သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထန်တလန်မှာ ချင်းကာကွယ်ရေးအဖွဲ့နဲ့ စစ်တပ်ကြား ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်


 ထန်တလန်မြို့နယ်စစ်ရှောင်များ။ (ဓါတ်ပုံ-Chonumthung သတင်းဌာန)
ထန်တလန်မြို့နယ်စစ်ရှောင်များ။ (ဓါတ်ပုံ-Chonumthung သတင်းဌာန)

(Zawgyi/Unicode)
ချင်းပြည်နယ် ထန်ထလန်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ချင်းကာကွယ်ရေးအဖွဲ့တို့ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ထန်တလန်မြို့နယ်မှာဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် ဒေသခံထောင်ချီ နေရပ်ကနေတိမ်းရှောင်နေရပါတယ်။ ဟားခါးမြို့နယ်ဘက်မှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ရှိနေပါတယ်။ ဒီအကြောင်း ဗွီအိုသတင်းထောက်နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဟရိန်းတောင်ကြောဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး CDF-Thantlang တို့အကြား ဇွန်လ ၁၀ ရက် မနေ့ကစပြီး ပထမဆုံးအကြိမ် ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွါးခဲ့ပါတယ်။ ဒီနေ့ သောကြာနေ့ မနက်ပိုင်းကလည်း တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ CDF-Thantlang ပြန်ကြားရေးတာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။
"ဒီမနက်ပိုင်းမှာတော့ အနည်းငယ်အတွင်းပေါ့ အဲဒီမှာတော့ဖြစ်တယ်။ ခွာဟရိန်းတောင်ကြောဘက်မှာ။ ဒီမနေ့ကတိုက်ပွဲအခြေအနေကတော့ ခွာဟရိန်းတောင်ကြောဘက်မှာဘဲ ကျွန်တော်တို့ CDF အဖွဲ့နဲ့စစ်ကောင်စီအဖွဲ့တွေပေါ့နော တိုက်ခိုက်တာဖြစ်တယ်။ အဲဒီတော့ စစ်ကောင်စီတပ်ဘက်က ကျဆုံးတာက ၁၇ ယောက်။ ကျနော်တို့ဘက်မှာတော့ ဒဏ်ရာရတာဘာမှမရှိဘူး။"

ခုလို ထန်တလန်မြို့နယ်ထဲမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာ ၇ ရွာထက်မနည်းက ထောင်ချီတဲ့ ကျေးရွာသားတွေ ထန်တလန်မြို့ထဲနဲ့ တောထဲမှာ စစ်ဘေးလွတ်အောင် ထွက်ပြေးနေရတယ်လို့ တာဝန်ရှိသူ ကပြောပါတယ်။
"ရွာက ၇ ရွာ ၈ ရွာ ဝန်းကျင်ပေါ့နော်။ တချို့ဟာတွေ ထန်တလန်နဲ့နီးစပ်တဲ့ရွာတွေတော့ ထန်တလန်ဘက်မှာ စစ်ဘေးရှောင်တယ်ပေါ့နော်။ အထူးသဖြင့် သက်ကြီးရွယ်အိုနဲ့ မိန်းကလေးတွေပေါ့နော်။ ထန်တလန်ဘက်မှာ ၆၀၀၊ ၇၀၀ ဝန်းကျင်ပေါ့နော်။ သူတို့က ထန်တလန်မှာ ခနတိမ်းရှောင်တယ်။ တရွာကတော့ ၄၀၀ ဝန်းကျင်ပေါ့နော်။ အယောက် ၄၀၀ ဝန်းကျင်လောက်ကတော့ တောမှာပဲ အဲဒီလိုမျိုးစစ်ဘေးရှောင်တာပေါ့နော်။"

ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာ ခုလို အခြေအနေဖြစ်နေသလို ဟားခါးမြို့နဲ့ ဂန့်ဂေါမြို့ကြားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ မနေ့က တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ တိုက်ပွဲနဲ့ပတ်သက်လို့ ချင်းကာကွယ်ရေးအဖွဲ့ CDF-Hakha ပြန်ကြားရေး တာဝန်ရှိသူတဦးက ခုလိုပြောပါတယ်။
"မနေ့က နေ့ခင်းဘက်ပိုင်းမှာ ဒီ ဂန့်ဂေါလိုင်းပေါ့နော်။ ကီးနမ်နဲ့လမ်တွတ်ကျေးရွာကြားမှာ တိုက်ပွဲဖြစ်တယ်။ ဒီတိုက်ပွဲမှာက တပ်ဖက်ကလည် အနည်းဆုံး ၁၀ ယောက်လောက် သေဆုံးတာပေါ့။ ကျနော်တို့ဘက်ကကျတော့ ကံကောင်းထောက်မစွာနဲ့ ထိခိုက်ဒဏ်ရာမရှိဘူး။"
ဟားခါးမြို့ဘက် စစ်အင်အားဖြည့်ဖို့အတွက် ဂန့်ဂေါမြို့ကနေတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဟားခါးမြို့နဲ့မိုင် ၄၀ အကျော် ရွာတွေဘက်မှာ ချင်းကာကွယ်ရေးအဖွဲ့ဘက်က တိုက်ခိုက်တာလို့ဆိုပါတယ်။

ဟားခါးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်မှောက်စဉ်အတွင်း ဖမ်းဆီးခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့တောင်းဆိုချက်ကို စစ်ကောင်စီဘက်က မလိုက်လျောတဲ့အတွက် မေလ ၂ ရက်နေ့ကစပြီး ဟားခါးမြို့မှာ ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားခဲ့တာပါ။

ထန်တလန်နဲ့ဟားခါးမြို့နယ်တွေမှာဖြစ်ပွါးတဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများပြားတယ်လို့ ချင်းပြည်သူ့ကာကွယ်ရေး CDF ဘက်က ပြောပေမဲ့ ဗွီအိုအေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ တိုက်ပွဲဖြစ်စဉ်ကိုသိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့မရခဲ့ပါဘူး။
မင်းတပ်မြို့နယ်ဘက်မှာတော့ ဒီရက်ပိုင်း တိုက်ပွဲဖြစ်ပွါးတာမရှိပေမဲ့ နောက်ဆုံးဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရင်ထဲက နေရပ်စွန့်ထွက်ပြေးနေရတဲ့ ဒေသခံ သောင်းနဲ့ချီဟာ နောက်ထပ် နေရာသစ်တွေဆီ ထပ်မံတိမ်းရှောင်နေကြရပါတယ်။

.........................................................................

တိုက်ရိုက် လင့်ခ်



(Unicode)






XS
SM
MD
LG