သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားခါးနဲ့ဖလမ်းမှာ နှစ်ရက်ဆက် တိုက်ပွဲဖြစ်


ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပုန်းအောင်းနေရတဲ့ ဒေသခံအချို့။ (မေ ၂၀၊ ၂၀၂၁)
ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပုန်းအောင်းနေရတဲ့ ဒေသခံအချို့။ (မေ ၂၀၊ ၂၀၂၁)

{Zawgyi/Unicode}

စစ်ကောင်စီတပ်က အင်အားအမြောက်အများတိုးမြှင့်နေတဲ့ ချင်းပြည်နယ်မှာ ဗုဒ္ဓဟူးနေ့နဲ့ ဒီနေ့ ကြာသပတေးနေ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဟားခါးမြို့နဲ့ဖလမ်းမြို့အနီးမှာ စစ်တပ်ကိုCNA ချင်းအမျိုးသားတပ်နဲ့CDF ချင်းပြည်သူ့ကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ ရန်ကုန်ကလာတဲ့ ချင်းပြည်နယ်က တိုက်ပဲသတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်၊ မတူပီ၊ မင်းတပ်ဘက်တွေမှာ စစ်တပ်နဲ့ CNA၊ CDF ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက် အောက်တိုဘာလဆန်းကစပြီး စစ်ကောင်စီက ချင်းပြည်နယ်ဘက်မှာ တပ်အင်အားအများအပြား ပို့ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်အင်အား တိုးချဲ့နေချိန်မှာပဲ မနေ့ကနဲ့ ဒီနေ့ ဟားခါးနဲ့ ဖလမ်းအနီးမှာ စစ်နဲ့ CNA၊ CDF ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲတွေနဲ့ပတ်သက်လို့ CNA ခေါ် ချင်းအမျိုးသားတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက VOA ကို ခုလိုပြောပါတယ်။

“မနေ့ကနဲ့ ဒီနေ့ပေါ့။ တိုက်ပွဲ နှစ်ကြိမ်ဖြစ်တာပေါ့နော်။ မနေ့က ဟားခါးအထွက်မှာ တိုက်ပွဲတကြိမ်၊ အဲဒီမှာတော့ စစ်ကောင်စီဘက်က ၅ ဦးကျတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူးပေါ့။ ခု ဒီနေ့ ၁၁ နာရီခန့်မှာ ဖလမ်းက စစ်ကောင်စီတပ်တွေနဲ့ ကျနော်တို့ ကျေးရွာတရွာမှာ ပြန်ဖြစ်တော့ သူတို့ဘက်ကနေ ဖလမ်းမြို့စခန်းကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ပစ်တော့ အထိအခိုက်တော့မရှိဘူး။ ရှေ့ဆက် ဘယ်လိုဖြစ်လာမလဲတော့ ပြောလို့မရသေးဘူး။ အခုထိတော့ သူတို့ ဟားခါးဘက်ကို အင်အားဖြည့်ဖို့တက်လာတဲ့ စစ်ကောင်စီတပ်ကို ကျနော်တို့က ပိတ်ထားတာပေါ့။”

ဒီနေ့ ဖလမ်းမြို့အနီး တိုက်ပွဲဖြစ်တဲ့နေရာနား ကျေးရွာနှစ်ရွာက နေအိမ်တချို့ကိုလည်း စစ်တပ်က မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။

“ဒီနေ့က တိုက်ပွဲဖြစ်တဲ့နေရာမှာ ရွာကိုမီးရှို့တယ်။ လေး ငါးအိမ်လောက် မီးရှို့တယ်။ အခုတိုက်ပွဲဖြစ် တဲ့နေရာက ထလန်ရောန်လို့ ခေါ်တယ်။ မနေ့က သုံးအိမ်ကို မီးရှို့တယ်။ မီးရှို့တဲ့ရွာက ရီလ်သီး။ ရီလ်သီးလို့ ကျနော်တို့ ခေါ်တယ်။ အိမ်ခြေ ၁၀ လောက်ရှိတဲ့ရွာ၊ ၃ အိမ်ကို မီးရှို့တယ်။ မနေ့ကတော့ သူတို့ အဲဒီ ဖလမ်းကနေ အလာမှာ အရပ်သားနှစ်ယောက်၊ တောထဲမှာ အလောင်းနှစ်လောင်းတွေ့ ရတယ်။ ကျနော်တို့ ကြားသိရတာက အဲဒါ စစ်ကောင်စီက ပစ်ပြီးတော့ တောထဲမှာ ပစ်ထားတာပေါ့။ ဒီနေ့ အလောင်းပြန်ကောက်တယ်လို့ သိရတယ်။”

အရပ်သား သေဆုံးတာနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ ဟားခါးမြို့ခံတယောက်ကတော့ မနေ့က ဟားခါးမြို့အထွက်မှာ တိုက်ပွဲဖြစ်ကြောင်း ကြားသိရပေမယ့် ဒီနေ့ တိုက်ပွဲဖြစ်ပွားတာတော့ မသိရကြောင်း ပြောပါတယ်။

“မြို့ပြင်ဘက် ယာလောန်ရွာဘက်မှာတော့ တိုက်ပွဲဖြစ်တယ်လို့တော့ ပြောကြတယ်။ မနေ့ကပေါ့။ ရွာဘက် သွားတဲ့လမ်းမှာပါ။ ထန်တလန်ဘက်ခေါ်မှာပေါ့။ ယာလောန်၊ ယာလောန်ရွာ။ ဟားခါးကနေ ၆ မိုင်၊ ၇ မိုင်လောက်ပဲဝေးတယ်။ လှမ်းမြင်ရတယ်ရွာက။ ”

ဟားခံဒေသခံ နောက်တဦးကတော့ ဟားခါးမြို့မှာ နေ့ခင်းဘက် အခြေအနေပုံမှန်ရှိနေပေမဲ့ ညနေပိုင်းမှာတော့ လမ်းပေါ်ထွက်သူမရှိတော့ဘူးလို့ ပြောပြပါတယ်။

“ဟားခါးတော့ ဟိုလိုကြီးတော့ မဆိုးသေးဘူး။ ဒီတိုင်းပဲ နေ့လည်ကျရင်တော့။ ညပိုင်း ၅ နာရီဆိုရင်တော့ လူကမရှိတော့ဘူး။ အပြင်မထွက်ကြတော့ဘူး။”

ချင်းပြည်နယ်က အခုရက်ပိုင်း တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စက်တင်ဘာလတုန်းက ထန်တလန်မြို့နယ် CNA ချင်းအမျိုးသားတပ်ဖွဲ့ဌာနချုပ်အနီး စစ်ကောင်စီရဲ့ လုံလဲရ်တပ်စခန်းကို CNA နဲ့ CDF အဖွဲ့တွေက သိမ်းယူခဲ့ပြီးတဲ့နောက် ထန်တလန်မြို့မှာ တိုက်ပွဲဖြစ်ခဲ့ပြီး ထောင်နဲ့ချီတဲ့မြို့ခံတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။

လောလောဆယ်မှာတော့ စစ်ကောင်စီတပ်က မကွေးတိုင်း၊ ပခုက္ကူနဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ က တဆင့် ချင်းတောင်ကို စစ်ကြောင်း နှစ်ကြောင်းနဲ့ သွားနေပြီး သံချပ်ကာယာဉ်အပါအဝင် စစ်ကား ၁၀၀ ကျော်လောက်ရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။ အဲဒါကြောင့် ချင်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်လာမှာကို စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်


----------

{Unicode}
















XS
SM
MD
LG