ချင်းပြည်နယ် ဖလမ်းမြို့သိမ်းနိုင်ရေး ထိုးစစ်ဆင်နေတဲ့ ချင်းညီနောင်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ် တို့ကြား နှစ်ဘက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ တိုက်ပွဲအနီးအနားမှာရှိတဲ့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီဘက်က နေ့ရောညပါ လေကြောင်း အသုံးပြုပြီး အပြင်းအထန် ခုခံတိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေ မြို့လုံးကျွတ် ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။ ဖလမ်း တိုက်ပွဲနောက်ဆုံးရအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ချင်းပြည်နယ် ဖလမ်းမြို့မှာ ချင်းညီနောင်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က နေ့ရောညပါ လေကြောင်းအသုံးပြု အပြင်းအထန် ခုခံတိုက်ခိုက်နေတာလို့ အနီးအနားမှာရှိနေတဲ့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ ၉ ရက်နေ့ ၂၀၂၄ ကစလို့ ချင်းညီနောင်စစ်ဆင်ရေး စတင်ခဲ့ပြီး ဖလမ်းမြို့ သိမ်းတိုက်ပွဲ ဖြစ်ပွားလာတာ ဇန်နဝါရီ ၉ ရက် ၂၀၂၅ မှာ မနက်ဖြန်ဆိုရင် နှစ်လတိတိပြည့်ပြီးလို့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က မနေ့ညကအထိ လေ ကြောင်းအသုံးပြုပြီး အပြင်းအထန် ခုခံတိုက်ခိုက်နေတဲ့အကြောင်း အနီးအနားမှာရှိတဲ့ မြို့ခံတဦးက ခုလို ပြောပါတယ်။
“လက်နက်ငယ်လည်း ကြားတယ်။ လက်နက်ကြီးတွေလည်း ကြားတယ်။ လေယာဉ်၊ ဖိုက်တာလည်း လာတယ်၊ ပြီးတော့ Y-12 လား အဲ့ဒါလည်း ဗုံးလာကြဲတယ်။ မနေ့ညအထိ သန်ခေါင်းယံအထိ (ကြဲတယ်)။ သေနတ်သံ အော်တိုဆွဲတဲ့အသံတောင်ကြားတယ် ငါတို့ရွာကနေ။ ဒီနေ့တော့ တခါတလေကြားတယ်။ (သေနတ်သံ) နည်းနည်း သိပ်မများဘူး။ ဒီနေ့က တခါတော့ကြားတယ်။ လက်နက်ငယ်ကြားတယ်။ ဒီနေ့က လက်နက်ကြီးကမရှိတော့ဘူး။”
တိုက်ပွဲတွေကြား လက်နက်ကြီး၊လက်နက်ငယ်သံ ကြားနေရသလို လေယာဉ်ကပါ ကျေးရွာပေါ်မှာ ပျံဝဲနေတာကြောင့် ကလေးတွေ ကြောက်လန့်ပြီး ငိုယိုကြတဲ့အကြောင်း အနီးအနားမှာရှိတဲ့ မြို့ခံက ဆက်ပြောပါတယ်။
“ရွာအပေါ်ကနေ လေယာဉ်လာတဲ့အခါမှာ ကလေးတွေက ငိုကြတယ်လေ။ ဗုံးကြဲမှာကြောက်လို့ပေါ့၊ အောင်မလေး…ကြောက်တာပေါ့၊ ငါတို့က အကာအကွယ်လည်း မရှိဘူး၊ ရွာနားမှာပဲ ရှောင်တယ်၊ ပုန်းတယ်။ ပြီးတော့ အိမ်အောက်မှာ ပုန်းတယ်လေ။ ဗုံးကြဲမှာကြောက်လို့။ တခါတလေ ကျနော်တို့ ရွာနားထိလည်း လက်နက်ကြီးနဲ့ လာပစ်တယ်ဆိုတော့ တိုက်ပွဲရှိတဲ့အချိန်တော့ လန့်တာ နည်းနည်းကြောက်တာ။”
လတ်တလော ဖလမ်းမြို့တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ကို ဗွီအိုအေက ကြိုးစားဆက်သွယ်နေပါတယ်။ ဖလမ်းမြို့မှာတော့ စစ်ကောင်စီရဲ့ ဖလမ်းမြို့အခြေစိုက် အမှတ် (၂၆၈) ခြေလျင်တပ်ရင်းတခုသာ ကျန်ရှိတော့တယ်လို့ နောက်ထပ် ဖလမ်းမြို့ခံတဦးက ခုလို ပြောပါတယ်။
“လေယာဉ်နဲ့လည်း ဗုံးတွေချတယ်။ Y-12 ကနေ ဗုံးတွေ တအားချတယ်။ (စစ်ကောင်စီက) အပြင်ကနေလည်း ခုခံတယ်။ တပ်ကုန်းကနေလည်း လက်နက်ကြီးနဲ့ ပစ်တယ်။ (စစ်ကောင်စီစခန်း) တပ်ကုန်းတခုပဲ ကျန်တော့တယ်။ စကစက ၂၆၈ တပ်ရင်း တပ်ကုန်း အဲ့ဒီတခုပဲ ကျန်တယ်လေ။ အဲ့ဒါကို (ကာကွယ်ရေးတပ်က)သူတို့ဝိုင်းပစ်ကြတာပေါ့လေ။”
တိုက်ပွဲကြောင့် မြို့ခံတွေ မြို့လုံးကျွတ် ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီး စားရေးသောက်ရေးနဲ့ ဆေးဝါး အခက်အခဲ ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ရာသီဥတုအအေးဒဏ်ကြောင့် အသက်ကြီးရင့်သူနဲ့ ကလေးသူငယ်တွေ နှားစေး၊ ချောင်းဆိုး၊ ဖျားနားနေကြတယ်လို့ မြို့ခံက ပြောပါတယ်။
“ချောင်းဆိုးတာ ဖျားနားတဲ့သူတွေလည်းရှိတယ်။ ဆေးဝါးဝယ်စရာလည်းမရှိဘူး။ ဖလမ်းမှာ ဆေးဆိုင်လည်းမရှိတော့ဆိုတော့ ရှိတဲ့ဟာလေးနဲ့ ကိုယ့်ဟာကိုယ်ကုကြတာလေ။ စားတာသောက်တာနဲ့ ဆေးဝါးနဲ့ ခက်ခဲတယ်။”
စစ်ဘေးရှောင်အများစုက ဘေးလွတ်ရာမှာ အနေဆင်းရဲ အစားဆင်းရဲ အခက်အခဲကြုံနေရတဲ့အပြင် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးကာ စစ်သားသစ်စုစည်းမှုကြောင့် မလုံခြုံမှုတွေနဲ့ ခံစားနေကြရပြီး အကူအညီမျိုးစုံလိုအပ်နေတယ်လို့ ပြောဆိုကြပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ဆေးရုံကုန်းနေရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၄၅ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ လက်နက်ချ အညံ့ခံခဲ့ကြောင်း Chin Brotherhood က ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ချင်းညီနောင်အနေနဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်တဲ့အထိ ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Forum