သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပက်လက်မြို့နယ်တွင်း ၁၀ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေ


စစ်ကောင်စီ တပ်တွေ ဝင်ရောက်မီးရှို့ခဲ့တဲ့ ကန်ပက်လက် မြို့တနေရာ
စစ်ကောင်စီ တပ်တွေ ဝင်ရောက်မီးရှို့ခဲ့တဲ့ ကန်ပက်လက် မြို့တနေရာ
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက်ရှိနေပြီးစစ်ရေးတင်းမာနေပါတယ်။ ဒေသတွင်းတိုက်ပွဲကြောင့် ကန်ပက်လက်နဲ့ အနီးဆုံးရှိတဲ့ မကွေးတိုင်း၊ ဆောမြို့နယ်ထဲမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေလည်း အကူအညီတွေလိုအပ် နေပါတယ်။ ချင်းပြည်နယ်က စစ်ရေးအခြေအနေနဲ့ မကွေးတိုင်းထဲက ဒုက္ခသည်အခြေအနေ သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်ပြောပြပါမယ်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တွေကြား ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်ကစလို့ တိုက်ပွဲတွေနေ့စဉ်ဖြစ်နေတာ ၁၀ ရက် နီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ဇူလိုင် ၂၄ ရက် မနက်ပိုင်းမှာလည်း စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
ဇူလိုင်၂၄ ရက် မနက်ပိုင်းက မကွေးတိုင်း၊ ဆောမြို့အနီး ကန်ပက်လက်မြို့လေယာဉ်ကွင်းအနီးတွေမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေး ဩတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ကန်ပက်လက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။
“မောချောင်းဆိုတာရှိတယ်။ မောချောင်းနဲ့ လှိုင်ဒုတ်ရွာသစ်ကြားမှာ ဖြစ်တယ်လို့သိရတယ်။ မနက်ပိုင်းမှာ နာရီတချက်ကျော်အကြာပေါ့နော်။ အဲ့ဒါက တခုပြီးတော့ နေပြည်တော်ကနေ အထူးရဲတွေဆိုပြီး (ကန်ပက်လက်မြို့မှာ) အင်အား ၁၀၀ လောက်လာချထားတာရှိတယ်။ အဲ့ဒါက အခု တပ်ချိန်းပြီးမှ ပြန်ထွက်လာတယ်ကြားတယ်။ မနေ့ကစထွက်လာတယ်။ စထွက်လာတော့ ချင်းကာကွယ်ရေး အဖွဲ့တွေနဲ့ ကန်ပက်လက် မင်းတပ် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ သူတို့ ထိတွေ့မှု တကြိမ်ဖြစ်တယ်။ ဒီတိုင်းဆိုတောက်လျှောက် ဖြစ်နေဦးမယ့်သဘောရှိတယ်။”
စစ်တပ်ဟာ မကွေးတိုင်း ဆောမြို့နယ်ကနေတဆင့် စစ်ယာဉ်တန်းတွေနဲ့ ကန်ပက်လက်မြို့နယ်ထဲကို ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းနေတာဖြစ်သလို ကန်ပက်လက်မြို့မှာရှိတဲ့ စစ်ကြောင်းကလည်း နယ်မြေရှင်းလင်းတာ ဖြစ်တဲ့အတွက် လက်ရှိကန်ပက်လက်မြို့နယ်တွင်းမှာ စစ်ကောင်စီစစ်ကြောင်း ၂ ခု ရှိနေတယ်လို့ သိရပါတယ်။
မကွေးတိုင်းကနေ ထွက်ခွါလာတဲ့ စစ်တပ် စစ်ယာဉ်တန်းမှာ လူတင်ယာဉ်တွေအပြင် သံချပ်ကာ ကား ၂ စီးနဲ့ မြေတူးစက်တွေလည်း ပါဝင်ပြီး ရိက္ခာလာပို့တာဖြစ်နိုင်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ယူဆနေပါတယ်။
စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်တာ ၁၀ ရက်နီးပါး ရှိနေပြီဖြစ်တဲ့အတွက် ကန်ပက်လက်မြို့ နယ်ထဲက ဒေသခံတွေအပြင် ဆောမြို့နယ်ထဲက ဒေသခံအများအပြားလည်း စစ်ဘေးတိမ်းရှောင်ရပြီး အကူအညီတွေ လိုအပ်နေပါတယ်။
စစ်ဘေးရှောင်အခြေအနေနဲ့ ပတ်သက်လို့ ဆောမြို့နယ် လူသားစာနာကူညီမှုပိုင်း တာဝန်ခံဆောင်ရွက်နေ သူက အခုလို ပြောပါတယ်။
“စစ်ဘေးရှောင်တွေက ဆောဘက်မှာ ပုံနေတာပေါ့ များနေတာပေါ့။ ချင်းနဲ့ဆောဘက်မှာ တိုက်ပွဲကဖြစ် သွားတာ ၃ ကြိမ် ဖြစ်သွားတဲ့အခါကျတော့ အဲ့နားလေးရွာ ၇ ရွာကလည်း ဆောဘက်ကို ကူးလာတာ ဆိုတော့ စစ်ဘေးရှောင်တွေက အများကြီးရှင့်။ ရွာလုံးကျွတ်ရှောင်ရတာ ၅ ရွာ ၈ ရွာဆိုတော့ ၁၃ ရွာမှာ လူဦးရေက ၃ ထောင်ကျော်လောက်”
ကန်ပက်လက်မြို့ဘက်ကစစ်ဘေးရှောင်တွေအပြင် ဆောဘက်က စစ်ဘေးရှောင်တွေပါ အရေးပေါ် မိုးကာနဲ့ အစားအစာ တွေလိုအပ်နေပါတယ်။ ကန်ပက်လက်မြို့အတွင်းမှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ် ဖွဲ့တွေတိုက်ပွဲအတွင်း ၂ ဖက် အကျအဆုံးသေဆုံးထိခိုက်တာတွေရှိတဲ့အထိ ပြင်းထန်နေတာပါ။

စစ်တပ်ဘက်က ဇူလိုင် ၁၈ ရက်က တိုက်ပွဲဖြစ်တဲ့နေရာတွေအနီးကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက် တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီဖက်ကတော့ တိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG