သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းလွှတ်တော် အမတ်ကို စစ်တပ် ခြိမ်းခြောက်


ချင်းပြည်နယ် မတူပီ မြို့နယ်မှာ မတ်လ (၁၀) ရက်နေ့က ကျင်းပခဲ့တဲ့ ဘာသာရေး ဆိုင်ရာ စည်းဝေးပွဲကို နယ်မြေ အခြေစိုက် မြန်မာအစိုးရ စစ်တပ်က အနှောင့်အယှက် ပေးခဲ့သလို တိုင်းရင်းသား လူမျိူးစုများ ဖွံဖြိုးရေးပါတီ (ချင်းပြည်နယ်) ရဲ့ ပြည်နယ် လွတ်တော် ကိုယ်စားလှယ်ကိုလည်း သေနတ်ထုတ်ပြီး ခြိမ်းခြောက်တဲ့ အဆင့်မျိူးထိ ဖြစ်ခဲ့ပါတယ်၊ ချင်းပြည်နယ်တွင်း အခုလို ဘာသာရေးဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှု တွေ နဲ့အတူ တခြား လူ့အခွင့်ရေးချိူးဖောက်မှုတွေ ကြုံနေရတာ ဖြစ်တယ်လို့လည်း ချင်း လူ့အခွင့်ရေးအဖွဲ့က ထောက်ပြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးပါအုံးရှင်။

ချင်းပြည်နယ် အနောက်တောင်ပိုင်း မှာရှိတဲ့ မတူပီမြို့ က စပေါင်းဂိတ် ( Sabawnget) ရွာမှာ မတ်လ (၈) နေ့က နေ မတ်လ (၁၃) ရက်နေ့ထိ ကျင်းပခဲ့တဲ့ ခရစ်ယာန် ဘာသာရေးစည်းဝေးပွဲတွင်း အခုလိုပြသနာ ဖြစ်ခဲ့တာပါ။ Mara Evangelical Church ကနေပြီးတော့ နှစ်စဉ်ကျင်းပတဲ့ ဘာသာရေးစုပေါင်းပွဲကို ဒီနှစ် မတူပီမှာ ကျင်းပတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲကျင်းပ နေစဉ် မတ်လ (၁၀) ရက်နေ့မှာ ချင်းပြည်နယ် ထဲ အခြေစိုက်တဲ့ မြန်မာအစိုးရ စစ်တပ်က ရုတ်တရက်ဆိုသလို ကန့်သတ်ချက်တွေထုတ်ပြီး တားမြစ်တာ တွေ လုပ်လာပါတယ်။ ဒါ့ကြောင့် ဒီပွဲကို ရောက်နေတဲ့ တိုင်းရင်းသား လူမျိူးစုများ ဖွံဖြိုးရေး ပါတီ (ချင်းပြည်နယ်) ရဲ့ ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးပူဗန်ကျင်းက မလုပ်ဖို့ ညိနှိုင်း တဲ့အခါ တာဝန်ရှိသူ ဗိုလ်ကြီး သေနတ် ထောက်ပြီး ပြန်ခြိမ်းခြောက် တာတွေ လုပ်ခဲ့တယ်လို့ ပြည်နယ်ကိုယ်စားလှယ် ဦးပူဗန်ကျင်း ကိုယ်တိုင် ဗီအိုအေ ကို အခုလိုပြောပြပါတယ်။

“မီဇိုရမ်ပြည်နယ်၊ စိုင်းဟ က လာတဲ့ ကားတွေကို နှင်ထုတ်လိုက်တယ်။ ပြီးတော့လည်း ညနေမှာ ဧည့်စာရင်း ချက်ချင်း လုပ်ပြီးတော့ လုပ်မယ်လို့ ထုတ်ပြန်ထားတယ်။ ပြီးတော့လည်း ဝတ်ပြုကိုးကွယ်မှု အစီအစဉ်ကို ည မှာ အကြာကြီးမလုပ်ရဘူး။ ပိတ်ရမယ် လို့ သူတို့ ပြောလိုက်တယ်။ အဲဒီ ကိစ္စကို လူထုတွေက တော်တော် လည်း စိတ်ပူပန်နေကြတယ်။ လူတွေကလည်း လာပြောတယ်။ ဒါနဲ့ ကျနော် တပ်မှူး ဗိုလ်ကြီးဆီကို ကျနော် သွားပြီးတော့ "ဗိုလ်ကြီး အစည်းအဝေးက ကျနော်တို့ ကျင်းပနေပြီ။" သူတို့က အစတုန်းက ခင်ဗျားတို့ ဒီလို လုပ်တာ ဟာ ကောင်းတယ်။ ပွဲတဝက် မှ ခင်ဗျားတို့ ဒီလို လုပ်တာဟာ လူတွေက စိတ်မချမ်းသာပါဘူး။ ခင်ဗျားတို့ ပွဲကို တင်းကျပ်အောင် မလုပ်ပါနဲ့ လို့ ကျနော် သွားပြောလိုက်တယ်။ အဲဒီ အခါမှာ ဗိုလ်ကြီး မျိုးမင်းထိုက် က သေနတ်ကို ချိန်ပြီးတော့ "မင်းဘာကောင်လဲ။ ဘာတွေ ပြောနေလဲ။ မင်းကို သတ်ပစ်မယ်" ဆိုပြီး သေနတ်ကို ချိန်လိုက်တယ်။ "ဟာ ခင်ဗျား ဒီလို မလုပ်ပါနဲ့။ ကျနော် လွှတ်တော် ကိုယ်စားလှယ်တွေ" ဘာတွေ ဆိုတာ မကြားချင်ဘူး။ အဲဒါတွေက မပြောနဲ့ ဆိုပြီးတော့ သေနတ်ကို ချိန်တယ်လေ။”

တိုင်းရင်းသား လူမျိူးစုများ ဖွံဖြိုးရေးပါတီ (ချင်းပြည်နယ်) ရဲ့ ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးပူဗန်ကျင်း ပါရှင်။ ဒီလိုအခြေအနေ တွေကြောင့် ညတွင်းချင်း နယ်စပ် လုံခြုံရေး ဝန်ကြီးဆီကို ဦးပူဗန်ကျင်း ကိုယ်တိုင် ဖုန်းဆက် တိုင်ကြားခဲ့တယ် လို့လည်းပြောပါတယ်။ အခုလိုမျိူး ဘာသာရေး ဖိနှိပ် ကန့်သတ်မှု ပြသနာတွေကို ချင်းပြည်နယ် တွင်း မကြာခဏ ဆိုသလို ကြုံနေရတယ်လို့လည်း ချင်း လူ့အခွင့်ရေး အဖွဲရဲ့ ဒါရိုက်တာ ဆလိုင်း ဇာအုတ်ကလင်း(za Uk Ling) က ပြောပါတယ်။

“ကျနော် တို့ ဒီ အခု အချိန် အထိ ဘာသာရေး လုပ်ဆောင် ခွင့် နဲ့ ပတ်သက်ပြီးမှ တိုးတက်တာ ကျနော်တို့ မမြင်ရသေးပါဘူး။ ချင်းပြည်နယ်က (၉၀) ရာခိုင်နှုန်း လူတွေက ခရစ်ယာန်တွေ ဖြစ်ကြတော့ အခုအချိန် အထိ သူတို့ ဒီလိုမျိုး အစည်းအဝေး ကြီးကြီးကျယ်ကျယ်လုပ်မယ် ဆိုရင် အမြဲတမ်းဘဲ ပွဲမိန့် မပေးတာရယ်၊ အမျိုးမျိုး နှောက်ယှက်တာမျိုး ကြုံတွေ့နေရပါတယ်။ ဘာသာရေး အဆောက် အအုံတွေ ဆောက်ပိုင်ခွင့်၊ ပြင်ပိုင်ခွင့် ဆိုတဲ့ ဟာလည်း သူတို့ အခုအချိန် အထိ မရသေးပါဘူး။”

ဆင်းရဲနွမ်းပါးပြီး ဖံ့ွဖြိုးမှုလည်း နှောင့်နှေးနေတဲ့ ချင်းပြည်နယ်ထဲမှာ တခြားလူ့အခွင့်ရေး ချိူးဖောက်မှု တွေလည်း ရှိနေတယ် လို့လည်းဆိုပါတယ်။

“ချင်း အခွင့်အရေး အဖွဲ့အနေနဲ့ လူ့အခွင့်အရေး မှတ်တမ်းတင်ထားချက်အရ (၁၇) နှစ် ရှိသွားပြီ။ ဒီနှစ် ဆိုလို ရှိရင်။ အဲဒီ အချိန်မှာ ကျနော် တို့ တွေ့ခဲ့ရတာ စစ်တပ်ရှိတဲ့ နေရာတိုင်းမှာ တပ်စွဲတဲ့ နေရာ တိုင်းမှာ၊ ဒေသ အဲဒီ အနီးနားတဝိုက် ရဲ့ ပြည်သူလူထုဟာ ဆိုရင် တော်တော်လေး အနှိပ်စက်ခံရတယ်။ အတင်း အဓမ္မ လုပ်အားပေးခိုင်း တာဘဲ ဖြစ်ဖြစ်ပေ့ါ။ ထမ်းခိုင်းတာဘဲ ဖြစ်ဖြစ်၊ အမျိုးမျိုး ညှင်းပန်းနှိပ်စက်တာဘဲ ဖြစ်ဖြစ်၊ အဲဒါတွေ စစ်တပ်ရှိတဲ့ နေရာတိုင်းမှာ အဲဒီလို ပြဿနာတွေ ကျနော်တို့ ကြုံတွေ့နေရတယ်။”

ချင်းလူ့အခွင့်ရေးအဖွဲ့က ဆလိုင်း ဇာအုတ်ကလင်း (za Uk Ling) ပြောပြခဲ့တာပါရှင်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး ချိူးဖောက်မှု တွေဟာ နယ်မြေ တည်ငြိမ်မှု မရှိတဲ့ တိုင်းရင်းသား ဒေသတွေမှာ အဖြစ်များ နေတာ ဖြစ်တယ်လို့ ပြည်တွင်းပြည်ပ လူ့အခွင့်ရေးအဖွဲ့ ကထောက်ပြ နေကြတာပါ။ အဲဒီလို အခြေအနေ ထဲကမှ ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၂) ရက်နေ့ကဆိုရင်လည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ယူနယ်နယ်ထဲမှာ ဒေသခံ လယ်သမားတဦးကို တရားမဝင် နယ်စပ် ဖြတ်ကျော်ဝင်လာတဲ့ မြန်မာစစ်သား နှစ်ဦးက သတ်ဖြတ်ခဲ့တဲ့ ကိစ္စကို ဖော်ထုတ်အရေးယူပေးဖို့ တရုတ် နိုင်ငံခြားရေး ဌာနက မြန်မာအစိုးရကို တောင်းဆိုထားတဲ့ ပြသနာမျိူး တွေလည်း ရှိနေပါတယ်။

XS
SM
MD
LG