သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်း ထန်တလန်မြို့ တမြို့လုံးနီးပါးတိမ်းရှောင်နေရ


ထန်တလန်မြို့အဝင်ဆိုင်းဘုတ်
ထန်တလန်မြို့အဝင်ဆိုင်းဘုတ်

Zawgyi/Unicode

စစ်ကောင်စီတပ်တွေနဲ့ CDF တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ထန်တလန်မြို့မှာ ဒေသခံတွေ ဟာ မြို့ကို စွန့်ခွာပြီး စစ်ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်နေရသလို အိန္ဒိယဘက်ကို တိမ်းရှောင်နေသူတွေလည်းရှိပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဟားခါးမြို့မှာဆိုရင်လည်း စစ်ကောင်စီက မြို့ပေါ်က နေအိမ်တွေကို ပြောင်းရွှေ့ခိုင်းတာတွေ ရှိပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်း ကိုငြိမ်းချမ်းကပြောပြပါမယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက် စနေနေ့က ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ထန်တလန် CDF/ Chin National Army တို့ ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်ခတ်တာတွေကြောင့် မြို့ပေါ်က နေအိမ် ၂၀ ခန့် မီးလောင်ခဲ့ပြီး မီးငြိမ်းသတ်ဖို့ သွားရောက်တဲ့ ဘာသာရေး သင်းအုပ်ဆရာတော်တပါး ကျည်ဆံထိမှန် သေဆုံးခဲ့ပါတယ်။

တိုက်ပွဲပြင်းထန်တာကြောင့် မြို့ပေါ်နေထိုင်သူတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ထန်တလန်မြို့မှာက ရွာပေါင်းက ၈၅ ၊ ၉၀ နီးပါးရှိတယ်။ ၉၅ ရာခိုင်နှုန်းလောက် စွန့်ခွါသွားကြပြီ။ ဒီနေ့ ထန်တလန်ကို ဖုန်းဆက်တော့ မထွက်သေးတဲ့ အိမ်ခြေက ၄ ၊ ၅ အိမ်ပဲ ကျန်တော့တာ။ အဲ့ဒီမှာပဲ စစ်ဘေးရှောင်အနေနဲ့ အိန္ဒိယပြည်ဘက်မှာ ပြေးတဲ့သူရှိတယ်။ အိန္ဒိယပြည်နဲ့နီးတဲ့ရွာဘက်မှာ သွားတဲ့သူလည်းရှိတယ်။ အမျိုးမျိုးပေါ့။ အဆင်ပြေသလို နေကြတာပေါ့။ စားဖို့ သောက်ဖို့ လောလောဆယ်တော့ ပါကြတယ်။ ဒါပေမယ့် တချို့ရွာတွေမှာသွားတော့ ရွာမှာက အိမ်ခြေက ၁၀၀ လောက်ရှိတယ်။ အဲ့ဒါ စစ်ဘေးရှောင်တွေက လူကများတော့ အဲ့ဒီမှာ ထင်းကလည်း မလောက်ဘူး။ ပြီးရင် ရေကလည်း တခါတလေကျ အဆင်မပြေဘူး။ မီးလည်း အဆင်မပြေဘူး။ ဖုန်းလိုင်းလည်း အဆင်မပြေဘူး။ အခက်အခဲမျိုးစုံတော့ ရှိတာပေါ့နော်။ အဲ့ဒီဘက်မှာ ဆေးဝါးတွေ ဘာညာမရှိဘူးပေါ့နော်။ သောက်ဆေးတွေ ဖြစ်ဖြစ် စားဆေးတွေဖြစ်ဖြစ် မရှိဘူး။ အဲ့ဒီမှာလည်း ဆရာဝန်တွေက မရှိဘူး။ အခြေအနေတွေက အဲ့လိုဖြစ်နေတာ။”

ထန်တလန်မြို့ဟာ အိမ်ခြေ ၁,၀၀၀ ဝန်းကျင်ခန့်ရှိပြီး လူဦးရေ ၁ သောင်းကျော်နေထိုင်တဲ့မြို့ဖြစ်ပါတယ်။ အခုအခါမှာတော့ မြို့ပေါ်နေထိုင်သူတွေအားလုံး စွန့်ခွါသွားပြီဖြစ်ပါတယ်။

စက်တင်ဘာ ၉ ရက်က CDF နဲ့ စစ်ကောင်စီတပ်တွေ မြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁၀ ရက်မှာတော့ ချင်းပြည်နယ် ထန်တလန်မြို့ လုံလဲရ်ကျေးရွာ မှာ ရှိတဲ့ စစ်ကောင်စီ အခြေစိုက် စခန်းတခုကို CNA နဲ့ CDF ထန်တလန်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ စခန်းကို မီးရှို့လက်နက်ခဲယမ်းတွေ ယူဆောင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ အသေအပျောက်ရှိခဲ့တာကြောင့် လေယာဉ်ပစ်ကူတွေပါ အသုံးပြုခဲ့တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက် ထန်တလန်မြို့ပေါ်မှာ အခုလိုတိုက်ပွဲတွေ ဆက် ဖြစ်ပွားလာတာပါ။

ထန်တလန်မြို့ပေါ်တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က အယောက် ၃၀ ခန့် သေဆုံးခဲ့တယ်လို့ CDF ဘက်က သတင်းထုတ်ပြန်ခဲ့ပြီးစစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ဒီကနေ့ စက်တင်ဘာ ၂၀ မှာတော့ ဟားခါးမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ဟားခါးမြို့ပေါ်က နေအိမ်အချို့ကို ပြောင်းရွှေ့ခိုင်းတာတွေရှိတယ်လို့ CDF ဟားခါးက တာဝန်ရှိသူ တဦးက အခုလိုပြောပါတယ်။

“ဟားခါးဘက်မှာလည်း ချင်းပြည်နယ် အစိုးရရုံးပေ့ါလေ။ လွှတ်တော်ရုံးတွေရဲ့ အောက်ဘက် အိမ်ခြေ ၄၅၀ နီးပါး လောက်ရှိမယ်။ သူတို့ကိုတော့ အတင်းအဓမ္မရွှေ့ခိုင်းတယ်။ တမြို့လုံးရွှေ့တာတော့ ဟားခါးမှာမရှိသေးဘူး။ အဲ့ဒါ အစိုးရရုံးရဲ့ အနောက်ဘက် ဘေးနားမှာရှိတဲ့ အိမ်တွေဆိုတော့လေ တကယ်လို့များ တခုခုဖြစ်ရင်တော့ ပစ်ခတ်တိုက်ခိုက်မှုတွေ လက်နက်ကြီးတွေကျမယ်ဆိုတဲ့ သဘော ပြည်သူတွေကို ကြောက်စိတ်ဝင်အောင် ခြိမ်းခြောက်တဲ့ သဘောဖြစ်တယ်။ အဲ့ဒါတွေက သူတို့အမျိုးတွေဆီမှာနေလိုက် တချို့က နေစရာအဆင်မပြေဘူး။ အဆင်ပြေသလိုနေကြတာပေါ့။”

တဆက်တည်းမှာပဲ စက်တင်ဘာ ၁၈ ရက် ညပိုင်းမှာလည်း ချင်းပြည်နယ် မြို့တော်ဖြစ်တဲ့ ဟားခါးမြို့ အစိုးရရုံးမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်တွေကို ဟားခါး CDF က ပစ်ခတ်ခဲ့ချိန် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ မြို့တွင်းကို ပစ်ခတ်လို့ နေအိမ် ၂ လုံး မီးလောင်ကျွမ်းခဲ့ပြီး အရပ်သား ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။


=======

တိုက်ရိုက် လင့်ခ်


Unicode













XS
SM
MD
LG