ဖွံ့ဖြိုးတိုးတက်မှု နောက်ကျပြီး လမ်းပမ်းဆက်သွယ်ရေးနဲ့ ဘာသာစကား အခက်အခဲရှိတဲ့ ချင်းပြည်နယ်ထဲမှာ တီးတိန်စာပေနဲ့ သတင်းစာ ထုတ်ဝေခွင့်မပြုတာဟာ ချင်းပြည်နယ် အစိုးရဘက်က တိုင်းရင်းသားစာပေ အခွင့်အရေးကို ချိုးဖောက်ပြီး သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင် တာဖြစ်တယ်လို့ ချင်းမီဒီယာသမားတွေက ပြောဆိုလိုက်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန် မဲဆန္ဒရှင်ချင်းပြည်သူတွေအတွက် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဆောင်ရွက်မှု သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်ရေး ချင်းပြည်နယ်အတွင်း သတင်းမီဒီယာတွေရဲ့ကြိုးပမ်းနေမှုကိုလည်း အဟန့်အတားဖြစ်စေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။
ဘာသာစကားမျိုးခွဲ များစွာရှိနေတဲ့ ချင်းပြည်နယ်တွင်း တိုင်းရင်းသားမျိုးနွယ်စုကြား စိတ်ဝမ်းကွဲမှုဖြစ်စေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တီးတိန် (ZOLAI) ဘာသာစကားနဲ့ သတင်းစာ ထုတ်ဝေခွင့်မပြုတာဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ချိုးဖောက်တာပဲဖြစ်တယ်လို့ ချင်းသတင်းသမားတွေ စုဖွဲ့ထားတဲ့ ချင်းမီဒီယာကွန်ယက် ပညာပေးဒါရိုက်တာ ဆလိုင်းမန်ဟရဲလျန်က က ပြောဆိုလိုက်ပါတယ်။
“ချင်းပြည်နယ်မှာ လူမျိုးအရတော့ ကျနော်တို့က တော်တော်ကွဲပြားတာပေါ့နော်၊ ဆိုတော့ - မြို့နယ် တမြို့နယ်နဲ့တမြို့နယ် ဘာသာစကား နားလည်မှုဆိုတာ ကျနော်တို့ လမ်းပန်းဆက်သွယ်ရေးကြောင့်ပဲဖြစ်ဖြစ်၊ ကျနော်တို့ရဲ့ တိုင်းရင်းသားဘာသာစာပေနဲ့ သင်ကြားခွင့်မရှိတဲ့ အခါကျတော့ ကိုယ့်မျိုးနွယ်စကားကိုပဲ ပိုပြီး နားလည်မှုရှိကြတယ်။ သူတို့မျိုးနွယ်စာပေနဲ့ သတင်းတွေမရှိဘူး၊ စာပေတွေ မရှိဘူးဆိုရင် အဲဒီမျိုးနွယ်စုတွေက သတင်းတွေ မရနိုင်တော့ဘူး။ ချင်းပြည်နယ် network အနေနဲ့ကတော့ မျိုးနွယ်စုတိုင်းရဲ့ဘာသာစာပေတွေကို အစိုးရအနေနဲ့ ခွင့်ပြုသင့်တယ်၊ လုပ်ဆောင်ပေးသင့်တယ်။ ချင်းလူထုတွေထဲ စိတ်ဝမ်းကွဲပြားမယ်ဆိုတဲ့ သူတို့ရဲ့အကြောင်းပြချက်ကို ကျနော်တို့အနေနဲ့ နားမလည်နိုင်ဘူး။ ပြည့်စုံတဲ့အကြောင်းပြချက်လို့ ကျနော်တို့က မမြင်ဘူးပေါ့။”
မြန်မာနိုင်ငံမှာ လက်ရှိပြဋ္ဌာန်းကျင့်သုံးနေတဲ့ ၂၀၀၈ အခြေခံဥပဒေပါ နိုင်ငံသားတိုင်း မိမိရဲ့စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အခွင့်အရေးကို လွတ်လပ်စွာ ပျိုးထောင်ခွင့်ဆိုင်ရာ အခွင့်အရေးရှိတယ်တဲ့အတွက် အစိုးရအနေနဲ့ တိုင်းရင်းသားတွေရဲ့ စာပေ၊ ယဉ်ကျေးမှုကို ကန့်သတ် ချုပ်ချယ်မှုမပြုဘဲ တိုင်းရင်းသားဘာသာ၊ စာပေအဆင့်အတန်းကို တန်ဖိုးထား မြှင့်တင်အားပေးဆောင်ရွက်မှု လုပ်သင့်ပါတယ်လို့ ချင်းမီဒီယာ ကွန်ယက်က ပြောပါတယ်။
“ပုဒ်မ ၃၆၅ မှာ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားဘာသာစကားတွေကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတွေအနေနဲ့ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ပေးမယ်၊ ဆောင်ရွက်ပေးမယ်၊ ကူညီပေးမယ်ဆိုတာ ပါတာပေါ့နော်။ ဒါပေမယ့် အကူအညီမပေးရုံသာမဟုတ်ဘဲနဲ့ ပိတ်လည်းပိတ်တယ်၊ ...က လုပ်တာ အခု တရားဝင်မှတ်ပုံတင်တာလည်း ခွင့်မပြုဘူးဆိုတာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း ဆန့်ကျင်တယ်၊ ပြီးတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ၊ သတင်းမီဒီယာလွတ်လပ်ခွင့်တွေကိုလည်း သူတို့အနေနဲ့ ကန့်သတ်တာ ဖြစ်တယ်၊ ချိုးဖောက်တာဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ မြင်တယ်။”
ချင်းပြည်နယ် အစိုးရအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလမတိုင်မီ ၂၀၁၅ ကာလအတွင်းနဲ့ ရွေးကောက်ပွဲကာလအလွန်တွေမှာ ရွေးကောက်ပွဲ ဆိုင်ရာ သတင်းအချက်အလက်တွေ ချင်းပြည်သူတွေအချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့ ချင်းမီဒီယာတွေနဲ့ ပူးပေါင်း လုပ်ဆောင်သင့်ပါကြောင်း လည်း ချင်းသတင်းသမားတွေဘက်က အကြံပြုပါတယ်။
“မျိုးနွယ်စာပေနဲ့ထုတ်ဝေတဲ့ မီဒီယာတိုင်းမှာ ဘယ်လိုမဲပေးရမလဲ၊ ဘယ်လို မဲ ထည့်ရမလဲဆိုတာတွေကို ပညာပေးတွေကို ထည့်ပေးပါလို့လည်း ရွေးကောက်ပွဲကော်မရှင်က ပြောတာရှိတယ်။ အများအားဖြင့် ချင်းပြည်နယ်မှာ ဗမာစကား နားမလည်ကြဘူး။ ရွာတွေမှာလည်း နယ်ဘက်မှာဆိုရင်တော့- သူတို့အနေနဲ့ မဲပေးနိုင်တာလည်း သူတို့မသိဘူး၊ ဘယ်လို မဲပေးခွင့်ရှိလဲ သိနိုင်ဖို့အတွက်တော့ မီဒီယာ အဓိက အရေးကြီးတာပေါ့။ ..ဆိုတော့ အဲလို မီဒီယာတွေကို ထုတ်ဝေခွင့်မပေးဘူးဆိုရင်တော့ ချင်းပြည်သူလူထုတွေအနေနဲ့ တော်တော်လေးကို ဒုက္ခရောက်မယ်၊ တော်တော်လေးကို ရွေးကောက်ပွဲလုပ်တဲ့နေရာမှာ အခက်အခဲကြုံမယ်လို့ ယူဆတယ်။”
တီးတိန်ဘာသာစကားကို သုံးစွဲနေတဲ့ ချင်းတိုင်းရင်းသားတွေ အများအပြားရှိနေတဲ့ ချင်းပြည်နယ်ထဲမှာ အခုလို တီးတိန်စာပေ ထုတ်ဝေတဲ့ အတွက် လူမျိုးနွယ်စုကြား စိတ်ဝမ်းကွဲမှုဖြစ်စေပါတယ်ဆိုတဲ့ ပြည်နယ်အစိုးရရဲ့ အကြောင်းပြချက်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ ချင်း တိုင်းရင်းသူ သတင်းထောက်မအိမ့်ခိုင်ဦးက ဆိုပါတယ်။
“ကိုယ့်မျိုးနွယ်စုဘာသာနဲ့ကိုယ်ထုတ်ထားခြင်းအားဖြင့် ကိုယ့်မျိုးနွယ်စုကို ပြန်ပြီး Information ပေးတာပဲ၊ သတင်းသမားရဲ့သဘောအရရော၊ ကိုယ့်လူထုပေါ့၊ ကိုယ့်ပရိသတ်ပေါ့။ ကိုယ့်ပရိသတ်ကိုယ်ရှာပြီးပေးရမှာပဲလေ။ ကိုယ့်ပရိသတ်က တီးတိန်လူထုဆိုရင် တီးတိန်လူထုဆီတော့ ရောက်အောင်ပေးရမှာပဲ၊ ကိုယ့်အချင်းချင်းထဲမှာ သတင်းမီဒီယာ ပြန့်နှံ့ချင်တယ်ဆိုတာလေး တခုတည်းပဲ ကျနော်တို့ပြည်နယ်အတွက်က ဒါ အင်အားတခုဖြစ်တယ်။ စိတ်ဝမ်းကွဲစရာလည်း အကြောင်းမရှိဘူး။ ဒါက သိပ်ပြီးအဓိပ္ပာယ်မရှိတဲ့ reason လို့ပဲ မြင်တယ်ပေါ့နော်၊ ဘာမှ အခြေအမြစ် သိပ်မရှိဘူး။ ပိတ်ခိုင်းတယ်ဆိုတာက ဘာသာစကားကိုလည်း ပိုပြီး ပိတ်လိုက်သလိုဖြစ်တယ်။ မီဒီယာကိုလည်း ကန့်သတ်လိုက်သလို ရှိတယ်လို့ ကျနော်ကမြင်တယ်။”
ပြီးခဲ့တဲ့ မေလ (၁၉) ရက်နေ့ ကကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ချင်းပြည်နယ် မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးနိန်း ခမ်း ပေါင်က ချင်းတိုင်းရင်းသား တီးတိန်လူမျိုးနွယ်စု (ZOLAI) စာပေနဲ့ သတင်းစာ ထုတ်ဝေခွင့် ပြုမပြုဆိုတဲ့ မေးခွန်းအပေါ် ချင်းပြည်နယ် အစိုးရရဲ့ အကြံပြုချက်အရဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးပိုက်ထွေးက တိုင်းရင်းသားမျိုးနွယ်စုများကြား စိတ်ဝမ်းကွဲမှု ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထုတ်ဝေခွင့်မပေးတဲ့အပေါ် ချင်းသတင်းသမားတွေစုဖွဲ့ထားတဲ့ ချင်းမီဒီယာကွန်ယက်က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်လိုက်တာဖြစ်ါပတယ်။