သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်း အမျိုးသားနေ့များ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်စေလို


တိုင်းရင်း အမျိုးသားနေ့များ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်စေလို
တိုင်းရင်း အမျိုးသားနေ့များ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်စေလို

မြန်မာနိုင်ငံတွင်း လွတ်လွတ်လပ်လပ်ကျင်းပခွင့်မရတဲ့ မွန်အမျိုးသားနေ့နဲ့ ချင်းအမျိုးသားနေ့တွေကို ပြည်ပရောက် တိုင်းရင်းသားတွေက သူတို့ရောက်ရှိရာဒေသတွေမှာ စုစည်းကျင်းပခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင်း တိုင်းရင်းသားအချင်းချင်း အပြန်အလှန်လေးစားတန်ဖိုးထားနိုင်ဖို့ ဒီလိုအမျိုးသားနေ့တွေကို တရားဝင် ရုံးပိတ်ရက်မျိုး ဥပဒေပြဋ္ဌာန်းသင့်တယ်လို့ တိုင်းရင်းသားတွေက ယူဆပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြထားပါတယ်။

ဖေဖဝါရီလ ၁၉ ရက်နေ့ဟာ (၆၄) နှစ်မြောက် မွန်အမျိုးသားနေ့ဖြစ်ပြီးတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကတော့ (၆၃) ကြိမ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာတော့ ဒီအမျိုးသားနေ့ နှစ်ရက်စလုံး ကျင်းပဖို့ ကန့်သတ်မှုတွေအမျိုးမျိုးနဲ့ ကြုံနေရပါတယ်။ မြန်မာနိုင်ငံ မွန်ပြည်နယ်အတွင်းမှာ မွန်အမျိုးသားနေ့ကို မနေ့က လုပ်ခဲ့ကြပေမဲ့ အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုနဲ့ တင်းကျပ်မှုတွေ အတော်များများ ကြုံခဲ့ရတယ်လို့ မွန်အမျိုးသားတဦးဖြစ်တဲ့ နိုင်ယက္ခက ပြောပါတယ်။

“လုပ်တော့ လုပ်တယ်။ ဒါပေမဲ့ အခမ်းအနားမိန့်ခွန်းတို့ဘာတို့ ပြင်ဆင်စာ ကြိုတင်ရတယ်။ မြို့နယ်ဆိုရင် မြို့နယ်အဆင့်၊ ပြည်နယ်မှာ ပြည်နယ်အဆင့်၊ ကျေးရွာလည်း ကျေးရွာအဆင့် လူကြီးတွေပြောမယ့် မိန့်ခွန်းတွေ သူတို့ကို တင်ပေးရတယ်။”

မွန်အမျိုးသားနေ့ဆိုတာကတော့ ဟံသာဝတီ မွန်တိုင်းပြည် ထူထောင်ခဲ့တဲ့နေ့ကို အစွဲပြုပြီး မွန်ခေါင်းဆောင် တွေက လွန်ခဲ့တဲ့ (၆၄) နှစ်ကစပြီး သတ်မှတ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဖို့ဒ်ဝိန်းမြို့ မှာတော့ အမေရိကန်စံချိန် အခုညပိုင်းမှာ နိုင်ယက္ခဦးဆောင်ပြီးတော့ မွန်အမျိုးသားနေ့ကို ကျင်းပပါတယ်။ မွန်ယဉ်ကျေးမှုစာပေအကြောင်းဟောပြောပွဲ၊ ယဉ်ကျေးမှုအကနဲ့ မွန်အမျိုးသားနေ့ အခမ်းအနားတွေကို နိုင်ငံရေးအသွင်ဆောင်ပြီး ကျင်းပကြပါတယ်။ တချိန်တည်းပဲ အမေရိကန်စံချိန် အခုညပိုင်းမှာ ဝါရှင်တန်ဒီစီ အနီးမှာ ချင်းအမျိုးသားနေ့ကိုလည်း ကျင်းပပြုလုပ်ပါတယ်။

မွန်လူမျိုးတွေဟာ တချိန်က ကိုယ့်ထီးကိုယ့်နန်း ရပ်တည်ခဲ့တယ်ဆိုတာကို အမှတ်ရစေဖို့ မွန်အမျိုးသားနေ့ကို ကျင်းပကြတာဖြစ်ပေမဲ့ ချင်းအမျိုးသားနေ့ ဆိုတာကတော့ ချင်းပြည်မှာ ပဒေသရာဇ်စနစ်ကို အဆုံးသတ်ပြီး
ဒီမိုကရေစီစနစ်ထူထောင်တဲ့ အထိမ်းအမှတ်ဖြစ်တယ်လို့ ဝါရှင်တန်ဒီစီ ချင်းအမျိုးသားနေ့ကို ဦးဆောင် ကျင်းပသူ ဦးတလျာဟူးက ပြောပါတယ်။ ဒီလိုနေ့မျိုးကို နိုင်ငံတော်အာဏာပိုင်အစိုးရအနေနဲ့ တရားဝင် ရုံးပိတ်ရက် လို နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ပေးသင့်တယ်လို့ ပြောပါတယ်။

“ချင်းအမျိုးသားနေ့ကို ၁၉၅၁ ခုနှစ်မှာ စကျင်းပတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် တက်ရောက် အသိအမှတ်ပြုခဲ့တယ်။ ဒါပေမဲ့ စစ်တပ်လက်ထက်မှာ ချင်းအမျိုးသားနေ့အဖြစ်နဲ့ မကျင်းပရဘူး။ ၁၉၇၄ ခုနှစ်မှာ ပြည်နယ်အဆင့် သတ်မှတ်တဲ့အတွက် ပြည်နယ်နေ့အဖြစ် ကျင်းပရမယ်လို့
သတ်မှတ်ပေးတယ်။ အင်မတန်အရေးကြီးတဲ့ အမျိုးသားနေ့ကို အမှန်ကတော့ ဥပဒေ တခုအနေနဲ့ ပြဋ္ဌာန်း ပေးရမယ်။ တရားဝင် အစိုးရအားလပ်ရက်အဖြစ် သတ်မှတ်ပေးရမယ်။ အများကြီး စဉ်းစားသင့်တယ်။ ပြည်တွင်းမှာ တိုင်းရင်းသားအချင်းအချင်း တယောက်နဲ့တယောက် အသိအမှတ်ပြုပြီးတော့ လေးစားရမယ်။ အဲဒါမှသာလျင် ခိုင်မြဲတဲ့ ငြိမ်းချမ်းမှုတို့တိုးတက်မှုတို့ ဖြစ်လာမယ်။”

ဝါရှင်တန်ဒီစီ ဧရိယာမှာလုပ်တဲ့ ချင်းအမျိုးသားနေ့မှာတော့ ရိုးရာအစားအစာနဲ့ ပစ္စည်းဈေးရောင်းပွဲနဲ့အတူ ယဉ်ကျေးမှုကပွဲကိုလည်း လုပ်ခဲ့ပါတယ်။ တိုင်းရင်းသား အမျိုးသားတရပ်တည်ရှိမှုဆိုတဲ့ အဓိပ္ပါယ်ဟာ စာပေ ယဉ်ကျေးမှု ဘာသာစကား ဓလေ့ထုံးစံ နှစ်ကာလရှည်ကြာ အခိုင်အမာရှိတဲ့ လူယဉ်ကျေးမှုတရပ် ဖြစ်ပါတယ်။ အမျိုးသားနေ့ကို ကျင်းပရတာဟာ ဒီလို ရိုးရာ ယဉ်ကျေးမှု စာပေ ဓလေ့တွေကို ပြန်လည်ဖော်ထုတ်ဖို့ ကြိုးပမ်းကြရတာဖြစ်တယ်လို့ တိုင်းရင်း အမျိုးသားနေ့ ကျင်းပသူတွေက ပြောပါတယ်။ ဒီလို ယဉ်ကျေးမှု စာပေတွေ ဖိနှိပ်ခံရတာကြောင့် အမျိုးသားတရပ် တိမ်ကောပျောက်ကွယ်သွားမှာကိုလည်း စိုးရိမ်တယ်လို့ မွန်အမျိုးသား နိုင်ယက္ခက ပြောပါတယ်။

“အမျိုးသားနေ့ရယ်၊ ယဉ်ကျေးမှုရယ်၊ လူမျိုးတမျိုးရဲ့ စာပေယဉ်ကျေးမှုရယ်က အရှည်သဖြင့် တည်တံနိုင်ဖို့ အထူးသဖြင့် အာဏာပိုင်တွေနဲ့ နိုင်ငံရေးအခြေအနေအပေါ် အများကြီးမူတည်တယ်။ အမျိုးသားနေ့ကိုလုပ်ရင်
အဖမ်းခံရမယ်၊ စာပေ ယဉ်ကျေးမှု မွန်အမျိုးသားအကြောင်းတွေပြောရင် စောင့်ကြည့်နေတဲ့သူတွေရှိတယ်။ အဲလိုမျိုးတွေလုပ်ရင် တချိန်ချိန်မှာ ကျနော်တို့ လူမျိုးက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တိမ်ကောသွားမှာ ပပျောက် သွားမှာပဲ။”

မွန်အမျိုသားနေ့နဲ့ ချင်းအမျိုးသားနေ့တွေကို မွန်နဲ့ ချင်းတိုင်းရင်းသားတွေ ရှိကြတဲ့ အမေရိကန် ပြည်ထောင်စု က ပြည်နယ်တွေနဲ့ ဥရောပတိုင်းပြည်တွေမှာလည်း ကျင်းပခဲ့ကြပါတယ်။

XS
SM
MD
LG