမှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို နိုင်ငံတော် အစီအစဉ်တရပ်အဖြစ် ၀ိုင်းဝန်း ကြည့်ရှုနေခဲ့ကြတာ ဖြစ်သလို ပထမဆုံး မိုင်းတွင်းအလုပ်သမားကို ကယ်ဆယ်နိုင်တဲ့ သတင်းနဲ့အတူ ဘုရားကျောင်း ခေါင်းလောင်းတွေထိုး၊ ကားဟွန်းတွေတီး ကြိုဆိုခဲ့ကြတာပါ။

XS
SM
MD
LG