သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတ္တုတွင်း လုပ်သားတွေရဲ့ စိတ်ဓာတ်ခိုင်မာမှု ချီလီသမ္မတ ချီးကျူး


နောက်ဆုံးမိုင်းလုပ်သား မြေပေါ်ပြန်ရောက်ပြီးနောက် ချီလီသမ္မတနှင့်အတူ တွေ့ရစဉ်။ အောက်တိုဘာ ၁၃၊ ၂၀၁၀။
နောက်ဆုံးမိုင်းလုပ်သား မြေပေါ်ပြန်ရောက်ပြီးနောက် ချီလီသမ္မတနှင့်အတူ တွေ့ရစဉ်။ အောက်တိုဘာ ၁၃၊ ၂၀၁၀။

ချီလီနိုင်ငံက အရေးပေါ် ကယ်ဆယ်ရေး အလုပ်သမားတွေဟာ မိုင်းလုပ်သား ၃၃ ယောက်စလုံးကို ကယ်တင်လိုက်နိုင်ပါပြီ။ ချီလီနိုင်ငံနဲ့ ကမ္ဘာကြီးတခုလုံးကို ကိုင်လှုပ်စေခဲ့တဲ့ ဒီဒုက္ခရောက်မှုကြီးဟာ ၂ လ အကြာမှာတော့ အဆုံးသတ်သွားခဲ့ပါပြီ။ ချီလီအရာရှိတွေက လွတ်မြောက်လာတဲ့သူ အားလုံးနီးပါး ကျန်းမာရေး ကောင်းပုံရလို့ ဝမ်းသာကြောင်း ပြောကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘရိုင်ယန် ဝက်ဂ်နာ (Brian Wagner) သတင်းပေးပို့ထားတာကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

နောက်ဆုံးကျန်နေတဲ့ မိုင်းလုပ်သားကို မြေကြီးပေါ် ပြန်ရောက်လာနိုင်အောင် ကယ်ထုတ်ပေးနိုင်ခဲ့ပါပြီ။ ချီလီနိုင်ငံ ဆန်ဟိုဆေးမြို့မှာ အခုလို ကယ်ထုတ်ရေး လုပ်ငန်းတွေ စပြီး ၂၄ နာရီ မတိုင်ခင်မှာ အခုလို ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အရာရှိတွေ အစက ထင်ထားတာက အနက် ၆၂၂ မီတာရှိတဲ့ ကယ်ဆယ်ရေး တွင်းလမ်းကြောင်းထဲကနေ အားလုံးကို ကယ်ထုတ်နိုင်ဖို့ ၄၈ နာရီအထိ ကြာနိုင်မယ်လို့ ထင်တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး သမားတွေက ဗုဒ္ဓဟူးနေ့ တနေ့လုံး အရှိန်အဟုန်မြှင့် လုပ်ခဲ့တဲ့အတွက် အလုပ်သမားတဦးကို ၁၅ မိနစ်အတွင်း မြေပေါ် ဆွဲတင်ပေးနိုင်ခဲ့ပါတယ်။

နောက်ဆုံး ကျန်နေတဲ့ မိုင်းလုပ်သားကို မြေပေါ် ဆွဲတင်နေတဲ့ အချိန်မှာ အလုပ်သမားတွေဟာ ဝမ်းမြောက်ဝမ်းသာ လက်ခုပ်တီးပြီး အော်ဟစ်နေကြပါတယ်။ သူတို့က ‘ကြိုးစားကွ၊ ချီလီနိုင်ငံကွ၊ ငါတို့ မိုင်းလုပ်သား အားလုံးကို ကယ်တင်နိုင်တော့မယ်ဟေ့’ လို့ အော်ဟစ်နေတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး လွတ်မြောက်လာသူကတော့ လူးဝစ်စ် အူဇူဝါ (Luis Urzua) ဖြစ်ပါတယ်။ သူဟာ သြဂုတ်လ ၅ ရက်နေ့ကတည်းက ရွှေနဲ့ ကြေးနီ မိုင်းထဲမှာ ပိတ်မိနေတဲ့ အလုပ်သမားတွေရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။

အူဇူဝါက ချီလီသမ္မတ ဆီဘက်ရှန် ပီနဲရာ (Sebastián Piñera) ကို လက်ဆွဲနှုတ်ဆက်ပြီး ကျေးဇူးတင်ကြောင်း ချီလီဘာသာနဲ့ ပြောခဲ့ပါတယ်။ သူက ဒီ အောင်မြင်တဲ့ ကယ်ဆယ်ရေး လုပ်ငန်းကြောင့် သူ ချီလီနိုင်ငံသား ဖြစ်ရတာ ဂုဏ်ယူတယ်လို့ ပြောပါတယ်။

သမ္မတ ပီနဲရာဘက်ကလည်း အလုပ်သမားတွေကို စုစုစည်းစည်းနဲ့ ထိန်းထားနိုင်ခဲ့ပြီး အခုလို အနစ်နာခံ နောက်ဆုံးမှ ထွက်လာခဲ့တဲ့အတွက် သူ့ကိုလည်း ကျေးဇူးတင်ကြောင်း အခုလို ပြောခဲ့ပါတယ်။

“အူဇူဝါဟာ သူ့ရဲ့တာဝန်ကို လုံး၀ ကျေခဲ့တယ်။ ဒါကြောင့် သူ့အတွက်ရော၊ ညီအကိုလို တသွေးတသားတည်း ရှိခဲ့ပြီး သတ္တိပြခဲ့ကြတဲ့ အလုပ်သမားတွေ အားလုံး အတွက်ပါ အစိုးရအနေနဲ့ ဂုဏ်ယူရပါတယ်။”

သမ္မတ ပီနဲရာဟာ အခုကယ်ဆယ်ရေး လုပ်နေရာကို ကိုယ်တိုင်သွားပြီး မိုင်းလုပ်သား တဦးစီနဲ့ သူတို့ရဲ့ မိသားစုတွေကို နှုတ်ဆက် အားပေးခဲ့ပါတယ်။ ဘိုလီးဗီးယား သမ္မတ အီဗို မိုရာလက်စ် (Evo Morales) ကလည်း ဗုဒ္ဓဟူးနေ့က ရောက်လာပြီး သမ္မတ ပီနဲရာနဲ့အတူ ဒီမိုင်းလုပ်သားထဲက ဘိုလီးဗီးယား နိုင်ငံသား တဦးဖြစ်တဲ့ ကားလော့စ် မာမာနီ (Carlos Mamani) ကို တွေ့ခဲ့ပါတယ်။

မိုင်းကျွမ်းကျင်သူတွေနဲ့ ရေတပ် ဆေးမှူးတွေ အပါအဝင် ကယ်ဆယ်ရေး အလုပ်သမား ၆ ဦးဟာ အခုလို ကယ်ဆယ်ရေး လုပ်နိုင်ဖို့ မိုင်းထဲကို ကိုယ်တိုင် ဆင်းခဲ့ကြရပါတယ်။

ဖီးနစ်လို့ အမည်ပေးထားတဲ့ ဒီကယ်ဆယ်ရေး လုပ်ငန်းကြီးကို သူတို့ စတင်ခဲ့ပေမဲ့လည်း တွင်းထဲကနေတော့ နောက်ဆုံးမှ ကယ်ဆယ်ရေး လုပ်သားတွေက ထွက်ခဲ့ကြတာပါ။ ရေတပ် အင်ဂျင်နီယာတွေက မီတာ တဝက်ကျယ်တဲ့ ကယ်ဆယ်ရေး တူးမြောင်းကို တူးခဲ့ပါတယ်။ ဒီမြောင်းထဲမှာ အောက်စီဂျင် ပေးထားပြီး ဖုန်းကို လက်နဲ့ကိုင်ထားစရာ မလိုဘဲ ပြောနိုင်တဲ့စနစ် ထည့်ထားပေးပါတယ်။ ဒါကြောင့် ပြင်ပနဲ့ အဆက်အသွယ် ပုံမှန် ရှိနေခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီး ဟာမီ မန်နာလစ်ချ် (Jaime Mañalich) ကတော့ မိုင်းလုပ်သားတွေ အများစုဟာ အရင်က ထင်ထားတာထက် ကျန်းမာရေး ကောင်းနေတယ်လို့ ဆိုပါတယ်။ မိုင်းလုပ်သား တဦးစီအတွက် ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ပေးမယ်၊ အဆုတ် ဓာတ်မှန်ရိုက်တာတို့၊ နှလုံးစစ်ဆေးတာတို့ အပြင် လိုအပ်ရင် စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေလည်း တချို့ကို လုပ်ပေးမယ်လို့ သူက ဆက်ပြောပါတယ်။

မိုင်းလုပ်သား အနည်းငယ်ကတော့ သွားခွဲစိတ်ကုသမှုတချို့ မကြာခင် လုပ်ရဖို့ ရှိပါတယ်။ သွားပြည်တည်တာနဲ့ တခြား သွားဘက်ဆိုင်ရာ ရောဂါတွေကို ကုသပေးဖို့ ဖြစ်ပါတယ်။ ဝန်ကြီးက အစိုးရိမ်ရဆုံးကတော့ အဆုတ်အအေးမိရောဂါ ရထားတဲ့ မိုင်းလုပ်သားအတွက်ပါလို့ ပြောပါတယ်။ ဝန်ကြီးက…

“ဒီမိုင်းလုပ်သားဟာ အရေးပေါ် ကုသရေး အခန်းထဲမှာ ရက်ပေါင်းများစွာ ဆက်နေရဖို့ရှိတယ်။ အောက်စီဂျင်နဲ့ အခြားကုသမှုတွေ ပေးနိုင်ဖို့ပါ။” လို့ ဆက်ပြောသွားပါတယ်။

သတင်းထောက်ပေါင်း ၁,၀၀၀ ကျော်ဟာ ဒီ အာတက်ကာမာ (Atacama) သဲကန္တရာထဲက အလှမ်းဝေးတဲ့ ဒီမိုင်းဆီကို အရောက်သွားပြီး ဒီသတင်းကို ယူခဲ့ကြပါတယ်။ Camp Hope လို့ အမည်ပေးထားတဲ့ မျှော်လင့်ခြင်း စခန်းလို့ ခေါ်တဲ့ ယာယီတည်းခိုရေး စခန်းမှာ မိုင်းလုပ်သားတွေရဲ့ မိသားစုတွေ၊ ကယ်ဆယ်ရေး သမားတွေနဲ့ အတူတူ သူတို့ နေခဲ့ကြပါတယ်။ ကမ္ဘာပေါ်က သန်းချီတဲ့ လူတွေကလည်း ဒီကယ်ဆယ်ရေး လုပ်ငန်းတွေကို တီဗီ ရုပ်မြင်သံကြားကနေ ကိုယ်တိုင် ကြည့်နိုင်ခဲ့ကြပါတယ်။

ဝါရှင်တန်မြို့တော်မှာလည်း သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ ပထမမိုင်းလုပ်သား ထွက်လာနိုင်တာကို တီဗီပေါ်မှာ ကြည့်ပြီး ခဲရာခဲဆစ် ကြိုးပန်းခဲ့ကြတဲ့ ကယ်ဆယ်ရေး သမားတွေနဲ့ ချီလီပြည်သူတွေကို ချီးကျူးလိုက်ပါတယ်။ ကမ္ဘာတဝန်းက အခုလို ကူညီပေးခဲ့သူ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း သူက ဆက်ပြောခဲ့ပါတယ်။ ဒီအကူအညီတွေထဲမှာ အမေရိကန် အခြေစိုက် မြေအောက် တွင်းတူးအဖွဲ့နဲ့ NASA ခေါ် အာကာသ အေဂျင်စီလည်း ပါပါတယ်။

XS
SM
MD
LG