သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သမ္မတ အနာဂတ် ခေါင်းဆောင်အစီအစဉ် ချင်းတိုင်းရင်းသူ တက်ရောက်


ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်းရဲ့ အနာဂတ်ခေါင်းဆောင် အစီအစဉ်ကို တက်ရောက်ခွင့်ရတဲ့ ချင်းတိုင်းရင်းသူ မချယ်ရီဇာဟောင်း။
ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်းရဲ့ အနာဂတ်ခေါင်းဆောင် အစီအစဉ်ကို တက်ရောက်ခွင့်ရတဲ့ ချင်းတိုင်းရင်းသူ မချယ်ရီဇာဟောင်း။

ပြင်သစ်သမ္မတ Francois Hollande ရဲ့ အာရှ ပစိဖိတ်ဒေသဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အပါအဝင် နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအတွက် ဘယ်လို အထောက်အကူ ပြုနိုင်မလဲဆိုတာတွေကို ဆွေးနွေးခွင့်ရခဲ့တယ်လို့ ချင်းတိုးတက်ရေး ပါတီရဲ့တွဲဖက်အတွင်းရေးမှူး (၃) မချယ်ရီဇာဟောင်းက ပြောပါတယ်။ ပြင်သစ်နိုင်ငံခြားရေး ဌာနရဲ့ အနာဂတ်ခေါင်းဆောင် အစီအစဉ်နဲ့ ဇွန်လ ၁၅ ရက် ကနေ ၂ဝ ရက်နေ့အထိ ပြင်သစ်နိုင်ငံကို သွားရောက်ခဲ့တဲ့ လေ့လာရေး ခရီးစဉ် အပြီးမှာ သူက အဲဒီလို ပြောကြားလိုက်တာပါ။ မချယ်ရီဇာဟောင်းရဲ့ ပြင်သစ်ခရီးစဉ်အကြောင်း ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းတဲ့အခါ သူက အခုလို စပြောပါတယ်။

ချယ်ရီဇာဟောင်း။ ။ ပြင်သစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာနကနေ နှစ်တိုင်း၊ နှစ်တိုင်း အနာဂတ်ခေါင်းဆောင်ပေါ့နော်- Future Leader ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံအသီးသီးက လူတဦးချင်းစီကို ဖိတ်လေ့ရှိတယ်။ မြန်မာနိုင်ငံကနေပြီးတော့ ကျမက လေးယောက်မြောက်ပေါ့နော်။ ဖိတ်ရခြင်း အကြောင်း ရင်းကတော့ ပြင်သစ်နိုင်ငံရဲ့ အစိုးရစနစ်တွေ၊ စီးပွားရေးစနစ်တွေ- သူတို့ဖိတ်တဲ့လူတွေထဲမှာ တချို့လူတွေကကျတော့ စီးပွားရေးလောကထဲကလူလည်း ဖြစ်ရင်ဖြစ်မယ်။ ပြီးလို့ရှိရင် နိုင်ငံရေးလောကထဲကလူ ဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ်ရင် အကယ်ဒမစ်ပေါ့နော်- တတ်သိပညာရှင်တွေလည်း ဖြစ်ရင်ဖြစ်မယ်။ အနုပညာသမားတွေလည်း ဖြစ်ရင်ဖြစ်မယ်။ အဲလို နိုင်ငံတနိုင်ငံမှာ လွှမ်းမိုးလာနိုင်တယ်လို့၊ အရေးပါလာမယ်လို့ သူတို့ ယုံကြည်ထားတဲ့ပုဂ္ဂိုလ်တွေကို သူတို့ဆီမှာ တပတ် study လုပ်ဖို့အတွက်ပေါ့နော်၊ ဖိတ်လေ့ရှိတယ်။

ဇော်ဝင်းလှိုင်။ ။..ဆိုတော့ သူတို့က ဘယ်လိုမျိုး သင်တန်းတွေ ပေးသလဲခင်ဗျ။ ဥပမာ - ဒီမှာဆိုလို့ရှိရင် မကြာသေးခင်က YSEALI ဆိုတဲ့ ပရိုဂရမ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေက လူငယ်ခေါင်းဆောင်တွေကို သမ္မတအိုဘားမားက ရွေးထုတ်ပြီးတော့ မြန်မာနိုင်ငံကလည်း လူငယ် ၁၀ ယောက် ပါတယ်ပေါ့နော်၊ ကဏ္ဍအသီးသီးနဲ့ခေါ်ပြီးတော့ ဒီမှာရှိတဲ့အစိုးရလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေကို သူတို့ သက်ဆိုင်ရာဘာသာရပ်အလိုက် လေ့လာခွင့်ရကြတယ်။ အခု မချယ်ရီသွားတဲ့ ပြင်သစ်နိုင်ငံက အစီအစဉ်ကကော အဲလိုမျိုး အလားသဏ္ဍန်တူသလား၊ ဘယ်လိုဟာတွေများ လေ့လာခွင့် ရပါသလဲ။

ချယ်ရီဇာဟောင်း။ ။ ဟုတ်ကဲ့။ သူတို့က ပရိုဂရမ်ကိုစပြီးတော့ ကျမကို လာဖိတ်တဲ့အချိန်မှာ ပထမဆုံး သူတို့မေးတာက ဘယ်သူတွေနဲ့တွေ့ချင်လဲ၊ ကျမ စိတ်ဝင်စားတဲ့လူတွေက ဘယ်သူတွေလဲ-ဆိုပြီးတော့ အရင်ဆုံးမေးတယ်ပေါ့နော်။ ဆိုတော့ ကျမက ပထမကျတော့ ပြင်သစ်အစိုးရကို အကြံပေး နေတဲ့ အဖွဲ့အစည်းတွေ၊ Institution တွေ၊ ပုဂ္ဂိုလ်တွေ၊ ဌာနတွေ၊ အဲဒါတွေကို တွေ့ချင်တယ်ပေါ့နော်။ ပြီးလို့ရှိရင် နိုင်ငံရေးပါတီတွေကို တွေ့ချင်တယ်၊ ပြီးလို့ရှိရင် အမျိုးသမီး ကျား-မတန်းတူရေးအတွက် လုပ်ဆောင်နေတဲ့ လူတွေ၊ ပြီးလို့ရှိရင် အကြမ်းဖက်မှုခံနေရတဲ့သူတွေ၊ ဒါမှမဟုတ် အဲလို ပြဿနာ ဖြစ်နေတဲ့ အမျိုးသမီးအုပ်စုတွေကို ဝန်ဆောင်မှုတွေပေးနေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ တွေ့ချင်တယ်ဆိုပြီးတော့ ကျမ အဲဒီ အဖွဲ့သုံးဖွဲ့ပေါ့နော်- အမျိုးအစားသုံးမျိုးနဲ့ တွေ့ချင်တယ်ဆိုပြီး ကျမပြောတော့ သူတို့တွေက စီစဉ်ပေးတယ်။ ဆိုတော့ ၁၅ ရက်နေ့ကနေ တောက်လျှောက် ၂၀ ရက်နေ့ အထိပေါ့နော်။ တနေရာကနေ တနေရာ သွားနေရတာပေါ့နော်။

ဇော်ဝင်းလှိုင်။ ။ တွေ့တဲ့အထဲမှာရော ဘယ်သူတွေ ပါပါသလဲခင်ဗျ။

ချယ်ရီဇာဟောင်း။ ။ တွေ့တဲ့အထဲမှာဆိုလို့ရှိရင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဌာနအသီးသီးကလူတွေလည်း ပါတယ်။ နိုင်ငံတကာ တိုးတက်ဖွံ့ဖြိုးမှု …International Development အဖွဲ့ထဲကလူတွေလည်း ပါတယ်။ ဌာနအသီးသီးမှာ အမျိုးသားနဲ့အမျိုးသမီး တန်းတူညီမျှမှုအတွက် Gender Equality လုပ်ဆောင်နေတဲ့ အတွင်းရေးမှူးတွေနဲ့လည်း တွေ့တယ်။ ပြီးတော့ သူတို့ခေါ်နေတဲ့ …. Junior woman minister ပေါ့နော် - အဲဒီ ဌာနက အမျိုးသမီးနဲ့ ပတ်သက်တဲ့ ဝန်ကြီးဌာနကလူတွေနဲ့လည်းတွေ့တယ်။ နောက် တယောက်က အရေးပါတဲ့ထဲမှာတွေ့တာက သူတို့နိုင်ငံရဲ့ လက်ရှိသမ္မတ ဖရန်ဆွာပေါ့နော်။ အာရှတိုက်ရယ်၊ ပစိဖိတ်ရယ်၊ အာဆီယံနဲ့ UN International တချို့၊ အဓိက ကတော့ အာရှတတိုက်လုံးမှာ သူ့ကို အကြံပေးနေတဲ့ အမျိုးသမီးနဲ့လည်း တွေ့ခဲ့တယ်ပေါ့။

ဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့၊ သမ္မတ ဖရန်ဆွာအော်လန်းရဲ့အကြံပေး။

ချယ်ရီဇာဟောင်း။ ။ ဟုတ်ကဲ့။

ဇော်ဝင်းလှိုင်။ ။ ဒီမှာ မချယ်ရီ ပြင်သစ်နိုင်ငံကိုမသွားခင် အဲလိုမျိုး အဖွဲ့ သုံးဖွဲ့ပေါ့နော်။ အဓိက က ဧရိယာ ၃ ခု၊ နေရာသုံးခုက တာဝန်ရျိတဲ့လူတွေ အဲဒီၤမှာ ထဲထဲဝင်ဝင်လုပ်ဆောင်နေတဲ့သူတွေကို တွေ့ချင်တယ်ဆိုတော့ ကိုယ့်မှာလည်း ရည်ရွယ်ချက်ရှိမှာပေါ့၊ ဥပမာ ဒီလူတွေနဲ့ ဘာကြောင့် တွေ့ချင်တယ်ဆိုတာ၊ ဆိုတဲ့အခါကျတော့ - သူတို့နဲ့တွေ့ပြီးတဲ့အခါကျတော့ကော ကိုယ် ဗမာပြည်မှာရှိတုန်းက မျှော်မှန်းထားတာနဲ့ သူတို့နဲ့ နဖူးတွေ့၊ ဒူးတွေ့ တွေ့ပြီး စကားပြောကြည့်ရတဲ့အခါမှာ ဘယ်လိုကွာခြားမှုရှိသလဲ၊ ကိုယ်ဖြစ်စေချင်တဲ့ဆန္ဒအတိုင်း ပြောဆိုဆွေးေါးခွင့် ရခဲ့သလား။ ကျေနပ်ခဲ့လား။

ချယ်ရီဇာဟောင်း။ ။ ဟုတ်ကဲ့။ အင်မတန်မှ ကျေနပ်ပါတယ်။ ကျမ မသွားခင်မှာ တွေ့ချင်တဲ့ ဝန်ကြီးဌာနကလူတွေနဲ့ကော၊ အစိုးရကော - ဥပမာ ဆိုလို့ရှိရင် ဝန်ကြီးတွေနဲ့ နီးနီးကပ်ကပ်အလုပ်လုပ်နေတဲ့လူတွေနဲ့ ကျမ တွေ့ခဲ့ရတယ် ဆိုတော့ သူတို့တွေက သူတို့ရဲ့ဝန်ကြီးတွေကို ဘယ်လို အကြံပေး သလဲဆိုတဲ့ဟာတွေ လေ့လာခဲ့ရတယ်ပေါ့နော်။ အဲဒါတွေကို ကျမလေ့လာချင်လို့ ဝန်ကြီးဌာနကလူတွေကိုလည်း ကျမ တွေ့ချင်တာဖြစ်တယ်။ နောက်ပြီး ရင် နိုင်ငံရေးပါတီမှာဆိုလို့ရှိရင် ကျမက ချင်းတိုးတက်ရေးပါတီရဲ့ တွဲဖက် အတွင်းရေးမှူး (၃) ပေါ့နော်၊ ပါတီတွေက ပြင်သစ်နိုင်ငံမှာ ဘယ်လိုမျိုး ရှင်သန် ခဲ့ကြသလဲ။ ဘယ်လိုမျိုးနဲ့ ပါတီ … ဒီလောက် အနှစ်တရာကျော်ပေါ့နော်၊ ဆိုရှယ်လစ်ပါတီဆိုလို့ရှိရင် နှစ် ၁၀၀ ကျော်နေပြီ။ အဲဒီ အနှစ်တရာကျော်ကို သူတို့ ဘယ်လိုမျိုးနဲ့ ရှင်သန်ခဲ့သလဲဆိုတဲ့ဟာတွေကို လေ့လာခဲ့တယ်ပေါ့။ အဲဒါတွေကို ကျမ လေ့လာချင်ခဲ့တာလည်း ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီ ပါတီတွေကို တွေ့ဖို့ တောင်းဆိုထားတာဖြစ်တယ်။ ပြီးရင် အမျိုးသမီးအုပ်စုတွေကို သူတို့ကကျတော့ အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ အမျိုးသမီးတွေ ရော၊ အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခြင်းခံနေရတဲ့ - အထူးသဖြင့် တခြားနိုင်ငံကနေ ပြင်သစ်နိုင်ငံပြောင်းလာတဲ့ မိသားစုတွေကို သူတို့ ဘယ်လိုမျိုး ဝန်ဆောင်မှုတွေပေးနေလဲ၊ ကူညီနေလဲဆိုတဲ့ဟာတွေကော။ ပြီးလို့ရှိရင် လမ်းပေါ်မှာ public transportation လို့ ပြောနေတဲ့ ပြည်သူသုံးနေတဲ့ ဘတ်စ်ကားတို့၊ ရထားတို့မှာ ဖြစ်ပျက်နေတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ဒါမှမဟုတ် အနှောင့်အယှက်ပေးမှုတွေကို သူတို့ ဘယ်လိုမျိုးနဲ့ ပြည်သူ လူထုကို အသိပညာပေးမှုတွေ လုပ်သလဲဆိုတဲ့ဟာတွေလည်း လေ့လာချင်တာလည်းပါတယ်။ ကျမက အမျိုးမျိုး အဲဒါတွေ လေ့လာချင်တဲ့ အခါကျတော့ သူတို့နဲ့တွေ့တဲ့အချိန်မှာ သူတို့ကလည်း စိတ်ရှည်လက်ရှည် ရှင်းပြတယ်။ သူတို့လုပ်နေတဲ့လုပ်ငန်းတွေကို အများကြီး ပြောပြသွားတယ်။ ဆိုတော့ အိုဒီယာအသစ်တွေ အများကြီးရလာပါတယ်။

XS
SM
MD
LG